တအာင်းပြည်တွင် ဖေဖော်ဝါရီလအတွင်း မီးလောင်မှု (၃)ကြိမ်ဖြစ်ပွား၊ ကျပ်သိန်းပေါင်း (၈၀၀)ကျော် မီးလောင်ဆုံးရှုံး
နမ့်ဆန်၊ ဖေဖော်ဝါရီ ၂၅ ရက်
တအာင်းပြည်သတင်း
တအာင်းပြည် ကွတ်ခိုင်မြို့နယ်၊ နမ့်ဆန်မြို့နယ်နှင့် မိုင်းဝီးမြို့နယ်တို့တွင် ဖေဖော်ဝါရီလအတွင်း မီးလောင်မှု (၃)ကြိမ် ဖြစ်ပွားခဲ့ပြီး စုစုပေါင်း ကျပ်သိန်းပေါင်း (၈၀၀)ကျော် မီးလောင်ဆုံးရှုံးခဲ့သည်။

နမ့်ဆန်မြို့နယ်၊ နမ့်လင်းကျေးရွာတွင် ဖေဖော်ဝါရီ (၁၂)ရက် နံနက် (၁၀း၃၀)နာရီအချိန်တွင် ဦးအိုက်လွန်၏ နေအိမ်အတွင်း ဘတ်ထရီမှတစ်ဆင့် ဖုန်းအားသွင်းထားရာမှ အပူလွန်ကဲပြီး ပေါက်ကွဲမှု ဖြစ်ပွားကာ မီးစတင်လောင်ကျွမ်းခဲ့သည်။ အဆိုပါ မီးလောင်မှုကြောင့် နေအိမ်နှင့် အိမ်တွင်းပစ္စည်းများအားလုံး မီးလောင်ဆုံးရှုံးခဲ့ပြီး စုစုပေါင်း ကာလတန်ဖိုး ကျပ်သိန်း (၆၀၀)ကျော် ဆုံးရှုံးခဲ့သည်။

အလားတူ ကွတ်ခိုင်မြို့နယ်၊ မန်နောင်ကျေးရွာတွင် ဖေဖော်ဝါရီ (၁၉)ရက် နေ့လည် (၁း၃၀)နာရီခန့်တွင် အိမ်ခြံအတွင်း အမှိုက်မီးရှို့နေစဉ် လေပြင်းတိုက်ခတ်မှုကြောင့် မီးပျံ့နှံ့ကာ ဦးအိုက်မွန်း၏ နေအိမ်အနီး ရပ်ထားသည့် ကားတစ်စီးနှင့် ထင်းပုံများ မီးလောင်ခဲ့သည်။ စုစုပေါင်း ဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်း (၁၅၀)ကျော် ဆုံးရှုံးခဲ့သည်။

ထိုပြင် မိုင်းဝီးမြို့နယ်၊ မန်ပူးကျေးရွာတွင် ဖေဖော်ဝါရီ (၂၁)ရက် ညသန်းခေါင် (၁၂း၄၀)နာရီခန့်တွင် ဒေါ်အို၏ မီးဖိုဆောင်အတွင်း မီးအကြွင်းအကျန်မှတစ်ဆင့် မီးစတင်လောင်ကျွမ်းခဲ့ပြီး အနီးရှိ ဦးနိုင်ညွှန့်၏ နေအိမ်သို့ မီးကူးစက်လောင်ကျွမ်းခဲ့သည်။ ထိုမီးလောင်မှုကြောင့် နေအိမ်နှစ်လုံးရှိ ပစ္စည်းများအားလုံး မီးလောင်ဆုံးရှုံးခဲ့ပြီး စုစုပေါင်း ကျပ်သိန်းပေါင်း (၁၂၂)ကျော် ဆုံးရှုံးခဲ့ရသည်။ အဆိုပါ မီးလောင်မှုဖြစ်ပွားရာနေရာများသို့ PSLF/TNLA မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများက ဝိုင်းဝန်းငြိမ်းသတ်ပေးခဲ့ကြသည်။

မီးဘေးအန္တရာယ်မှ ကင်းဝေးစေရန် ပြည်သူတစ်ဦးချင်းစီမှ အသိရှိရှိ၊ သတိရှိရှိဖြင့် ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်းနှင့် မီးလောင်မှုဖြစ်ပွားပါက နီးစပ်ရာ မီးသတ်တပ်ဖွဲများထံ အမြန်ဆုံး အကြောင်းကြား၍ ပူးပေါင်းကူညီကြရန် လိုအပ်ပါသည်။
လက်ရှိကာလတွင် ခြောက်သွေ့ရာသီဖြစ်သဖြင့် မိဘပြည်သူများအနေဖြင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် အထူးသတိပြုရန် လိုအပ်သည်။ အထူးသဖြင့် နေအိမ်ပတ်ဝန်းကျင်တွင် ရေနံဆီ၊ ဓာတ်ဆီ၊ စက္ကူ၊ အဝတ်အစား၊ သစ်၊ ဝါး၊ ဓနိ၊ သက်ကယ် စသည့် မီးလောင်လွယ်သော ပစ္စည်းများကို စနစ်တကျ ထားရှိရမည်ဖြစ်သည်။ ထိုပြင် မီးအသုံးပြုပြီးပါက သေချာစွာ မီးငြိမ်းစေရန်၊ ဘက်ထရီအိုး/ဆိုလာပြား စစ်ဆေးခြင်း၊ လျှပ်စစ်မီးအသုံးပြုရာတွင် မီးခလုတ်များကို စစ်ဆေးပိတ်ထားရန်နှင့် ပေါ့ဆမီးမဖြစ်ပွားစေရန် အထူးသတိပြုရမည်ဖြစ်ကြောင့် တိုက်တွန်းအပ်ပါသည်။
Website Official
www.taangland.org
Telegram Official Channel
https://t.me/taangtv2023
YouTube Official
https://www.youtube.com/@pslftnlanews
Telegram Link – Ta’ang TV
https://t.me/TaangTV
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ