မိုင်းလုံနှင့် မိုင်းငေါ့မြို့တွင် တအာင်းပြည် ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးရောင်းဝယ်သူ (၃)ဦးနှင့် သုံးစွဲသူ (၁)ဦးကို ဖမ်းဆီးရမိ
မိုင်းလုံ၊ ဒီဇင်ဘာ ၂၅ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ မိုင်းလုံနှင့် မိုင်းငေါ့မြို့နယ်တွင် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ နယ်မြေလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းဆောင်ရွက်နေစဥ် မူးယစ်ဆေးဝါးရောင်းဝယ် (၃)ဦးနှင့် သုံးစွဲသူ (၁)ဦးကို ဖမ်းဆီးရမိခဲ့ပါသည်။
မြို့နယ်ရဲတပ်ဖွဲ့များသည် ပြီးခဲ့သည့် ဒီဇင်ဘာ (၂၃)ရက်နေ့ နေ့လယ် (၂း၄၀)နာရီအချိန်၌ ညောင်ထောက်နှင့် နာစီးကျေးရွာကြားတွင် စစ်ဆေးမှုပြုလုပ်နေစဥ် မူးယစ်ဆေးဝါးသုံးစွဲသူ အသက် (၃၀)နှစ်အရွယ် ဦးသာလေးထံ ယာမဆေးပြား (၃၁)နှင့်အတူ ဖမ်းဆီးရမိခဲ့ပါသည်။
ထိုအမျိုးသားကို ဆက်လက်စစ်ဆေးမေးမြန်းရာ၌ ၎င်းဆေးပြားသည် ညောင်ထောက်ကျေးရွာတွင်နေထိုင်သည့် အသက် (၅၇)နှစ်အရွယ် ဦးစံကျာထံမှ ဝယ်ယူခဲ့ကြောင်း ထွက်ဆိုခဲ့ပါသည်။ ထိုနောက် မြို့နယ်ရဲတပ်ဖွဲ့သည် ဦးစံကျာ၏ နေအိမ်ကိုသွားရောက်စစ်ဆေးရာမှ မူးယစ်ဆေးဝါးသုံးစွဲရာတွင် အသုံးပြုသည့် အသုံးဆောင်ပစ္စည်းများနှင့်အတူ ဖမ်းဆီးနိုင်ခဲ့သည်။
အဆိုပါဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်အရ ကွင်းဆက်ရောင်းဝယ်သူတစ်ဦးဖြစ်သည့် အသက် (၃၇)နှစ်အရွယ် ဒေါ်နန်းအီငယ်ထံ ယာမဆေးပြား (၁၈၀)ပြားနှင့် ဘိန်းဖြူတို့ကို မြို့နယ်ရဲတပ်ဖွဲမှ ထပ်မံသိမ်းဆည်းရမိခဲ့သည်။
အလားတူ မိုင်းငေါ့မြို့နယ်၊ နမ့်မန်တံတားတွင် ပြီးခဲ့သည့် ဒီဇင်ဘာ (၁၈)ရက်နေ့တွင် မြို့နယ်ရဲတပ်ဖွဲ့မှ ရှောင်တစ်ခင်စစ်ဆေးမှုပြုလုပ်နေစဥ် အသက် (၂၅)နှစ်အရွယ် ကိုမြတ်ဆုအောင်ထံ ယာမဆေးပြား (၇၀)ပြား၊ ဘိန်းဖြူထည့်ထားသည့် ဗူးတစ်ဗူးနှင့်အတူ ဖမ်းဆီးရမိခဲ့ပါသည်။
အဆိုပါ တအာင်းပြည် ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိထားသည့် မူးယစ်ဆေးဝါးရောင်းဝယ်သူကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA မှ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဥပဒေဖြင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး သုံးစွဲသူများကို အကျင့်စာရိတ္တပြုပြင်သွားမည်ဖြစ်သည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ