တအာင်းပြည်တွင် ဇန်နဝါရီလအတွင်း စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူလူထု (၁၃)ဦး သေဆုံး၊ (၂၆)ဦး ဒဏ်ရာရ
တအာင်းပြည်၊ ဖေဖော်ဝါရီလ ၃ ရက်
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အုပ်ချုပ်သော မြို့နယ်များကို စစ်ကောင်စီတပ်မှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းကိုအသုံးပြုကာ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူလူထု (၁၃)ဦး သေဆုံးခဲ့ပြီး (၂၆)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။
စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် ဇန်နဝါရီလ ၈ ရက်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မိုးကုတ်မြို့အရှေ့ပိုင်းတွင် လေကြောင်းကိုအသုံးပြုပြီး ဗုံး (၂၀)လုံးခန့် လာရောက်ကြဲကျတိုက်ခိုက်မှုကြောင့် ပြည်သူလူထုနေအိမ် (၅)လုံး၊ ဘုန်းကြီးကျောင်း (၁)ကျောင်းနှင့် မော်တော်ယာဥ် (၁)စီး ထိမှန်ပျက်စီးသွားခဲ့ပါသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၂၁ ရက်နှင့် ၂၂ရက်တွင် နောင်ချိုမြို့နယ်ကို ဂျက်ဖိုက်တာဖြင့် ဗုံး (၄)လုံး လာရောက်ကြဲချတိုက်ခိုက်မှုကြောင့် အမျိုးသား(၅)ဦး၊ အမျိုးသမီး (၄)ဦး သေဆုံးပြီး အမျိုးသမီး (၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပြင် နေအိမ် (၉)လုံးနှင့် ဘုန်ကြီးကျောင်း (၁)ကျောင်း ထိမှန်ပျက်စီးသွားခဲ့သည်။
အလားတူ ကျောက်မဲမြို့နယ်လည်း စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာ ဇန်နဝါရီလ ၂၅ ရက်တွင် ဗုံး (၄)လုံး လာရောက်ကြဲချတိုက်ခိုက်မှုကြောင့် အမျိုးသား (၂)ဦး၊ အမျိုးသမီး (၂)ဦးသေဆုံးပြီး အမျိုးသား (၅)ဦး၊ အမျိုးသမီး (၁၈)ဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ် (၁၂)လုံး ထိမှန်ပျက်စီးသွားခဲ့သည်။
စစ်ကောင်စီတပ်သည် တအာင်းပြည်အတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပြည်သူလူထုများကို ဦးတည်ကာ ရည်ရွယ်ချက်ရှိရှိ လေကြောင်းကို အသုံးပြုပြီး လာရောက်ဗုံးကြဲတိုက်ခိုက်လျက်ရှိသည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ