မိုးကုတ်မြို့တွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်
မိုးကုတ်၊ အောက်တိုဘာ ၂၀ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ တပ်မဟာ (၄)နယ်မြေ၊ မိုးကုတ်ခရိုင်၊ မိုးကုတ်မြို့အနောက်ပိုင်း၊ ကျောက်ဖားကျေးရွာတွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
ဖြစ်စဥ်တွင် ယမန်နေ့ နေ့လည် (၂း၀၆)နာရီအချိန်၌ စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ပေါင် (၂၅၀)ဗုံး (၁)လုံးလာရောက်ကြဲချပြီး ပြည်သူလူထု၏ ကြက်မွေးမြူးရေးခြံပေါ်တွင် ကျရောက်ပေါက်ကွဲခဲ့ပါသည်။
အလားတူ ယမန်နေ့ အောက်တိုဘာ (၁၉)ရက်နေ့အတွင်း စစ်ကောင်စီတပ်မှ နမ့်ဆန်၊ မန်တုံနှင့် မိုင်းငေါ့မြို့နယ်တွင် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူလူထု (၂)ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည်။
စစ်ကောင်စီတပ်သည် ယခုအောက်တိုဘာ (၁)ရက်နေ့မှ (၁၈)ရက်နေ့အထိ လေကြောင်းဖြင့် မန်တုံမြို့တွင် (၁)ကြိမ်၊ ကျောက်မဲမြို့တွင် (၃)ကြိမ်၊ သီပေါမြို့တွင် (၅)ကြိမ်၊ မိုင်းငေါ့မြို့တွင် (၁)ကြိမ်၊ မိုင်းလုံမြို့တွင် (၄)ကြိမ်၊ နမ့်ဆန်မြို့တွင် (၅)ကြိမ်၊ နမ္မတူမြို့တွင် (၅)ကြိမ်၊ မိုးမိတ်မြို့တွင် (၃)ကြိမ်နှင့် မိုးကုတ်မြို့တွင် (၁)ကြိမ်တို့ စုစုပေါင်း (၂၈)ကြိမ် လာရောက်ကြဲချတိုက်ခိုက်ခဲ့သည်။
ထိုဗုံးကျရောက်ပေါက်ကွဲမှုကြောင့် သံဃာတော်(၂)ပါး၊ ကလေး (၈)ဦး၊ အမျိုးသား (၁၂)ဦး၊ အမျိုးသမီး (၁၉)ဦးသေဆုံးခဲ့ပြီး ကလေး (၁၁)ဦး၊ အမျိုး သား (၁၆)ဦး၊ အမျိုးသမီး (၁၇)ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ် (၁၃၈)အိမ်၊ စာသင်ကျောင်း (၃)ကျောင်း၊ ဘုန်းကြီးကျောင်း (၃)ကျောင်း၊ ကျောင်း ဆောင် (၇)ဆောင်နှင့်အဆောက်အဦး (၄)ခုတို့ ထိမှန်ပျက်စီးသွားခဲ့သည်။
ထိုကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုများ ရှောင်ရှားနိုင်ရန် စစ်ရေးသတိအမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှ ကာကွယ်နိုင်ရန် လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းများ လိုက်နာဆောင်ရွက်ရန်လိုအပ်ပါသည်။
စစ်ကောင်စီတပ်သည် တအာင်းပြည်အတွင်းသာမက တိုင်းရင်းသားလက်နက်ကိုင်များ၊ ပြည်သူ့ ကာကွယ် ရေးတပ်ဖွဲ့တို့မှ တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့သောနေရာများတွင် လူဖြင့်သော်လည်းကောင်း၊ လက်နက်ကြီးဖြင့်သော်လည်းကောင်း၊ ဒရုန်းဖြင့်သော်လည်းကောင်း၊ လေကြောင်းဖြင့်သော်လည်း အပြစ်မဲ့ပြည်သူလူထုများအပေါ် စစ်ရာဇဝတ်မှုကျူးလွန်နေလျက်ရှိပါသည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ