အုမ်းစွမ်ကျေးရွာတွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံးလာရောက်ကြဲချတိုက်ခိုက်မှုကြောင့် အမျိုးသမီး (၁)ဦးသေဆုံး၊ ကလေးအပါအဝင် ပြည်သူလူထု (၅)ဦးထိမှန်ဒဏ်ရာရ
နမ့်ဆန်၊ အောက်တိုဘာလ ၁၄ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ တပ်မဟာ (၉)နယ်မြေ၊ နမ့်ဆန်မြို့နယ်၊ အုမ်းစွမ်ကျေးရွာတွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံးလာရောက်ကြဲချတိုက်ခိုက်မှုကြောင့် အမျိုးသမီး (၁)ဦးသေဆုံးသွားခဲ့ပြီး ကလေးငယ်အပါအဝင် ပြည်သူလူထု (၅)ဦးထိမှန်ဒဏ်ရာရရှိခဲ့ပါသည်။
စစ်ကောင်စီတပ်သည် ယနေ့ မနက် (၇း၃၀)နာရီအချိန်တွင် ဂျက်ဖိုက်တာဖြင့် ဗုံး (၁၁)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့သောကြောင့် အသက် (၁၆)နှစ်အရွယ် လွေးတင်တင်နွယ်သည် ထိုနေရာတွင် ပွဲချင်းပြီးသေဆုံးသွားခဲ့ပါသည်။
ထိုအပြင် အသက် (၁၅)နှစ် လွေးမေတင်နွယ်၊ ၊ အသက် (၅)နှစ်အရွယ် မိုင်းနန်းဘု၊ အသက် (၇)နှစ်အရွယ် မိုင်းကောင်းချစ်ဖြိုး၊ အသက် (၃)နှစ်အရွယ် လွေးမေချစ်သဲနှင့် အသက် (၃၃)နှစ် ဦးနန်းလင်တို့ ဗုံးစထိမှန်ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။ ထိုနောက် နွား (၂)ကောင် သေဆုံးခဲ့ပြီး ဆိုင်ကယ် (၆)စီး၊ ကလေးမူကြိုကျောင်းအပါအဝင် နေအိမ် (၈)လုံး ထိမှန်ပျက်စီးသွားခဲ့သည်။
အလားတူ ပြီးခဲ့သည့် အောက်တိုဘာလ (၁၃)ရက်နေ့လည်း နမ့်ဆန်မြို့နယ်၊ ကယားကြီးကျေးရွာတွင် ဂျက်ဖိုက်တာ ဗုံးပေါင်း (၂၅၀) (၆)လုံး လာရောက်ကြဲချတိုက်ခိုက်မှုကြောင့် အမျိုးသား (၁)ဦးထိမှန်ဒဏ်ရာရရှိခဲ့ပြီး စာသင်ကျောင်းဆောင် (၂)ဆောင်နှင့် ပြည်သူလူထုနေအိမ် (၆)အိမ် ထိမှန်ပျက်စီးသွားခဲ့သည်။
ထိုကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုများရှောင်ရှားနိုင်ရန် စစ်ရေးသတိအမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှကာကွယ်နိုင်ရန် လေကြောင်းရန် ကာကွယ်ရေးဆိုင်ရာနည်းလမ်းများ လိုက်နာဆောင်ရွက်ရန်လိုအပ်ပါသည်။
စစ်ကောင်စီတပ်သည် တအာင်းပြည်အတွင်းသာမက တိုင်းရင်းသားလက်နက်ကိုင်များ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲတို့မှ တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့သောနေရာများတွင် လူဖြင့်သော်လည်းကောင်း၊ လက်နက်ကြီးဖြင့်သော်လည်းကောင်း၊ ဒရုန်းဖြင့်သော်လည်းကောင်း၊ လေကြောင်းဖြင့် သော်လည်းကောင်း အပြစ်မဲ့ပြည်သူလူထုများအပေါ် စစ်ရာဇဝတ်မှု ကျူးလွန်နေလျက်ရှိပါသည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ