မြို့သစ်ကျေးရွာတွင်အုပ်စုဖွဲ့ကာ ဆိုင်ကယ်များကို လိုက်လံခိုးယူနေသည့်အမျိုးသား (၅)ဦးကို တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိ
နမ့်ဆန်၊ ဧပြီ ၂၅ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊တပ်မဟာ(၂)နယ်မြေ၊ နမ့်ဆန်ခရိုင်၊ မိုင်းငေါ့မြို့နယ်၊ မြို့သစ်ကျေးရွာတွင် အုပ်စုဖွဲ့ပြီး ဆိုင်ကယ်များကို လိုက်လံခိုးယူနေသည့် အမျိုးသား (၅)ဦးကို တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှဧပြီလ (၃)ရက်တွင် ဖမ်းဆီးရမိခဲ့ပါသည်။
၎င်းတို့သည် ပြီးခဲ့သည့် ၂ဝ၂၄ခုနှစ် ဒီဇင်ဘာလမှစတင်ပြီး မြို့သစ်ကျေးရွာအနီးရှိ ဒေသခံများ၏ ဆိုင်ကယ်များကို လိုက်လံခိုးယူခဲ့ပါသည်။ ခိုးယူရရှိလာသည့်ဆိုင်ကယ်များကိုလည်း စျေးနှုန်းချိုသာစွာဖြင့် ပြန်လည်ရောင်းခဲ့ပါသည်။
အဆိုပါ အုပ်စုဖွဲ့ပြီး ဆိုင်ကယ်များကို လိုက်လံခိုးယူနေသည့်အဖွဲ့ကို ဒေသခံများမှ မြို့နယ်ရဲတပ်ဖွဲ့ထံ သွားရောက်တိုင်ကြားခဲ့ပါသည်။ ၎င်းနောက် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့နှင့် ပြည်သူလူထုများမှ ပူးပေါင်းပြီး ထိုအဖွဲ့ကို ဆိုင်ကယ် (၇)စီးနှင့်အတူ ကွင်းဆက်ဖမ်းဆီးရမိခဲ့ပါသည်။
ထိုဆိုင်ကယ်ခိုးသူများသည် အသက် (၂၄)နှစ်အရွယ် မိုင်းအမောင်၊ အသက် (၁၄)နှစ် မိုင်းကျော်သူ၊ အသက် (၁၆)နှစ် မိုင်းနေထက်လင်း၊ အသက် (၂ဝ)နှစ် မိုင်းမျိုးအောင်နှင့် အသက် (၂၂)နှစ် မိုင်းချမ်းထိုက်စံတို့ဖြစ်ကြသည်။
ခိုးယူထားသည့်ဆိုင်ကယ်များကို ပိုင်ရှင်ထံ တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ ပြန်လည်ပေးအပ်ခဲ့ပြီး ခိုးမှုကျူးလွန်ထားသည့် ၎င်းတို့ကိုလည်း တရားဥပဒေနှင့် အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ