သီပေါတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ပျက်စီးနေသော ရွှေညောင်ပင်တံတားနှင့်တုံစင့်-မိုးတေလမ်းကို ပြန်လည်ပြုပြင်ပေး
သီပေါ၊ ဇူလိုင်လ ၁၁ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ တပ်မဟာ (၂)နယ်မြေ၊ သီပေါတွင်၊ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦးPSLF/TNLA မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ပျက်စီးနေသည့် ရွှေညောင်ပင်တံတားနှင့် တုံစင့်-မိုးတေလမ်းကို ပြန်လည်ခင်းကျင်းပြုလုပ်ပေးခဲ့သည်။
အဆိုပါ သီပေါမြို့၊ ပန်းတိမ်တောင်ရပ်ကွက်ရှိ ရွှေညောင်ပင်တံတားသည် ပျက်စီးနေပြီး ပြည်သူလူထုများ ဖြတ်သန်းသွားလာရန်အဆင်မပြေသောကြောင့် ပြီးခဲ့သည့် မေလ (၆)ရက်နေ့တွင် စတင်ပြုလုပ်ဆောင်ရွက်ရာမှ ဇွန်လ (၁၃)ရက်နေ့တွင် ပြုလုပ်ဆောင်ရွက်ပြီးစီးသွားခဲ့သည်။
၎င်းအပြင် ပျက်စီးနေသည့် တုံစင့်-မိုးတေလမ်းပိုင်းကိုလည်း ပြီးခဲ့သည့် မေလ (၆)ရက်နေ့တွင် ကတ္တရာများဖြင့် ပြန်လည်ခင်းကျင်းပြုလုပ်မှ ဇူလိုင်လ(၆)ရက်နေ့တွင် ခင်းကျင်းဆောင်ရွက်ပြီးစီးခဲ့သည်။
ထိုနောက်တွင် မြို့တွင်း စိမ်းလန်းစိုပြေသာယာလှပရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ လမ်းမကြီးဘေးနှင့် ရပ်ကွက်လမ်းဘေးရှိ မြက်ပင်၊ ချုံပင်နှင့်သစ်ပင်များကို ခုတ်ရှင်းလင်းပြီး သန့်ရှင်းရေးများလည်း ပြုလုပ်ဆောင်ရွက်ပေးခဲ့ပါသည်။
အလားတူ ပြီးခဲ့သည့် မေလ (၂၇)ရက်နေ့လည်း မြို့နယ်အုပ်ချုပ်ရေးဌာနမှ
ဦးဆောင်ပြီး မန်လွယ်နှင့် တော့ဖက်ကျေးရွာကြား ပြည်သူလူထုများ သွားလာအဆင်ပြေစေရန် တံတားတစ်စင်းပြုလုပ်ပေးခဲ့သည်။ ထိုအပြင် နမ္မတူမြို့နယ်၊ နမ့်ဆန်မြို့နယ်နှင့် ကွတ်ခိုင်မြို့နယ်တို့တွင် ပျက်စီးနေသည့် လမ်းနှင့် တံတားများကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ပြန်လည်ပြုပြင်ဆောက်လုပ်ပေးခဲ့သည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ