တစ်လအတွင်း ကျေးရွာ (၉) ရွာတွင် PSLF/TNLA အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနမှ ကွင်းဆင်းအသိပညာပေးမှုပြုလုပ်
တအာင်းပြည်သတင်း၊ ဒီဇင်ဘာလ ၃ ရက်
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA )၏ ဌာနတစ်ခုဖြစ်သည့် အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနသည် နိုဝင်ဘာလအတွင်း ကျေးရွာပေါင်း (၉)ရွာရှိ ဒေသခံပြည်သူများထံ အသိပညာပေးမှုများ ကွင်းဆင်းဆောင်ရွက်နိုင်ခဲ့သည်။
ထိုအသိပညာပေး ကွင်းဆင်းရာတွင် နမ့်ဆန် ၊နမ္မတူ နှင့် မိုင်းငေါ့မြို့နယ်မှ ကျေးရွာပေါင်း (၉)ခုရှိ ဒေသခံပြည်သူများအား အိမ်တွင်းအကြမ်းဖက်မှု၊အရွယ်မတိုင်မီ စောစီးစွာအိမ်ထောင်ချမှု၊ ကလေးအခွင့်အရေး၊ အမျိုးသမီးနှင့် မိသားစုစီမံကိန်း၊ ဆယ်ကျော်သက်ပြောင်းလဲခြင်းစသည့်အကြောင်းအရာများကို အသိပညာပေး ဟောပြော ဆွေးနွေးခဲ့သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် နမ်ဆန်မြို့နယ်မှ ကျေးရွာ (၅)ခု၊ နမ္မတူမြို့နယ်မှ ကျေးရွာ (၂)ခုနှင့် မိုင်းငေါ့မြို့နယ်မှ ကျေးရွာ (၂)ခုများရှိ ဒေသခံစုစုပေါင်း (၃၈၉) ဦး ပါဝင်ဆွေးနွေးခဲ့သည်။
PSLF/TNLA အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနအနေဖြင့် တအာင်းပြည်အတွင်း အမျိုးသမီးများအပေါ် အကြမ်းဖက်မှုလျော့ကျစေရေးလုပ်ငန်းစဉ်များ၊ အမျိုးသမီးစွမ်းရည် မြင့်တင်ရေးနှင့် စည်းရုံးရေးလုပ်ငန်းစဉ်များ၊ အိမ်တွင်းမှုနှင့် ဝင်ငွေလှည့်ပတ်စီးဆင်းမှုလုပ်ငန်းစဉ်များ ချမှတ်ကာ အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိသည်။
ပြီးခဲ့သည့် အောက်တိုဘာလတွင် နမ့်ဆန်၊ နမ္မတူ၊ မန်တုံနှင့် မိုင်းငေါ့မြို့နယ် (၄)မြို့နယ်မှ ကျေးရွာပေါင်း(၃၀)ရွာရှိ ဒေသခံပြည်သူများအား အသိပညာပေး ကွင်းဆင်းဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်သည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ