မိုင်းဝီးမြို့နယ်တွင် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးရောင်းဝယ်သူ အမျိုးသား (၁)ဦးနှင့် သုံးစွဲသူ အမျိုးသမီး(၁)ဦးအပါအဝင် (၇)ဦးဖမ်းဆီးရမိ
မိုင်းဝီး၊ ဒီဇင်ဘာ ၄ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ နမ့်ခမ်းခရိုင်၊ မိုင်းဝီးမြို့နယ်တွင် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ ရှောင်တခင်စစ်ဆေးမှုပြုလုပ်ဆောင်ရွက်နေစဥ် မူးယစ်ဆေးဝါးရောင်းဝယ်သူ အမျိုးသား (၁)ဦးနှင့် သုံးစွဲသူ အမျိုးသမီး(၁)ဦးအပါအဝင် (၇)ဦးဖမ်းဆီးရမိသည်။
တအာင်းပြည်မြို့နယ်ရဲတပ်ဖွဲ့သည် ပြီးခဲ့သည့် နိုဝင်ဘာ (၃၀)ရက်တွင် မိုင်းဝီးမြို့နယ်အတွင်း ရှောင်တခင် လှည့်လည်စစ်ဆေးနေစဥ် မူးယစ်ဆေးဝါးရောင်းဝယ်သူ အသက် (၂၅)နှစ်အရွယ် ဦးကျိန်ဉာဏ်ကျူထံ ဘိန်းဖြူဆပ်ပြာခွက်(၂)ခွက်၊ စိတ်ကြွဆေးပြား (၈၄၂)ပြား၊ ဖုန်း(၁)လုံး၊ ပိုက်ဆံ (၁၅၀၀၀)ကျပ်နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
ထိုအပြင်မြို့နယ်ရဲတပ်ဖွဲ့သည် ထပ်မံလှည့်လည်စစ်ဆေးရာတွင် အောက်ဝါ့ယော်ကျေးရွာတွင် နေထိုင်သည့် မူးယစ်ဆေးဝါးသုံးစွဲသူ အသက် (၄၈)နှစ်အရွယ် ဦးဉာဏ်နင်း၊ အသက် (၄၈)နှစ်အရွယ် ဦးအကွေနှင့် အသက် (၃၀)နှစ်အရွယ် ဦးကျန်မာယန်တို့ကို မူးယစ်ဆေးဝါးသုံးစွဲနေချိန်တွင် ဖမ်းဆီးရမိခဲ့သည်။
အလားတူပြီးခဲ့သည့် နိုဝင်ဘာ(၂၆)ရက်တွင်လည်း မိုင်းဝီးမြို့နယ်ရဲတပ်ဖွဲ့သည် နယ်မြေအတွင်းလှည့်လည် စစ်ဆေးနေချိန်၌ မူးယစ်ဆေးဝါးသုံးစွဲနေသည့် အသက် (၄၀)နှစ်အရွယ် ဒေါ်အာမ်ဆာ၊ အသက်(၄၀)နှစ်အရွယ် ဦးဖုန်းငွေ၊ အသက်(၃၂)နှစ်အရွယ် ဦးအိုက်မောင်နှင့် ဦးလုံးပေ့တို့ကို မိုင်းဝီးမြို့၊ ရပ်ကွက်(၄)တွင် ၎င်း၏နေအိမ်အား မူးယစ်ဆေးဝါးသုံးစွဲနေချိန် ဖမ်းဆီးရမိခဲ့သည်။
၎င်းတို့ကို တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ ဖမ်းဆီးထိန်းသိမ်းထားခဲ့ပြီး မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်။ ပြီးခဲ့သည့် နိုဝင်ဘာအတွင်းတွင် ကွက်ခိုင်၊ မိုးကုတ်၊ မိုင်းလုံနှင့် မန်တုံမြို့နယ်တွင် တအာင်းပြည်မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးရောင်းဝယ်သူ (၉)ဦးနှင့် သုံးစွဲသူ (၃၀)ဦးတို့ကို ဖမ်းဆီးနိုင်ခဲ့ပါသည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ