သီပေါတွင် စစ်ကောင်စီ၏ ထပ်မံဗုံးကြဲချတိုက်ခိုက်မှုကြောင့် ပြည်သူလူထု (၂)ဦးသေဆုံး၊ (၅)ဦး ထိခိုက်ဒဏ်ရာရ
သီပေါ၊ ဇူလိုင် ၁၅ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ တပ်မဟာ (၂)နယ်မြေ၊ သီပေါမြို့တွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူလူထု (၂)ဦး သေဆုံးခဲ့ပြီး (၅)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။
ယမန်နေ့ ညနေ (၅း၅၇)နာရီအချိန်၌ တောင်မြို့ရပ်ကွက်တွင် ဂျက်ဖိုက်တာဖြင့် ပေါင် (၂၅၀) ဗုံး (၄)လုံး လာရောက်ကြဲချတိုက်ခိုက်မှုကြောင့် အမျိုးသား (၂)ဦး ပွဲချင်းပြီးသေဆုံးခဲ့ပြီး အမျိုးသမီး (၁) ဦးနှင့် အမျိုးသား (၄)ဦးတို့ ထိမှန်ဒဏ်ရာရရှိခဲ့ပါသည်။ ထိုအပြင် နေအိမ် (၅)အိမ်လည်း ဗုံးစထိမှန်ပျက်စီးသွားခဲ့သည်။
ပြီးခဲ့သည့် ဇူလိုင်လ (၁၃)ရက်နေ့လည်း မိုးကုတ်မြို့တွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံးလာရောက်ကြဲချတိုက်ခိုက်မှုကြောင့် ကလေးငယ် (၂)ဦးအပါအဝင် ပြည်သူလူထု (၆)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပြင် နေအိမ် (၆)အိမ်လည်း ဗုံးစထိမှန်ပျက်စီးသွားခဲ့ပါသည်။
စစ်ကောင်စီတပ်သည် ဇွန်လ (၂၉)ရက်နေ့မှ ဇူလိုင်လ (၁၄)ရက်နေ့ နံနက်ပိုင်းအထိ လေကြောင်းဖြင့် ကျောက်မဲမြို့တွင် (၆)ကြိမ်၊ နောင်ချိုမြို့နယ် သုံးဆယ်ကျေးရွာတွင် (၁)ကြိမ်၊ မိုးကုတ်မြို့တွင် (၂)ကြိမ်နှင့် သီပေါမြို့တွင် (၂)ကြိမ်တို့ စုစုပေါင်း (၁၁)ကြိမ် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ပါသည်။ ထိုဗုံးကျရောက် ပေါက်ကွဲမှုကြောင့် ကလေးငယ်အပါအဝင် ပြည်သူလူထု (၉)ဦးသေဆုံးခဲ့ရပြီး ကလေးငယ် (၄)နှင့် ပြည် သူလူထု (၄၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ် (၆၃)အိမ်၊ စာသင်ကျောင်း (၁)ကျောင်း၊ ဘုန်းကြီး ကျောင်း (၄)ကျောင်းတို့လည်း ဗုံးစထိမှန်ပျက်စီးသွားခဲ့ပါသည်။
ထိုကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီတပ်၏တိုက်ခိုက်မှုများရှောင်ရှားနိုင်ရန် စစ်ရေးသတိအမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှကာကွယ်နိုင်ရန် လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းများလိုက်နာဆောင်ရွက်ရန်လိုအပ်ပါသည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ