နမ့်ဆန်မြို့နယ်တွင် ကုန်တင်ယာဉ်တစ်စီး တိမ်းမှောက်ရာမှ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရ
နမ့်ဆန်၊ ဧပြီ ၂၆ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ နမ့်ဆန်ခရိုင်၊ နမ့်ဆန်မြို့နယ်၊ ဟိုလပ်ကျေးရွာအနီးတွင် ကုန်တင်ယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွားရာမှ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ဖြစ်စဉ်မှာ ဧပြီလ (၂၃) ရက်နေ့ နံနက် (၇:၀၀) နာရီအချိန်ခန့်တွင် လားရှိုးမြို့မှ မန္တလေးမြို့သို့ လူသုံးကုန်ပစ္စည်းများ တင်ဆောင်ပြီး မောင်းနှင်လာသော ကုန်တင်ယာဉ်သည် ဟိုလပ်ကျေးရွာအနီးရှိ ကုန်းအဆင်းတွင် ရောက်ရှိစဉ် ဘရိတ်ပေါက်ကာ လမ်းဘေးရှိ လက်ဖက်ခြံအတွင်းသို့ တိမ်းမှောက်သွားခဲ့ခြင်းဖြစ်သည်။
ထိုယာဉ်ပေါ်တွင် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် (၁)ဦးပါရှိပြီး ယာဉ်တိမ်းမှောက်ချိန်တွင် ယာဉ်နောက်လိုက်သည့် အမျိုးသားသည် ကားပေါ်ခုန်ချကာ ဘေးကင်းခဲ့သော်လည်း ယာဉ်မောင်းဖြစ်သူ အသက် (၂၂) နှစ်အရွယ် ဟိန်းထက်စိုး၏ ခေါင်း၊ လက်နှင့် မေးစေ့တို့တွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ပြီး လက်ရှိတွင် ဆေးကုသမှု ခံယူလျက်ရှိသည်။
ထို့အပြင် ပြီးခဲ့သည့် ဧပြီလ (၁၁) ရက်နေ့တွင်လည်း ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာဒေသရှိ ပန်ဂျရော့ပ်ကုန်းအဆင်း၌ ခရီးသည်တင်ယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ ခရီးသည် (၁၈) ဦး ထိခိုက်ဒဏ်ရာရရှိပြီး (၅) ဦး သေဆုံးခဲ့သည်။
ဒေသအတွင်း လစဉ် ယာဉ်တိုက်မှုနှင့် ယာဉ်တိမ်းမှောက်မှုများ မကြာခဏ ဖြစ်ပွားလျက်ရှိသဖြင့် ပြည်သူများအနေဖြင့် လမ်းအသုံးပြုရာတွင် အထူးသတိပြုကြရန် လိုအပ်ကြောင်းနှင့် ယာဉ်မောင်းများအနေဖြင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို တိတိကျကျ လိုက်နာကာ ယာဉ်များကို အချိန်မှန် စစ်ဆေးထိန်း သိမ်းမောင်းနှင်ကြရန် လိုအပ်ကြောင်း တိုက်တွန်းပါသည်။
Website Official
www.taangland.org
Telegram Official Channel
https://t.me/taangtv2023
YouTube Official
https://www.youtube.com/@pslftnlanews
Telegram Link – Ta’ang TV
https://t.me/TaangTV
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ