ကွတ်ခိုင်မြို့တွင် တအာင်းပြည် ကျန်းမာရေးကောင်စီ-THC မှ အသက် (၅)နှစ်အောက် ကလေးငယ်များအား ကာကွယ်ဆေးထိုးပေးနေ
ကွတ်ခိုင်၊ ဒီဇင်ဘာ ၁၀ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ ကွတ်ခိုင်ခရိုင်၊ ကွတ်ခိုင်မြို့တွင် အသက် (၅)နှစ်အောက် ကလေးငယ်များအား ဒီဇင်ဘာ (၉)ရက်နေ့မှ (၁၁)ရက်နေ့အထိ (၃)ရက်တိတိ ကာကွယ်ဆေးများ ထိုးပေးနေပါသည်။

အဆိုပါ ထိုးနှံပေးမည့်ကာကွယ်ဆေးများသည် BCG Vaccine ပြင်းထန် TBရောဂါ၊ OPV နှင့် IPV Vaccine ပိုလီယိုအကြောသေရောဂါ၊ Pentavalent Vaccine ငါးမျိုးစပ်ကာကွယ်ဆေး (ဆုံဆိုနာရောဂါ၊ ကြက်ညှာချောင်းဆိုးရောဂါ၊ မေးခိုင်ရောဂါ၊ အသည်းရောင်အသားဝါ၊ Bပိုး ရောဂါ၊ ပြင်းထန်ဦးနှောက်အမြှေးရောင်ရောဂါ)နှင့် MMR Vaccine ဝက်သက်ရောဂါ၊ ဂျိုက်သိုး ရောဂါ၊ ပါးချိတ်ရောင်ရောဂါတို့ဖြစ်ကြသည်။

ထိုကာကွယ်ဆေးများကို ယမန်နေ့ ကွတ်ခိုင်မြို့ ပြည်သူ့ဆေးရုံတွင် ကာကွယ်ဆေးစတင်ထိုးနှံပေးရာ ကလေးငယ် စုစုပေါင်း (၁၀၀)ဦးကျော် ထိုးနှံပေးခဲ့ပြီးဖြစ်သည်။ ကလေးငယ်များ ပုံမှန်ဖွံ့ဖြိုးလာစေရန်နှင့် ဉာဏ်ရည်မြင့်မာစေရန်အတွက် (၅)နှစ်အောက် ကာကွယ်ဆေးမထိုးရသေးသည့် ကလေးငယ်များကို ကလေးမိဘများအနေဖြင့် မိမိကလေးများ ကာကွယ် ဆေးလာရောက်ထိုးနှံပေးရန် လိုအပ်ကြောင့်တိုက်တွန်းနှိုဆော်အပ်ပါသည်။

ထိုအပြင် လစဉ်လတိုင်း ကလေးငယ်များကို ကာကွယ်ဆေးထိုးပေးသွားမည်ဖြစ်သောကြောင့် ကလေးမိဘပြည်သူလူထုမျာအနေဖြင့် နီးစပ်ရာ ကျန်းမာရေးဆေးရုံ၊ ဆေးခန်းများသို့ လာရောက်စုံစမ်းနိုင်ပါသည်။

အလားတူ နမ့်ဆန်မြို့နယ်နှင့် နမ့်ခမ်းမြို့နယ်တွင် ၎င်းကာကွယ်ဆေးကို ထိုးနှံပေးနေပြီးဖြစ်သလို ကာကွယ်ဆေးမထိုးရသေးသည့် မြို့နယ်များလည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
#PSLF/TNLA
# သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ