PSLF/TNLA ၏ အပတ်စဉ်(၁) နိုင်ငံရေးသိပ္ပံကျောင်း ကျောင်းဆင်းပွဲနှင့် ဒီပလိုမာဘွဲ့အပ်နှင်းခြင်းအခမ်းအနား ကျင်းပပြီးစီး
နမ့်ဆန်၊ ဇွန်လ ၃၀ ရက်
တအာင်းပြည်သတင်း
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA မှ ဦးဆောင်ဖွင့်လှစ်ထားသော နိုင်ငံရေးသိပ္ပံ ကျောင်း အပတ်စဥ် (၁) ကျောင်းဆင်းပွဲနှင့် ဒီပလိုမာဘွဲ့အပ်နှင်းခြင်း အခမ်းအနားအား ဇွန်လ ၂၅ ရက်နေ့ တအာင်းပြည်တစ်နေရာတွင် အောင်မြင်စွာကျင်းပပြီးစီးခဲ့သည်။
အဆိုပါ ဘွဲ့နှင်းသဘင် အခမ်းအနားသို့ PSLF/TNLA၏ ဒုဥက္ကဌ(၁) ဒုတိယဗိုလ်ချုပ်ကြီး တားဂျုတ်ဂျား၊ အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော်၊ တအာင်းပြည်ကောင်စီ ဒုဥက္ကဌ(၁) ဒီဒီမိုခမ်း၊ တအာင်းမြေတက္ကသိုလ် ဒေါက်တာဟောည်၊ ဗိုလ်မှူးချုပ် တားအိုမ်တမာဝ်း၊ ဗိုလ်မှူးကြီး တားပန်လ၊ စစ်ဦးစီးချုပ်ရုံးမှ စစ်ဦးစီးအရာရှိချုပ် ဗိုလ်မှူးချုပ် တားနော်ရိူန်း၊ အရပ်ဖက်အဖွဲ့အစည်း တာဝန်ရှိသူများနှင့် နိုင်ငံရေးသိပ္ပံကျောင်းမှ သက်ဆိုင်ရာ ဘာသာရပ်သင် ဒေါက်တာနှင့် ဆရာ/မများ၊ PSLF/TNLA၏ ဌာနဆိုင်ရာများမှ အရာရှိ အရာခံများနှင့် ကျောင်းသူ/သားတို့၏ မိသားစုဝင်များ စုစုပေါင်း လူဦးရေ (၆၀၀) ကျော် တက်ရောက်ခဲ့ကြသည်။
ဘွဲနှင်းသဘင် အခမ်းအနားတွင် ဒုတိယဗိုလ်ချုပ်ကြီး တားဂျုတ်ဂျားက "တအာင်းပလောင်လူမျိုးများအနေဖြင့် ယခင်အချိန်က နိုင်ငံရေးအသိအားနည်းခြင်းကြောင့် အရာရာလက်လွတ်ဆုံးရှုံးခဲ့ရပြီဖြစ်ရာ လက်ရှိ မိမိတို့ လက်ထက်တွင် နိုင်ငံရေးအား သတ္တိရှိရှိ လုပ်ကြရန် အချိန်တန်ပြီးဖြစ်သည်။ ယခု နိုင်ငံရေးသိပ္ပံကျောင်းဆင်းမည့် PSLF/TNLA လူငယ်များအနေဖြင့်လည်း ရနံ့မွှေးသည့် ပန်းများ ဖြစ်စေလိုပြီး မျှစ်တိုင်း ဝါးဖြစ်စေလိုကြောင်း" မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။
အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော်ကလည်း PSLF/TNLA၏ နိုင်ငံရေးသိပ္ပံကျောင်းနှင့် ပတ်သက်၍ "တအာင်းပြည်တစ်ခုတည်းသာမက မြန်မာပြည်တစ်ခုလုံးပါဝင်သည့် တော်လှန်ရေးလုပ်ငန်း အသီးသီးတွင် လူငယ်များ ပါဝင်အလုပ်လုပ်ကြရန်နှင့် လူထုအကျိုးပြု လုပ်ငန်းများ ပြုလုပ်ကာ တော်လှန်းရေးပန်းတိုင် အမြန်ဆုံးရောက်ရှိအောင် စွမ်းစွမ်းတမံ အလုပ်လုပ်ကြရန် လိုအပ်ကြောင်း" ယခုကျောင်း ဆင်းပွဲတွင် ဗိုလ်ချုပ်တားဘုန်းကျော်က ထပ်မံတိုက်တွန်းပြောကြားသည်။
ဤကျောင်းသည် ၂၀၂၂ ခုနှစ် ဩဂုတ်လတွင် စတင်ဖွင့်လှစ်ခဲ့ပြီး (၃)နှစ်ကြာကာလတွင် ကျောင်းသား (၁၅)ဦး နှင့် ကျောင်းသူ (၂၀) ဦး စုစုပေါင်း (၃၅)ဦး တတ်ရောက်သင်ကြားခဲ့သည်။ အခမ်းအနားတွင် နိုင်ငံရေးသိပ္ပံကျောင်းမှ (၃)နှစ်ကာလအတွင်း အောင်မြင်ပြီးမြောက်သော ကျောင်းသူ/သားများကို ဒီလိုပလိုမာဘွဲ့အပ်နှင်းခြင်း၊ ထူးချွန်သည့် ကျောင်းသူ/သားများကို ဆုချီးမြှင့်ပေးခြင်းနှင့် သင်ကြားပေးသည့် ဆရာ/မများအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ချီးမြှင့်ခဲ့သည်။
စစ်ကောင်စီအာဏာသိမ်းပြီးနောက် ဖွင့်လှစ်ခဲ့သော PSLF/TNLA၏ နိုင်ငံရေးသိပ္ပံကျောင်းသည် နိုင်ငံရေးရေချိန်မြင့်နေသည့် အချိန်၌ ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည့်အတွက် PSLF/TNLA လူငယ်များအဖို့ မဟာအခွင့်အရေးတစ်ရပ်အဖြစ် ကျောင်းသား/သူများက မှတ်ယူကြသည်။ အဆိုပါ နိုင်ငံရေးသိပ္ပံကျောင်းသည် နိုင်ငံရေးတွင် ပါဝင်လုပ်ဆောင်နိုင်ရန် PSLF/TNLA လူငယ်များအတွက် အခွင့်အလမ်းအားတစ်ရပ်ဖြစ်ပါသည်။
နိုင်ငံရေးအနာဂတ် မျိုးဆက်သစ်ခေါင်းဆောင်များ ထွက်ပေါ်လာရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့သည့် နိုင်ငံရေးသိပ္ပံကျောင်းအား ကျောင်းဆင်းသွားသည့် မျိုးဆက်သစ် ကျောင်းသူ/သားများအား နိုင်ငံရေးတွင် ပါဝင်လုပ်ဆောင်ကြရန်နှင့် မိမိတတ်ကျွမ်းရာဘာသာရပ်များတွင် တာဝန်ထမ်းဆောင်သွားကြရမည်ဖြစ်သည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ