စစ်ကောင်စီတပ်ထိန်းချုပ်သည့် မူဆယ်မြို့တွင် တစ်လအတွင်း ပိုင်ရှင်မဲ့ ရုပ်အလောင်း (၆)လောင်းနှင့် လုယက်ဓားပြတိုက်မှု (၃)ကြိမ်ဖြစ်ပွား
မူဆယ်၊ ဇန်နဝါရီလ ၉ ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ တပ်မဟာ (၁)နယ်မြေ၊ စစ်ကောင်စီတပ်ထိန်းချုပ်ထားသည့် မူဆယ်မြိုတွင် ပြီးခဲ့သည့် ဒီဇင်ဘာလ တစ်လအတွင်း ပိုင်ရှင်မဲ့ ရုပ်အလောင်း (၆)လောင်းနှင့် လုယက်ဓားပြတိုက်မှု (၃)ကြိမ် ဖြစ်ပွားခဲ့ပါသည်။
အဆိုပါ ရုပ်အလောင်းသည် ဒီဇင်ဘာလ (၉)ရက်တွင် ပိုင်ရှင်မဲ့ ရုပ်အလောင်း (၂)လောင်း၊ ဒီဇင်ဘာ (၁၂)ရက်မှ ရုပ်အလောင်း (၃)လောင်းနှင့် ဒီဇင်ဘာလ (၂၅) ရက်မှ ရုပ်အလောင်း (၁)လောင်း တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ၎င်းရုပ်အလောင်းများအားလုံးသည် မူးယစ်သုံးစွဲသူများဖြစ်ကြပါသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ (၂၁)ရက်တွင် ဟိုမွန်ရပ်ကွက်ရှိ အလှပြင်ဆိုင်တစ်ဆိုင်သို့ အမျိုးသမီးတစ်ဦးမှ ခေါင်းလျှော်နေစဉ် အမည်မသိအမျိုးသားတစ်ဦးက ကားရွေ့ပေးမည်ဟုဆိုကာ ကားသော့တောင်းယူရာမှ ကားမာင်းထွက်ပြေးသွားသည်။
ထို့အပြင် ဒီဇင်ဘာလ (၂၂)ရက်လည်း ပစ္စည်းသွားပို့သည့် အမျိုးသမီး (၂)ဦးသည် ရွှေသမင်ကုန်းအဆင်းနားရောက်စဉ် အမျိုးသား (၂)ဦးက ဆိုင်ကယ်ရပ်ခိုင်းပြီး သေနတ်ဖြင့် ခြိမ်းခြောက်ရာ ဆိုင်ကယ်လုယူသွားခဲ့သည်။ ၎င်းနောက် ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၅ရက်တွင် ကားစီးလာသည့် တရုတ်အမျိုးသား (၂)ဦးသည် ဈေးရောင်းသည့် အမျိုးသမီး (၁)ဦးထံ ဓားပြတိုက်ပြီး ငွေများယူဆောင်သွားသည်။
စစ်ကောင်စီတပ်ထိန်းချုပ်ထားသည့် တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့တွင် လုယက်မှု၊ ဓားပြတိုက်မှု၊ ပြန်ပေးဆွဲမှုများ နေ့စဉ်နှင့်အမျှဖြစ်ပွားသော်လည်း စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့မှ ကျူးလွန်သူများကို ထိရောက်စွာအရေးယူခြင်း မရှိသေးပေ။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ