မန်တုံတွင် သက်တမ်းကုန်နေသည့် ဆေးဝါးနှင့် စားသောက်ကုန်ပစ္စည်းများကို မြို့စီမံအုပ်ချုပ်ရေးကော်မတီမှ ထပ်မံစစ်ဆေးမှုပြုလုပ်
မန်တုံ၊ ဇွန်လ ၁၉ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ တပ်မဟာ (၅)နယ်မြေ၊ မန်တုံမြို့တွင် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA၏ မန်တုံမြို့စီမံအုပ်ချုပ်ရေးကော်မတီမှ သက်တမ်းကုန်နေသည့် စားသောက်ကုန်နှင့် ဆေးဝါးပစ္စည်းများကို ထပ်မံစစ်ဆေးမှုပြုလုပ်ခဲ့သည်။
ထိုစစ်ဆေးမှုကို မြို့စီမံအုပ်ချုပ်ရေးကော်မတီမှ ပြီးခဲ့ပြီး ဇွန်လ (၁၇)ရက်နေ့တွင် မြို့တွင်းရှိ ဆေးခန်းများနှင့် ကုန်စုံဆိုင်များကို လိုက်လံစစ်ဆေးခဲ့ရာမှ သက်တမ်းကုန်နေသည့် ပစ္စည်းများကိုလည်း စစ်ဆေးတွေ့ရှိခဲ့ပါသည်။
အဆိုပါ စစ်ဆေးတွေ့ရှိထားသည့် ပစ္စည်းများကိုလည်း သိမ်းဆည်းသွားခဲ့ပြီး မီးရှို့ဖျက်စီးပစ်ခဲ့ပါသည်။ ၎င်းဆိုင်များအနေဖြင့် သက်တမ်းကုန်နေသည့်စားသောက်ကုန်နှင့် ဆေးများကို ထပ်မံရောင်းချမည်ဆိုပါက အရေးယူသွားမည်ဖြစ်သည်။
အလားတူ ပြီးခဲ့သည့် မေလအတွင်းလည်း ၎င်းကော်မတီမှ မိုင်းဝီးမြို့နယ်၊ နမ့်ခမ်းမြို့နယ်၊ နမ့်ဆန်မြို့နယ်၊ နမ္မတူမြို့နယ်တို့တွင် ကုန်စုံဆိုင်နှင့် ဆေးဆိုင်များအား သက်တမ်းကုန်ဆုံးသည့် ပစ္စည်းများကို လိုက်လံစစ်ဆေးမှုပြုလုပ်ခဲ့သည်။
ထိုစစ်ဆေးမှုပြုလုပ်ရခြင်းသည် မိဘပြည်သူများမှ သက်တမ်းကုန်ဆုံးနေသည့် ဆေးနှင့် စားသောက်ကုန်ပစ္စည်းများကို မဝယ်မိစေရန်နှင့်ရောင်းသူများကိုလည်း နောက်နောင်မရောင်းရန် နောက်ဆုံးအကြိမ်ဖြင့် သတိပေးခဲ့ပါသည်။
၎င်းဆေးဆိုင်နှင့် စားသောက်ကုန်ရောင်းနေသည့် ဆိုင်များအနေဖြင့် သက်တမ်းကုန်နေသည့် ပစ္စည်းများကို တတိယအကြိမ် ထပ်မံတင်သွင်းရောင်းချပါက ထိုပစ္စည်းများ၏ တန်ဖိုးအတိုင်း ပြန်လျော်ပေးရမည်ဖြစ်ပါသည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ