တစ်လအတွင်း ကျေးရွာ (၅)ရွာကို PSLF/TNLA အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနမှ ကွင်းဆင်းအသိပညာပေးမှုပြုလုပ်
တအာင်းပြည်သတင်း၊ ဇန်နဝါရီလ ၈ ရက်
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA၏ ဌာနတစ်ခုဖြစ်သည့် အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနသည် ဒီဇင်ဘာလအတွင်း ကျေးရွာပေါင်း (၅)ရွာရှိ ဒေသခံပြည်သူများထံ အသိပညာပေးမှုများ ကွင်းဆင်းဆောင်ရွက်နိုင်ခဲ့သည်။
ထိုအသိပညာပေးမှု ကွင်းဆင်းရာတွင် မိုင်းငေါ့နှင့် နမ္မတူမြို့နယ်ရှိ ကျေးရွာပေါင်း (၅)ရွာရှိ ဒေသခံပြည်သူများကို အမျိုးသမီးနှင့်ပျော်ရွှင်သောမိသားစု၊ အမျိုးသမီးနှင့်ပညာရေး၊ အိမ်တွင်းအကြမ်းဖက်မှု၊ အမျိုးသမီးနှင့် စီမံကိန်းများစသည့်အကြောင်းအရာများကို အသိပညာပေးပြုလုပ်ခဲ့သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် မိုင်းငေါ့မြို့နယ်မှ ကျေးရွာ(၄)ရွာနှင့် နမ္မတူမြို့နယ် ကျေးရွာ (၁)ရွာများရှိ ဒေသခံစုစုပေါင်း လူဦးရေ (၂၅၆)ဦး ပါဝင်ဆွေးနွေးခဲ့သည်။
PSLF/TNLA အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနအနေဖြင့် တအာင်းပြည်အတွင်း အမျိုးသမီးများအပေါ် အကြမ်းဖက်မှုလျော့ကျစေရေးလုပ်ငန်းစဉ်များ၊ အမျိုးသမီးစွမ်းရည် မြင့်တင်ရေးနှင့် စည်းရုံးရေးလုပ်ငန်းစဉ်များ၊ အိမ်တွင်းမှုနှင့် ဝင်ငွေလှည့်ပတ်စီးဆင်းမှုလုပ်ငန်းစဉ်များ ချမှတ်ကာ အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ တစ်လအတွင်း နမ့်ဆန်၊ နမ္မတူ၊ မိုင်းငေါ့မြို့နယ်မှ ကျေးရွာပေါင်း (၉)ရွာရှိ ဒေသခံပြည်သူများအား အသိပညာပေး ကွင်းဆင်းဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်သည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ