သီတင်းကျွတ်လပြည့်နေ့တွင် စစ်ကောင်စီတပ်မှ နမ္မတူမြို့ထဲကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်
နမ္မတူ၊ အောက်တိုဘာ ၆ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ တပ်မဟာ(၈)နယ်မြေ၊သီတင်းကျွတ်လပြည့်နေ့တွင် စစ်ကောင်စီတပ်မှ နမ္မတူမြို့ထဲကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ်(၆)အိမ် ထိမှန်ပျက်စီးခဲ့ပါသည်။
စစ်ကောင်စီတပ်သည် ယနေ့ နံနက် (၇း၃၀)နာရီအချိန်၌ နမ္မတူမြို့ မြို့မဈေးရပ် ရက်ကွက်(၂) ပြည်သူလူထုများတည်ရှိရာကို ဦးတည်၍ ရည်ရွယ်ချက်ရှိရှိ ဂျက်ဖိုက်တာဖြင့် ဗုံးများလာရောက်ကြဲချတိုက်ခိုက်ခဲ့ပါသည်။ ထိုဗုံးကျရောက်ပေါက်ကွဲမှုကြောင့် နမ္မတူမြို့ရှိ နေအိမ် (၆)အိမ်လည်း ဗုံးစထိမှန်ပျက်စီးသွားခဲ့ပါသည်။
အလားတူ အောက်တိုဘာလ(၂)ရက်နေ့တွင်လည်း နမ္မတူမြို့တွင် ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ပြည်သူ လူထု(၄)ဦး သေဆုံးပြီး (၅)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။
ထိုကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုများရှောင်ရှားနိုင်ရန် စစ်ရေးသတိ အမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှကာကွယ်နိုင်ရန် လေကြောင်းရန် ကာကွယ်ရေးဆိုင်ရာနည်းလမ်းများ လိုက်နာဆောင်ရွက်ရန်လိုအပ်ပါသည်။
စစ်ကောင်စီတပ်သည် တအာင်းပြည်အတွင်းသာမက တိုင်းရင်းသားလက်နက်ကိုင်များ၊ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တို့မှ တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့သောနေရာများတွင် လူဖြင့်သော်လည်း ကောင်း၊ လက်နက်ကြီးဖြင့်သော်လည်းကောင်း၊ ဒရုန်းဖြင့်သော်လည်းကောင်း၊ လေကြောင်းဖြင့်သော် လည်း အပြစ်မဲ့ပြည်သူလူထုများအပေါ် စစ်ရာဇဝတ်မှုကျူးလွန်နေလျက်ရှိပါသည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ