1793

ကွတ်ခိုင်အခြေအနေနှင့်ပတ်သက်၍ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA၏ အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော်နှင့် ဧရာဝတီသတင်းဌာနမှ မြန်မာပိုင်း အယ်ဒီတာ ကျော်ခတို့၏ ဆက်သွယ်မေးမြန်းခြင်း

ဒေသတွင်းသတင်း / ဒေသတွင်း
15 March 2026

ကွတ်ခိုင်အခြေအနေနှင့်ပတ်သက်၍ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA၏ အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော်နှင့် ဧရာဝတီသတင်းဌာနမှ မြန်မာပိုင်း အယ်ဒီတာ ကျော်ခတို့၏ ဆက်သွယ်မေးမြန်းခြင်း

 

မေး။ ။ ဒီကွတ်ခိုင်မြို့ကို ဒီလိုမျိုးစစ်ဆင်ရေးတွေနဲ့ ဖြစ်လာတဲ့အခြေအနေထိ ရောက်သွား ရတဲ့အခြေအနေပေါ့လေ။ ဘာကြောင့် ဒီလိုမျိုးအခြေအနေထိ ရောက်သွားရတာလဲဆိုတာ အရင်ဆုံးသိရပါစေခင်ဗျာ။

ဖြေ။ ။ ဒီလိုအခြေအနေ အဓိကရောက်လာတဲ့အကြောင်းအရင်းကတော့ ကျနော်တို့ ညီနောင်မဟာမိတ် နှစ်ဖက်အဖွဲ့အစည်းနိုင်ငံရေးရည်မှန်းချက်တွေက အရမ်းကြီးမာလွန်တယ်။ အဲကြီးမာတဲ့ဟာ နှစ်ဖက်ထိပ်တိုက်တိုးပြီးတော့မှ ညှိနှိုင်းအဖြေရှာဖို့ အားနည်းကျတဲ့အခါမှာ အင်းအားသုံးဖြေရှင်းတဲ့ အမူအကျင့်တွေ အလေ့အထတွေကြောင့် ဒီလက်နက်ကိုင်ဖြေရှင်တဲ့အဆင့်ကို MNDAAက ရွေးချယ်လိုက်လို့ ကျနော်တို့ ဒီကနေ့ လက်နက်ကိုင်ဖြေရှင်းရတဲ့အခြေအနေဆိုးကို ရောက်လာရတာဖြစ်ပါတယ်။

မေး။ ။ ဟုတ်ကဲ့ လက်ရှိအခြေအနေကကျတော့ အပြန်အလှန်ပစ်ခတ်နေတဲ့အခြေအနေမျိုးလား။ ဘယ်လိုပုံစံမျိုးလဲပေါ့လေ။ TNLAဘက်က ပြောတာတွေ ကျနော်တို့သိချင်ပါတယ်။

ဖြေ။ ။ ဟုတ်ကဲ့ပါ အခုတော့ လက်ရှိ တချို့နေရာမှာ အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်နေပြီး ပြောလို့ရပါတယ်။ ကနဦးကတော့ ကျနော်တို့ (၁၄)ရက်နေ့ ဒီမနက်ခင်းအစောမှာ ကွတ်ခိုင်မြို့တွင်းရဲ့ ပတ်ဝန်းကျင်းတော်‌တော်များများမှာတော့ ဒီမဟာမိတ်ကိုးကန့်တပ်ဖွဲ့က လက်နက်ငယ်စက်လက်တွေ လွိုင်ဆမ်ဆစ်တို့ဘက်စသဖြင့် ကျနော်တို့ မြို့အဝင်တွေမှာ ဒရုန်းတွေနဲ့ စပြီပစ်တယ်။ ကျနော်တို့ မြို့ထဲမှာဆိုရင်လည်း ဒုက္ခသည်နဲ့ ကျနော်တို့သင်တန်းကျောင်းတွေရှိတဲ့ စစ်တပ်ဝန်းနေရာကို သူတို့ဒရုန်းတွေကြဲချတယ်။ ပတ်ဝန်းကျင်းတော်တော်များများကို သူတို့ဒရုန်းတွေ စပြီးကြဲတာပေါ့။ ကျနော်တို့ အဲလိုအခြေနေမှာတော့ ကျနော်တို့အောက်ခြေတပ်တွေ ပြန်မပစ်ဖို့ ကျနော်တို့ရဲ့ မဟာမိတ်တွေဖြစ်တယ်လို့ နဂိုကတည်းက အမိန့်ညွန်းကြားတဲ့အတွက် ကျနော်တို့ မပစ်ပါဘူး။ ကျနော်တို့လည်း လက်နက်ကိုင်ဖြင့် အချင်းချင်းစစ်ပွဲလည်း ဖြေရှင်းတာမျိုးမဖြစ်စေချင်ဘူး။ ဒါပေမယ့် နေ့ခင်း (၁၁း၀၀) နာရီဝန်းကျင်လောက်ရောက်တဲ့အချိန်မှာတော့ သူတို့အဲလိုပစ်တဲ့အဆင့်ကနေ ကျနော်တို့ရဲ့ ရှေ့တန်းစခန်းတွေ အင်အားနဲ့ဝင်ပြီး အလုံးအရင်းဝင်ထူးလာတယ်။ အဲလို ဝင်ထူးတဲ့နေရာတွေမှာတော့ ကျနော်တို့ ပြန်လည်ခံပြီး ပစ်တာတွေရှိတယ်။ (၄)နေရာ၊ (၅)နေရာလောက်တော့ ပြန်ခံပစ်တာတွေရှိကြပါတယ်။ ပြီးတော့ ဒီညနေလောက်မှာဆိုရင် တာမိုးညဲဘက်လမ်းဘက်နေ အင်အားတော်တော်များများ ကွတ်ခိုင် မြို့ထဲဝင်လာကြပြီး ကျနော်တို့ဘက်ကလည်း တချို့နေရာပစ်တယ်။ တချို့နေရာကျတော့ ရှောင်ပေးလိုက်တဲ့အတွက်ကြောင့် သူတို့မြို့ထဲတော့ ဝင်လာပြီး မြို့ထဲမှာလည်း တချို့နေရာတွေ သေနတ်သံကြားနေရတယ်လို့ပြောတယ်။ ဒါပေမယ် ဒီလက်ရှိ ၃နာရီခွဲ၊ ၄နာရီအချိန်အထိကတော့ သေနတ်သံတွေ ပြန်ငြိမ်းသွားပြီလို့တော့ ပြောပါတယ်။ ဆိုတော့ လက်နက်ကြီးတွေရော ဒရုန်းတွေပါလာတော့ အခြေအနေကတော့ အဲလို နည်းနည်းလေးတော့ တင်းမာလာတဲ့ ပြင်းထန်လာတဲ့သဘောတော့ရှိပါတယ်။

မေး။ ။ TNLAအနေနဲ့ကျတော့ ဒီကွတ်ခိုင်မြို့ခံ အရပ်သားတွေကို ထိခိုက်မှုနည်းပါးအောင် အခုနှစ်ဖက်ပြဿာနာကို ဘယ်လိုဖြေရှင်းသွားဖို့ စဉ်စားထားပါသလဲ။ နောက်တခု ဒီမြေပြင်မှာလည်း ကျနော်တို့ သတင်းအရင်းအမြစ်တွေ ဒီအခြေအနေနဲ့ပတ်သက်ပြီး ဒီမနက် ကျနော်လှမ်းပြီးတော့ မေးမြန်းကြည့်တဲ့အခါမှာ မြေပြင်မှာ TNLAဟာ ကွတ်ခိုင်မြို့ကာကွယ်ရေးတပ်အင်အား ရာဂဏာန်းပဲချထားတယ်လို့ သူတို့ရဲ့အမြင်ကို ပြောပြတာပေါ့လေ။ ဆိုတော့ မဟာမိတ် MNDAA ဘက်ကနေပြီးတော့ လက်နက်နဲ့ဖြေရှင်းလာမယ်လို့ မယူဆတာကြောင့်လား။ ဒါမှမဟုတ် TNLA အနေနဲ့ရော ဒီလောက်ထိဖြစ်လိမ့်မယ်လို့ တွက်မထားတာလား။ ရှင်းပြပေးပါအုံး။

ဖြေ။ ။ ကျနော်တို့နဲ့ MNDAA ကိုးကန့်တပ်မတော်ရော AAရော ကျနော်တို့က ဆယ်စုနှစ် ကာလကျော်ကြာမှာ အတူတူလက်တွဲခဲ့တဲ့ ညီနောင်မဟာမိတ်အဖွဲ့တွေဖြစ်တယ်။ ကျနော်တို့ တိုက်ပွဲပေါင်းများစွာ အတူတူဆင်နွဲလာခဲ့ကြတယ်။ ဆိုတော့ ကျနော်တို့မှာ တကယ်ကို ခိုင်မာတဲ့ ညီနောင်မဟာမိတ်စိတ်ဓာတ်တွေရှိတယ်လို့ ယုံကြည်တယ်။ ဒါကြောင့်မို့ ဒီလောက်ထိ အခြေအနေဖြစ်လာလိမ့်မယ်လို့ ကျနော်တို့က မတွက်ဆထားဘူး။ သူတို့ ဒီလိုစစ်ရေးအရ ဒီလောက်ဖြစ်မယ်လို့လည်း ဖြေရှင်းမှာမဟုတ်ဘူးလို့ ကျနော်တို့က ယုံကြည်တယ်။ ဒါကြောင့်မို့ ကျနော်တို့ဘက်ကတော့ ကျနော်တို့ ညှိနှိုင်းဖို့ကြိုးစားကြတယ်။ အဖက်ဖက်က ပြည်သူလူထုတွေ ထိခိုက်နစ်နာမှုမရှိအောင် ကျနော်တို့ ဒါဆွေးနွေးညှိနှိုင်းတာအကောင်းဆုံး တိုက်ပွဲဖြစ်ပြီးဆိုရင်တော့ သိတဲ့အတိုင်းပဲ ဒီကနေ့ပဲ ဒရုန်းတွေကျတယ်။ ဒရုန်းတွေလာတော့ ကျနော်တို့ရဲ့စခန်းထဲတွေရော ပြည်သူလူထုရဲ့အိမ်တွေရော အကုန်ကျတော့ ခု ပြည်သူလူထုတော့ ထိခိုက်ဒဏ်ရာရတာပေါ့။ ဆိုတော့ တိုက်ပွဲဖြစ်ပြီးဆိုရင်တော့ ထိခိုက်နစ်နာမှုတွေ ဆုံးရှုံးမှုတွေ ပြည်သူတွေက အရင်ဆုံးရှုံးခဲ့ကြတာပါပဲ၊။ ဒါကြောင့်မို့လို့ အဲဒီဟာ ရှောင်လွဲဖို့ဆိုရင်တော့ တိုက်ပွဲမဖြစ်တာ အကောင်းဆုံးပဲ။ အဲလိုမဖြစ်ဖို့အတွက်တော့ ကျနော်တို့ကြိုးစားပြီးတော့မှ ညိုနှိုင်းအဖြေရှာတယ်။ အခုတစ်လတင်တင်ပြည့်သွားတာပေါ့။ ဒီ (၁၄)ရက်နေ့မှာတော့ ကျနော်တို့ မလွဲမရှောင်တာ ဒီဘက်က အဲလိုဒရုန်းတွေနဲ့ရော ထိုးစစ်တွေနဲ့ အမျိုးမျိုးဝင်လာတော့ တိုက်ပွဲဖြစ်ရတယ်သဘောရှိပါတယ်။

မေး။ ။ ခုနမေးတဲ့ထဲမှာတော့ ဒီအရပ်ဘက်တွေ မထိအောင်‌ပေါ့လေ။ အဲဒီဟာကို ထိခိုက်မှုနည်းပါးအောင် ဘယ်လိုမျိုး TNLAဘက်က ဖြေရှင်းဖို့ စဉ်စားတာမျိုးရှိပါသလဲ။ အဲအချက်လည်း ထပ်ဖြည့်စွက်ပေးပါ။

ဖြေ။    ။ ကျနော်တို့ကတော့ အရပ်ဘက်ကို အတတ်နိုင်ဆုံးတော့ ကျနော်တို့တပ်ဖွဲ့တွေနေတဲ့နေရာနဲ့ ခပ်ဝေးဝေးမှာနေကြဖို့ ဥပမာ နဂိုကတည်း တပ်ဝန်းထဲမှာ ကျနော်တို့ စစ်‌ဘေးဒုက္ခသည်တွေ ကျနော်တို့ ထားတာရှိပါတယ်။ စစ်ဘေးဒုက္ခသည်တွေကို ဟိုဘက်အနယ်အရပ်ရပ်ဘက်က လာတဲ့ ဒုက္ခသည် အဲတာလဲ ကျနော်တို့က ဒီဟာ စစ်ရေးပစ်မှတ်ဖြစ်လာတဲ့အတွက်ကြောင့် ရှောင်ဖို့လိုမယ်ဆိုပြီး အဲလိုရှောင်တာတွေရှိတယ်။ ကွတ်ခိုင်တွင်းထဲမှာ ဒီကနေ အရပ်ဘက် စစ်ရေးပစ်မှတ်နဲ့ ကင်းဝေးတဲ့နေရာတွေ ရှောင်းရှာကြဖို့ အတတ်နိုင်ဆုံး ကျနော်တို့ ဆော်သြထားပါတယ်။ ပြောထားပါတယ်။ ရွေ့ပြောင်းနေတာဖြစ်ပါတယ်။ ဒါပေမယ့် ခဏပြောသလိုပဲ ဒရုန်းဆိုတာကတော့ နည်းနည်းလေး ဒရုန်းနဲ့ထိတယ်ဆိုတာက ရည်ရွယ်ချက်ရှိရှိပစ်ချင်တဲ့နေရာကို ပစ်တာပေါ့။ ဒါပေမယ့် လက်နက်ကြီးပစ်ပြီးဆိုတာကတော့ အဆိုမရဘူး။ သူချချင်တဲ့နေရာကျတယ်။ ပြည်သူလူထုရှိတဲ့နေရာ ဘုန်းကြီးကျောင်းတွေ စာသင်ကျောင်းတွေကျနိုင်တယ်။ အဲတာကတော့ ကျနော်တို့ ဘယ်လိုမှတားဆီးလို့မဖြစ်နိုင်တဲ့အရာပဲ။ စစ်ရေးတွေ တင်းမာလာနိုင်တဲ့အခြေအနေကတော့ တော်တော်လေးတော့ ဆိုးပါတယ်။ ဒါကြောင့်မို့ ပြည်သူလူထုတွေ ကျနော်တို့ ပန်းကြာထားတယ်။ အတတ်နိုင်ဆုံး ကိုယ်အိမ်ထဲမှာ ကိုယ်နေဖို့ ဖြစ်နိုင်မယ်ဆိုရင် ဒီမြို့ရဲ့အပြင်ဘက် ကျေးရွာတွေမှာ ရှောင်ကြဖို့ ကျနော် အဲလိုတော့ ပြောထားကြထားပါတယ်။

 မေး။ ။ ဒီသတင်းတွေထွက်မလာခင်မှာ ကျနော်တို့မြေပြင်သတင်းတွေကို စုံစမ်းကြည့်တဲ့အခါမှာပေါ့လေ ကျနော်သိထားရသ‌လောက်ကတော့ ဒီ MNDAAဘက်က TNLA မြေပြင်မှာ တည်ရှိတဲ့တပ်စခန်းတွေက တပ်ဖွဲ့ဝင်တွေ ဖမ်းထားတာရှိတယ်လို့သိရပါတယ်။ နောက်ပြီးတော့ ညီနောင်မဟာမိတ် ၃ဖွဲ့ဖြစ်တဲ့ TNLAMMNDAAနှင့် AA တို့ ပူးပေါင်းထိန်းချုပ်ထား မူဆယ် (၁၀၅)မိုင် ကျင်စန်းကျော့ဂိတ်တွေက TNLAတပ်ဖွဲ့တွေကို MMNDAA က ဖမ်းဆီထားတယ်လို့ သိရတယ်။ ဒီကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ရော ကျနော်တို့ ရထားတဲ့အချက်လက်တွေအရ မှန်ကန်သလားပေါ့။ ဟုတ်တယ်ဆိုရင်ရော ဒီကိစ္စ ဘယ်လိုဖြေရှင်းဖို့ရှိပါလဲ။

ဖြေ။ ။ ဟုတ်ကဲ့ပါ ဒီဖေဖော်ဝါရီ ၁၃ရက်နေ့ပေါ့ ကျနော်တို့ ပြဿာနာဖြစ်ပြီးနောက်ပိုင်း စပြီးတော့မှ ခုဆိုတစ်လအတွင်း ကျနော်တို့ အဖွဲ့ဝင်တွေ ရာဂဏာန်နီးနီးအဖမ်းခံရတယ်။ တချို့တော့ ပြန်လွတ်ပေးတယ်။ တချို့က ဖမ်းထားထာရှိတယ်။ ဒါပေမယ့် ကျနော်တို့ရဲ့ လက်နက်တွေကိုတော့ ဖမ်းဆီးသိမ်းဆည်းထားတာရှိတယ်။ လက်နက် အလက် ၆၀/ ၇၀ လောက်တော့ရှိပါပြီ။ ကျနော်တို့ အင်အားနည်းတဲ့နေရာမှာဆိုရင်တော့ သူတို့က ဝင်ပြီး အကုန်လုံးဖမ်းထားတာရှိပါတယ်။ ဒီအခု မနက် ဒီလိုဖြစ်တဲ့အချိန်မှာလည်း အဲလို ကျင်စန်းကျော့တို့ (၁၀၅)မိုင်တို့ တခြားနေရာမှာရှိတဲ့ ကျနော်တို့လူတွေက ကျနော်တို့က မဟာမိတ်ပဲဆိုတော့ အဲလောက်ထိ အရေးယူ ကျနော်တို့ အဲလိုမယ်မထင်တော့ ကျနော်တို့ရဲဘော်တွေ အလစ်ငိုက်နဲ့အဖမ်းခံရတာတွေရှိပါတယ်။ ဥပမာ ကျင်စန်းကျော့မှာ ကျနော်တို့ မဟာမိတ် (၃)ဖွဲ့ ရုံးအတူတူဖွင့်ထားတဲ့ ရုံးပါ။ အဲမှာလည်း ကျနော်တို့ ရဲဘော်တွေ အဖမ်းခံထားရတယ်။ အခုထိ အခြေအနေတွေ ကျနော်တို့ကောင်းကောင်းမသိသေးဘူး။ အဲလိုအခြေအနေတော့ရှိပါတယ်။ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် ကျနော်အမြင်ကတော့ ဒါကမဟာမိတ်အချင်းချင်းဖြစ်တဲ့ပြဿနာဆိုတော့ ကျနော်တို့ရဲ့ ဒီပြဿနာဖြေရှင်းပေးရင်တော့ ကျနော်တို့ ရဲဘော်တွေ ပြန်လွတ်ပေးမယ်။ ကျတော်တို့ရဲ့ လက်နက်တွေလည်း အကုန်လုံးပြန်ပေးကြလိမ့်မယ်။ အပြန်အလှန် ဒီလိုဖြေရှင်းကြလိမ့်မယ်လို့ ကျနော်တို့ဒီလိုပဲ မျှော်လင့်ပါတယ်။

မေး။ ။ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီးတော့ပေါ့လေ TNLAနှင့် MMNDAA ကြားထဲ မဟာမိတ်အချင်းချင်းကြားထဲမှာဖြစ်နေတဲ့ ကိစ္စနဲ့ပတ်သက်ပြီးတော့ အစအဆုံးကိုတော့ AAတို့လဲ ကြားမြင်သိမြင်နေရမှာဖြစ်တယ်ပေါ့လေ။ မဟာမိတ် (၃)ဖွဲ့ထဲမှာ AAအနေနဲ့ လက်ရှိဖြစ်နေတဲ့ကိစ္စတွေပေါ်မှာ သူတို့ရဲ့သဘောထား ဘယ်လိုရှိလဲဗျ။

ဖြေ။ ။ ဟုတ်ကဲ့ပါ။ ကျနော်တို့ မဟာမိတ်နှစ်ဖွဲ့ကြားထဲမှာရှိနေတဲ့ ခေါင်းဆောင်တွေကလည်း ဒီပြဿနာကို ကျနော်တို့က ဆွေးနွေးညှိနှိုင်းဖို့ အကြိမ်ကြိမ်ဆွေးနွေးတယ်။ ဒါပေမယ့် မပြေလဲဘူးပေါ့။ မပြေလည်တော့ ဒီလိုအခြေအနေတွေ ဖြစ်လာတယ်။ ဒီလို အခုလို စစ်ရေးကိစ္စနဲ့ ဖြေရှင်းတဲ့အဆင့်ရောက်တဲ့အခြေအနေမှာတော့ AAခေါင်းဆောင်တွေရော ကျနော်တို့ FPNCCမှာရှိတဲ့ ခေါင်းဆောင်တွေရောစသဖြင့် တရုတ်နိုင်ငံမှာရှိတဲ့ ခေါင်းဆောင်တွေ အသီးသီးအားလုံးကတော့ စိတ်မကောင်းကြဘူး။ ဒါမဖြစ်သင့်တဲ့ကိစ္စပဲ။ ကျနော်တို့ပြဿာနာတွေကို အကောင်းဆုံးညှိနှိုင်း အပေးအယူအလျှော့အတင်းလုပ်ပြီး ညိုနှိုင်းပြီး‌တော့မှ ဖြေရှင်းတာ အကောင်းဆုံးဖြစ်တယ်လို့ အားလုံးကတော့ ဒီလိုပဲပြောကြတာပေါ့။ ဒါပေမယ့် တကယ်လက်တွေ့ ပကတိအရှိတရားကတော့ အဲဒီလို လိုချင်တဲ့အဖြေမဟုတ်ဘဲနဲ့ အခုလိုလက်နက်ကိုင်ဖြေရှင်းရတဲ့အခြေအနေအထိ ရောက်လာတာ အားလုံးမြင်ရတဲ့အတိုင်းပဲဖြစ်ပါတယ်။

 

မေး။    ။ နယ်စပ်ဒေသမှာ တိုက်ပွဲမဖော်ဆောင်ဖို့  တရုတ်နိုင်ငံအနေနဲ့လည်း မကြာခဏပြောတယ်။ အာဏာသိမ်းစစ်တပ်နဲ့တွေ့တဲ့အချိန်မှာလည်း ပြောနေတာ တွေ့ရပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး စဉ်းစားချက်တွေ တစ်ချို့တွေထွက်လာတာလည်း လူမှုကွန်ယက်ပေါ်မှာ ပြီးခဲ့သည့် မိနစ်ပိုင်းမှာ ဖတ်လိုက်ရပါတယ်။ တရုတ်က ဒါမီးစိမ်းမပြရင် တိုက်လို့မရဘူးဆိုတဲ့ပုံစံမျိုးတွေ ပြောနေတာလည်း ရှိတာပေါ့နော်။  TNLA နဲ့ တရုတ်ကြားထဲမှာ ဆွေးနွေးပွဲတွေ အဆင်မပြေခဲ့တာတွေ ရှိသလား‌ပေါ့နော်။ ဒီအခြေအနေတွေကြောင့်ပဲ အခုလိုတိုက်ခိုက်မှုတွေ ဖြစ်ပေါ်လာဖို့အတွက် တရုတ်ရဲ့ ခွင့်ပြုချက်၊ မီးစိမ်းပြလို့ တိုက်တာလားဆိုတဲ့ သုံးသပ်ချက်တွေလည်း တွေ့ရပါတယ်။ ဒီအပေါ်မှာလည်း ဘယ်လိုမျိုးပြောချင်လဲခင်ဗျား။

ဖြေး။   ။ ဟုတ်ကဲ့ပါ။ ဒီလိုဖြစ်လာပြီးဆိုတော့ သုံးသပ်ချက်တွေလည်း အမျိုးအမျိုးထွက်လာကြတာဖြစ်ပါတယ်။ ဒါပေမယ့် ကျတော် နားလည်တာကတော့ တရုတ်ကတော့ ဒီနယ်စပ်ဒေသတည်ငြိမ်အေးချမ်းဖို့ လိုအပ်တယ်။ ဘယ်သူမှ တိုက်ပွဲမဖြစ်ရဘူး။ ကျနော်တို့ စကစကိုလည်း တိုက်လို့မရဘူး။ အချင်းချင်းလည်း မတိုက်ရဘူး။ ဒါက ကျနော်တို့အဖွဲ့ကို‌ရော ကိုးကန့်ကိုရော အမြဲတမ်းပြောတယ်။ တွေ့ဆုံတိုင်းလည်း ပြောပါတယ်။ ကျနော်တို့ ပြီးခဲ့အပတ်က တရုတ်ခေါ်တွေ့တဲ့အချိန်မှာ‌ရော ဒီလိုပဲ မှာပါတယ်။ အဲဒီအတွက်လည်း ကျနော်တို့ယုံကြည်တာကတော့ ကိုးကန့်က ကျနော်တို့ကို လက်နက်ကိုင်ပြီးတော့မှ ကွတ်ခိုင်ကို ထိုးစစ်ဆင်လိမ့်မယ်လို့ မတွက်တာဖြစ်ပါတယ်။ ဒါပေမယ့် ကျနော်နားလည်တာကတော့ ကိုးကန့်တပ်ဖွဲ့က အခုလို ကွတ်ခိုင်မြို့ကို ထိုးစစ်ဆင်တာက တရုတ်မီးစိမ်းပြခြင်း/မပြခြင်းနဲ့ ဘာမှမဆိုင်ပါဘူး။ ကျနော်ထင်တယ်။ တရုတ်ကလည်း မီးစိမ်းပြလိမ့်မယ်မဟုတ်ဘူး။ ဒီလိုအခြေအနေကို တရုတ်ကလည်း ကြိုက်မှာမဟုတ်ဘူးလို့ ကျနော်မြင်ပါတယ်။

မေး။    ။ ဒီကိစ္စတွေ ဖြစ်ပြီးတဲ့နောက်ပိုင်းမှာ TNLA အနေနဲ့ ဒီကိစ္စကို ဖြေရှင်းဖို့အတွက်ဆိုပြီးတော့ တရုတ်ကိုလည်း စာပို့တယ်ဆိုတဲ့စာတွေ ကျနော်တို့ တွေ့ရတယ်။ နောက်တခုက ဒီ FPNCC အနေနဲ့ ဖြေရှင်းပေးဖို့ဆိုတဲ့ကိစ္စတွေ စာပို့တာလည်း ကျနော်တို့ တွေ့ရတယ်။ မကြာခင်ရက်ပိုင်းဆိုလို့ရှိရင်လည်း MNDAAဘက်ကနေပြီးတော့မှ FPNCCထဲမှာပါတဲ့ ကျန်တဲ့ (၅)ဖွဲ့ကို စာပို့တဲ့ဟာလည်း တွေ့ရပါတယ်။ အဲဒီစာထဲမှာဆိုလို့ရှိရင် ကျနော်ဖတ်လိုက်ရတယ်ဆိုလို့ရှိရင် ကွတ်ခိုင်မှာ သူတို့ရုံးတွေ မ‌ရွေ့လိုက်ရတဲ့အခြေအနေကို ပြန်ပြီးတော့ မရ/မခြင်း မဆွေးနွေးဘူးဆိုတဲ့အကြောင်းလည်း ပါတာပေါ့လေ။ အဲဒီလို စာတွေပို့ပြီးတော့ ဖြေရှင်းပေးဖို့တောင်းဆိုချက်တွေက အဆင်မပြေခဲ့ဘူးလို့ ပြောလို့ရမလား။ ဒါမှမဟုတ်ရင် ဒီမဟာမိတ်တွေ၊ နောက်တရုတ်တို့က ဒီဆွေးနွေးမှုတွေ ဖြစ်ပေါ်လာဖို့ ဖြေရှင်းပေးဖို့ တောင်းဆိုချက်တွေ အကောင်အထည်မဖော်နိုင်တာလား။ ဘယ်လိုအခြေအနေကြောင့် ဒီလောက်ထိ ဖြစ်သွားတာလဲခင်ဗျား။

ဖြေ။    ။ ဟုတ်ကဲ့ပါ။ နိဂုံးချုပ်အဆုံးသတ်ရရင်တော့ ကျနော်တို့ ညှိနှိုင်းဖြေရှင်းဖို့ ကြိုးပမ်းမှုတွေက မအောင်မြင်လို့ အခုလို လက်နက်ကိုင်ဖြေရှင်းတဲ့အဆင့်မျိုးဖြစ်သွားတယ်လို့ပဲ ကျနော်တို့ ပြောရမှာပေါ့။ ဒါပေမယ့် ကျတော်တို့ စိတ်ဓါတ်ကျလို့ မရပါဘူး။ ကျနော်တို့ မဟာမိတ်အချင်းချင်းကြားမှာ ပြည်သူလူထုတွေ စစ်ဘေးဒဏ်ကို ခါးသည်းစွာ နှစ်ပေါင်းများစွာ ခံလိုက်ရပြီ။ အခုဆက်ပြီးတော့ ကျနော်တို့ မဟာမိတ် (၂)ဖွဲ့ကြောင့် ထက်ပြီးတော့ စစ်ဘေးဒဏ်ကို မခံစားသင့်တော့ဘူး။ ဒါကြောင့်မို့ ကျတော်တို့အနေနဲ့တော့ ဆက်လက်ပြီးတော့မှ တရုတ်ဘက်ကိုရော၊ FPNCC ခေါင်းဆောင်ရော၊ ကျနော်တို့ မဟာမိတ် (၃)ဖွဲ့ဖြစ်တဲ့ AAဘက်ကိုရော ကျနော်တို့အခြေအနေတွေ တင်ပြထားပါတယ်။ ကျနော်တို့အနေကတော့ ဘယ်အတိုင်းအတာထိ အလျော့အတင်း လုပ်ပေးနိုင်မယ်။ ဘာတွေထက်လျော့ပေးရမလဲ ကျနော်တို့ဘက်အဆင့်သင့်ပဲ။ ထက်လျော့ပါ့မယ်။ ကျနော်တို့ ညှိနှိုင်းကြပါ့မယ်။ ကျနော်တို့အမြဲတမ်း အတက်နိုင်ဆုံး စစ်ရေးနဲ့ပြဿာနာဖြေးရှင်းတယ်ဆိုတာ ဘယ်လိုမှ မှန်ကန်တဲ့နည်းလမ်းမဟုတ်ဘူး။ ကျနော်တို့ အချင်းချင်းကြားမှာ အတူလက်တွဲနိုင်ဖို့ဆိုရင်တော့ ကျနော်တို့တွေ့ဆုံဆွေးနွေးဆိုတဲ့အဖြေရှာမှုမျိုးပဲ ဖြစ်ပါတယ်။ အဲတာကိုလည်း ကျနော်ဆက်လက်ကြိုးပမ်းသွားမယ်ဖြစ်ပါတယ်။ လောလောဆယ်တော့ ကြိုးပမ်းချက်တွေ မအောင်မြင်လို့ ဒီလိုတိုက်ပွဲထဲ ရောက်နေရတဲ့သဘောဖြစ်ပါတယ်။ အဲတာကလည်း ကျနော်မျော်လင့်တာကတော့ ခဏပဲ ဖြစ်လိမ့်မယ်။ ကျနော်တို့ အမြန်ဆုံးတော့ နှစ်ဖက်ခေါင်းဆောင်တွေ ဆွေးနွေးညှိနှိုင်းပြီးတော့မှ ဒီတိုက်ပွဲကို ရပ်နိုင်လိမ့်မယ်လို့ ကျနော်မျော်လင့်ပါတယ်။

မေး။    ။ အခု ဒီဖြစ်စဉ်ကိုစဖြစ်တယ်ပေါ့နော်။ သူတို့ဘက်က ပြောသလို  ကွတ်ခိုင်ကို ရုံးနေရာကို ‌ရွေ့ခိုင်းတယ်ဆိုတဲ့ကိစ္စပေါ့နော်။ အဲဒီကိစ္စက ဘယ်လိုကြောင့်ဖြစ်သွားတာလဲခင်ဗျာ။ ဒီကွတ်ခိုင်မှာ MNADD ရုံးတွေ ရွေ့ပေးရမယ်ဆိုတဲ့ကိစ္စပေါ့နော်။ ဆိုတော့ ဘယ်လိုကြောင့် ဖြစ်ခဲ့တာလဲဆိုတာလည်း ရှင်းပြပေးပါဦး။

ဖြေ။    ။ ကျနော်တို့ ပြဿာနာပဋိပက္ခကတော့ ကျနော်တို့ကြားထဲမှာဖြစ်နေတဲ့ ပွတ်တိုက်မှုက တော်တော်လေးကို ကြာမြင့်နေပါပြီ။ ကျနော်တို့ 1027 စစ်ဆင်‌ရေး ပထပိုင်းကတည်းက ကွတ်ခိုင်မြို့ကို ကျတော်တို့ တအာင်းတပ်မတော်က သိမ်းနိုင်ခဲ့တယ်။ မုံးကိုး၊ တာမိုးညဲ၊ သိန္နှီစသဖြင့် အဲလိုဒေသတွေကိုတော့ ဆက်စပ်တဲ့နေရာကို ကိုးကန့်တပ်မတော်က သိမ်းနိုင်ခဲ့တယ်။ ဆိုတော့ အဲလို ကျနော်တို့ လမ်းမတလျှောက် မြို့အသီးသီးကို နမ့်ဖက်ကတော့ ကချင်တပ်မတော်က သိမ်းနိုင်ခဲ့တာပေါ့။ အဲလို မြို့အသီးသီးကို သိမ်းပိုက်ခဲ့ပြီးကတည်းက ကျနော်တို့ အုပ်ချုပ်‌ရေးတွေ သူတို့ကောင်းကောင်းမွန်မွန်လည်ပတ်နိုင်ဖို့ဆိုရင် အဲမြို့နဲ့ဆက်စပ်နေတဲ့နေရာမှာ ကျတော်တို့ အထိုင်ချလှုပ်ရှားတဲ့တပ်စခန်းတွေရော အုပ်ချုပ်‌ရေးလုပ်ငန်းတွေရော အားလုံးနီးပါး ကျနော်တို့ ဆုတ်ခွာပေးတယ်။ သူတို့ကောင်းကောင်းမွန်မွန်အုပ်ချုပ်ဖို့က ကျွန်တော်တို့က ပူပေါင်းဆောင်ရွက်ပေးတယ်။ ဒါပေမယ့် ကျွန်တော်တို့ ကွတ်ခိုင်မြို့ကိုကျတော့ သူတို့က အဲလိုမဟုတ်ဘူး။ ကျွန်တော်တို့ ကွတ်ခိုင်ကို သိမ်းပြီးတဲ့ နောက်တစ်နေ့ တစ်ရက်နှစ်ရက်မှာပဲ ကိုးကန့်တွေက မြို့ထဲဝင်လာတယ်။ စာသင်ကျောင်းတွေ အစိုးရရုံတွေ မြို့ထဲမှာရှိတဲ့တချို့ ရပ်ကွက်ရှိတဲ့ခန်းမတွေ သူတို့ဝင်းစီးပြီးနေရာယူတယ်။ အဲဒီစာသင်ကျောင်းတွေလည်း ဖွင့်မရဘူး။ စသဖြင့် မြို့အုပ်ချုပ်ရေးတွေ နောက်ယှက်မှုအမျိုးမျိုးပေးတယ်။ ကျွန်တော်တို့ ဒီကွတ်ခိုင်မြို့အုပ်ချုပ်တဲ့ (၂)နှစ်ကျော်ကာလအတွင်းမှာ ကျွန်တော်တို့အုပ်ချုပ်ရေးလုပ်ငန်းတွေ အမျိုးမျိုးဟန်တားနောက်ယှက်ခံရတယ်။ ကျွန်တော်တို့ ညှိနှိုင်းတယ်။ ဘယ်လိုမှအဆင်မပြေဘူး။ ဒီကစ္စကိုလည်း ကျွန်တော်တို့ ထိပ်ပိုင်းခေါင်း‌ဆောင်အချင်းချင်းကြားမှာ ဖြေရှင်းဖို့ကြိုးစားတယ်။ ဆွေးနွေးဝိုင်းထဲမှာတင်တယ်။ ဒါပေမယ့် သူတို့က တော်လှန်းရေးကာလပဲ။ ဒါဆွေးနွေးဖို့မလိုဘူး။ ဒီလိုပဲ နေသွားရင် ပြေလည်သွားလိမ့်မယ်။ လက်မခံဘူးပေါ့။ ဆိုတော့ ကျွန်တော်တို့ ညှိနှိုင်းဖို့ မအောင်မြင်ဘူး။ ဆိုတော့ ကျွန်တော်တို့ အဲဒီလိုဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့ရဲ့ ဒီကိုးကန့်တွေ ကျွန်တော်တို့ မဟာမိတ်အဖွဲ့အစည်းဖြစ်ပေမယ့်လည်း ကျွန်တော်တို့ကလည်း နယ်မြေဒေသတင် သဘောထားကွဲလွဲတာ မဟုတ်တော့ဘူး။ ကျွန်တော်တို့ ဒီလိုအဖွဲ့အစည်းတစ်ခုနဲ့တစ်ခုရဲ့ မှုဝါဒ၊ ပြီးတော့ လူအခွင့်ရေးအပေါ်ထားတဲ့ရပ်တည်ချက်ခြင်း ဒီလိုအခြေခံတွေ မတူကြတော့ ကျွန်တော်တို့ ဒီအောက်ခြေလုပ်ငန်းလုပ်တဲ့အချိန်မှာ တော်တော်ကို အဆင်မပြေကြဘူး။ ပြဿာနာတွေ အမျိုးမျိုးတက်ကြတယ်။ ဘယ်လိုမှ ညှိနှိုင်းလိုမရဘူး။ ဘာသာစကားကလည်း ကျွန်တော်တို့ အခက်ခဲတွေဖြစ်တော့။ ဆိုတော့ အဲဒီလိုအခြေနေတွေကြောင့် ကျွန်တော်တို့အများကြီး အခက်ခဲကြုံရပါတယ်။ ဥပမာ ဒီနောက်ပိုင်းဆိုရင် ကွတ်ခိုင်မြို့ပေါ်မှာ သူတို့က ကိုးကန့်မှတ်ပုံတင်တွေ ထုတ်တယ်။  မြို့မိန်းလမ်းပင်မှာ CCTV တွေ တပ်တယ်။ စသဖြင့် ကျွန်တော်တို့ အုပ်ချုပ်ရေးကို ဟန်တားဖြစ်တဲ့ကိစ္စ‌တွေ အများကြီးဖြစ်တော့ အဲလို အဲဒီညမှာ အခြေနေတွေ တင်းမာပြီး ပြဿာနာလေးတွေ တတ်သွားကြတာပေါ့။ ဆိုတော့ အခြေအနေတော်တော်ဆိုးသွားတယ်။ သေချာကတော့ ကျွန်တော်တို့ ဒီမဟာမိတ်ကိုးကန့်အဖွဲ့ရဲ့ နိုင်ငံရေးရည်မှန်းချက်ကြီးမာမှုကို ကျွန်တော်တို့ အဖွဲ့အစည်းက ကြိုတင်တွက်ဆထားတာတွေက မပြည်စုံတာကြောင့် ဒီလိုဖြေရှင်းဖို့အခက်ခဲတွေ ပိုများလာရပါတယ်လို့ ကျွန်တော်သုံးသပ်ပါတယ်။ ကျွန်တော်တို့သိထားတာက ကိုးကန့်ဒေသဆိုတာက သံလွင်အရှေ့ဘက်ခြမ်း ကုန်းကြမ်း၊ လောက်ကိုင်၊ ကွမ်းလုံ၊ ချင်း‌ရွှေ‌ဟော်စသဖြင့်  ဒါတွေပဲသိထားပေမယ့် တကယ်လက်တွေ့အခုကြုံရအခြေနေမှာ ကျွန်တော်တို့ဒီမှာရှိရတဲ့ ကျွန်တော်တို့ လားရှိုး၊ ကွတ်ခိုင်၊ မူဆယ်လမ်း ဒီတစ်ခု ရှမ်းမြောက်ရဲ့တစ်ခုလုံး မိန်းလမ်းမကြီးဖြစ်နေတယ်ဆိုတော့ ကျွန်တော်တို့ ဥပမာ အတူတူ ဒီဒေသအုပ်ချုပ်ရေး၊ ဒေသစသဖြင့် အလုပ်လုပ်တဲ့အချိန်မှာ အများကြီးအခက်ခဲတွေဖြစ်တော့ ကျွန်တော်တို့ အခုလို ပြဿာနာတွေ ကြုံရတဲ့သဘောဖြစ်ပါတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ ဒီကွတ်ခိုင်မှာ အဲပြဿာနာတွေက အဲဒီလိုတောက်လျှောက် ဖွဲမီးလောင်သလို တအုံးအုံးနဲ့လောင်းပြီးတော့မှ အခုလို ပေါက်ကွဲတဲ့အခြေအနေ ဖြစ်သွားရတာဖြစ်ပါတယ်။

 

မေး။    ။ အခုကတော့ ဒီအခြေနေတွေက ကွတ်ခိုင်မြို့ပေါ်မှာ ဆိုးဆိုးဝါးဝါး ပစ်ခတ်ခံနေရတဲ့ အခြေနေမျိုးတွေလို ကျွန်တော်တို့ ဒီလူမှုကွန်ရက်ပေါ်မှာရရှိလာတဲ့အချက်အလက်တွေ ရုပ်သံမှတ်တမ်းတွေအရ တွေ့ရတာပေါနော်။ ဆိုတော့ ဒီလိုမျိုးအခြေနေတွေ လျော့ပါးသွားဖို့ ဘယ်လိုဖြေရှင်းချင်းတဲ့ ဆန္ဒရှိလဲပေါနော်။ ဒီ TNLA ရဲ့သဘောထားလည်း သိချင်ပါတယ်။

 

ဖြေ။    ။ ဟုတ်ကဲ့ပါ။ ကျွန်တော်တို့သဘောထားကတော့ ဒါအကောင်းဆုံး ဥပမာ ကွတ်ခိုင်မြို့တွင်းထဲမှာလည်း ကျွန်တော်တို့ ကိုးကန့်အခြေချနိုင်မယ့်နေရာ ဘယ်နေရာဖြစ်နိုင်လဲ။ သူတို့တောင်းဆိုမှု ဘယ်လိုဖြစ်နိုင်လဲ။ ကျွန်တော်ထင်တယ်။ ကျွန်တော်တို့ တစ်ဖွဲ့နဲ့တစ်ဖွဲ့ ဆွေးနွေးမယ်ဆိုရင်တော့ ကျွန်တော်တို့ ခွဲဝေးပြီးတော့မှ သူအပိုင်းကိုယ့်အပိုင်း ‌ဆောင်ရွက်ကြမယ်ဆိုရင် ဒါကောင်းတဲ့အဖြေထွက်လာနိုင်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်။ အဓိကကတော့ ကျွန်တော်တို့ ဒီလိုစစ်ရေးနဲ့ဖြေရှင်းတာမဟုတ်ဘဲနဲ့  စစ်ရေးနဲ့ဖြေရှင်းတယ်ဆိုရင် ဒါကစစ်ရေးကိုစလိုက်တာနဲ့ နှစ်ဖက်စလုံးကတော့ ပထမဦးဆုံး နှစ်ဖက်ယုံကြည်မှုတွေ အကုန်ဆုံးရှုံးသွားတာပဲ။ အဲလိုဆုံးရှုံးသွားပြီးဆိုရင် ကျွန်တော်တို့ ရှေ့ဆက်ရမယ့်အလုပ်တွေက အရမ်းကို ဒုက္ခရောက်တယ်။ ဒါကြောင့်မို့ ကျွန်တော် အဲဒီအခြေအနေကို ကျွန်တော်တို့ မဖြစ်စေချင်ဘူး။ ဖြစ်နေတဲ့ ဒီတိုက်ပွဲဖြစ်နေတဲ့ဟာလေ ပစ်ခတ်နေတာတွေ အမြန်ဆုံးရပ်ဖို့လိုတယ်။ ရပ်ပြီးတော့မှ အမြန်ဆုံးကျွန်တော်တို့ အပေးအယူ ကျွန်တော်ဘက်ကလည်း အတတ်နိုင်ဆုံး ကျွန်တော်လျှော့မယ်။ ညှိနှိုင်းမယ်၊ အကောင်းဆုံးအဖြေကို ကျွန်တော်တို့ ရှာဖွေချင်းပါတယ်။ အဲဒီလိုအလားတူပဲ ကျွန်တော်ထင်တယ်။ ကျွန်တော်တို့ ညီနောင်မဟာမိတ်ချစ်ကြည်ရေးမှုတွေ ပြည်သူလူထုအတွက် စစ်ဘေးဒဏ်ရှောင်နိုင်ဖို့အတွက် ဒီမဟာမိတ်ကိုးကန့်ဘက်ကလည်း ထည့်ပြီးစဥ်စားလိမ့်မယ်လို့လည်း ကျွန်တော်မျှော်လင့်ပါတယ်။ အဲဒီတော့ ကျွန်တော်တို့နှစ်ဖက်က နှစ်ဖက်ကြားထဲမှာလည်း ဒီလိုဆွေးနွေးညှိနှိုင်းတဲ့အချိတ်အဆက်တွေရှိပါတယ်။ အခုထက်ထိလည်း ကျွန်တော်ကြိုးပမ်းနေဆဲဖြစ်ပါတယ်။ ကျွန်တော်တို့ တင်ပြထားတဲ့ဟာကိုလည်း ကိုးကန့်မဟာမိတ်ခေါင်းဆောင်တွေက စဥ်းစားနေတယ်လို့ ကျွန်တော်တို့ နားလည်ပါတယ်။ ဒါကြောင့် ဒီညနေပိုင်းမှာဆိုရင်တော့ ဒရုန်းပစ်တဲ့ဟာတွေ လက်နက်ကြီးပစ်တဲ့ဟာတွေတော့ အများကြီးလျော့သွားပြီးလို့ ကျွန်တော်နားလည်တယ်။ ဆိုတော့ ကျွန်တော်တို့ ဒီအခြေနေဆိုးကိုတော့ ကြာကြာအဖြစ်မခံဘဲနဲ့ အမြန်ဆုံးဖြေရှင်းနိုင်လိမ့်မယ်လို ကျွန်တော်မျှော်လင့်ပါတယ်။ ကျွန်တော်တို့ အဖွဲ့အစည်းကတော့ အခြေနေကို အကောင်းဆုံးတွေ့ဆုံဆွေးနွေးညှိနှိုင်းပြီးတော့မှ အပြန်အလှန် အယူလုပ်ပြီးတော့မှ မဟာမိတ်အဖြစ်ဆက်လက်တည်ရှိဖို့ ကျွန်တော်တို့မျှော်လင့်ပါတယ်။ အဲဒီအခြေခံရပ်တည်ချက်ပဲ ကျွန်တော်တို့ရှိပါတယ်။

 

မေး။ ။ ဟုတ်ကဲ့။ ကျနော်မေးတဲ့ထဲမှာ မပါဘဲနဲ့ တားဘုန်းကျော်အနေနဲ့ ဖြည့်စွက်ပြီးတော့မှ မက်ဆေ့ပေးချင်တာ ပြောချင်တာများရှိမလားခင်ဗျာ။

 

ဖြေ။ ။ ကျနော်ပြောချင်တာကတော့ ကွတ်ခိုင်ဒေသ မူဆယ်ဘက်တွေရာ အဲမှာရှိနေတဲ့ မိဘပြည်သူတွေကို  ကျနော်တို့ တအာင်း(ပလောင်)လူမျိုးတွေ မကဘူး။ တရုတ်ကော၊ ကချင်ကော၊ ရှမ်းကောစသဖြင့် တိုင်းရင်းသားပေါင်းစုံလူမျိုးတွေ အားလုံး အနူးညွတ်တောင်းပန်ပါတယ်။  ကျနော်တို့ နှစ်ဖွဲ့ကြားထဲမှာ နိုင်ငံရေးဆွေးနွေးတဲ့  ပြဿနာကို ရင်ကျက်မှုရှိရှိ မဖြေရှင်းနိုင်တဲ့အတွက်ကြောင့်  အခုလိုလက်နက်တွေဖြေရှင်းတဲ့အနေအထား တကယ်စိတ် တော်တော်လေးမကောင်းဖြစ်မိတယ်။ ဒီအခြေအနေကို ကျနော်တို့ လွတ်မြောက်အောင် ကျနော်ကြိုးစားနေပါတယ်။ ကျနော်တို့ တိုက်ပွဲဖြစ်လို့ မရပါဘူး။ တိုက်ပွဲတွေ အရင်ရပ်ဖို့လိုပါတယ်။ ဒါကိုလည်း ကျနော်ကြိုးစားနေပါတယ်။ အဲဒီအတွက် ပြည်သူလူထုတွေကလည်း ခဏပြောတဲ့ လက်နက်ကြီးဒဏ် ဒရုန်းဒဏ်တွေ မခံရအောင်တော့  အတွေ့အကြုံအရ အကာအကွယ် လုံလုံခြုံခြုံနေဖို့ တိုက်တွန်းချင်တယ်။ ပြီးတော့ ကျနော်တို့ရဲ့ TNLAတပ်မတော် ကျနော်တို့ရဲဘော်တွေလည်း ကျနော်တို့ ပန်းကြားချင်တယ်။ အနူးညွတ်တောင်းပန်ချင်တာက ကျနော်တို့ တိုက်ပွဲကာလ ၁၀၂၇ စစ်ဆင်းရေး အပတ်စဉ် (၁)နှင့် (၂)ရော တောက်လျှောက် ကျနော်တို့ရဲဘော်တွေ အရမ်းပင်ပန်းပြီးတော့ အခုမှ အနားယူပြီးတော့ ကိုယ်ကိုပြန်လည်တည်ဆောက်နေတဲ့အချိန်မှာ အခုလိုရုတ်တရက်ကြီး ဒီလိုတိုက်ခိုက်ခံရတယ်။ တိုက်ပွဲပြန်ဖြစ်လာတဲ့အတွက်ကြောင့် ကျ‌နော်အများကြီး ရဲဘော်တွေ ကိုယ်ချင်းစားတယ်။ ရဲဘော်တွေလည်း ဒါကို စိတ်ဓာတ်မကျကြဖို့ အကောင်းဆုံး ကိုယ်ရဲ့အနေအထားကို ကာကွယ်ထားဖို့ ကျနော်တိုက်တွန်းချင်ပါတယ်။ ကျနော်တို့အနေနဲ့လည်း ဒီတိုက်ပွဲကို ဆက်လက်ဖြစ်ပွားတာမျိုးမဟုတ်ဘဲ အမြန်ဆုံးအပြီးသတ် အဆုံးသတ် ရပ်တန့်သွား‌အောင် ကြိုးပမ်းသွားမယ်လို့ ကျနော်ပြောကြားချင်ပါတယ်။


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန


Topics: ကွတ်ခိုင်အခြေအနေနှင့်ပတ်သက်၍ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA၏ အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော်နှင့် ဧရာဝတီသတင်းဌာနမှ မြန်မာပိုင်း အယ်ဒီတာ ကျော်ခတို့၏ ဆက်သွယ်မေးမြန်းခြင်း
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း ညီနောင်မဟာမိတ်သုံးဖွဲ့ တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်