နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော်-TNLAတို့ တိုက်ပွဲများဆက်လက်ဖြစ်ပွား
နောင်ချို၊ ဇွန်လ ၁၄ရက်
တအာင်းပြည်သတင်း
တအာင်းပြည်၊ တပ်မဟာ (၃)နယ်မြေ၊ နောင်ချိုမြို့နယ်ရှိ ရွှေသွန်းကျေးရွာ၊ ပိန္နဲကုန်းနှင့် ညောင်တောကျေးရွာကြား စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော်-TNLAတို့ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့ပါသည်။
ယမန်နေ့ နေ့လယ် (၁၂း၂၀)နာရီအချိန် ရွှေသွန်းကျေးရွာတွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော်-TNLAတို့ တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ပါသည်။ ထိုတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သည် လက်နက်ကြီး (၃၅)လုံးနှင့် ဒရုန်းဖြင့် ဗုံး (၁၂)လုံး ပစ်ကူတိုက်ခိုက်ခဲ့ပါသည်။
အလားတူ ပိန္နဲကုန်းနှင့် ညောင်တောကျေးရွာဘက်တွင်လည်း စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော်-TNLAတို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ၎င်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သည် လက်နက်ကြီး (၄၁)လုံးနှင့် ဒရုန်းဖြင့် ဗုံး (၇)လုံးကိုလည်း ပစ်ကူတိုက်ခိုက်ခဲ့ပါသည်။
ပြီးခဲ့သည့် ဇွန်လ (၁၂)ရက်နေ့လည်း ကန်ကြီးကျေးရွာဘက်တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ထိုတိုက်ပွဲအတွင်း လက်နက်ကြီး (၅၀)လုံးနှင့် ဒရုန်းဖြင့် ဗုံး(၁၅)လုံးတို့ကို စစ်ကောင်စီတပ်မှ ပစ်ကူခဲ့ပါသည်။
ညီနောင်မဟာမိတ် (၃)ဖွဲ့မှ ငလျင်ဒဏ်သင့်ပြည်သူများနှင့် လူသားချင်းစာနာထောက်ထားရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် တိုက်ပွဲဖြစ်ပွားလျက်ရှိသောနေရာများတွင် ထိုးစစ်ဆင်များ ပြုလုပ်မည်မဟုတ်ဘဲ တစ်ဖက်သတ် အပစ်ရပ်ကာလအား နောက်ထပ် (၁)လ သက်တမ်းထပ်တိုးထားနေစဉ် စစ်ကောင်စီတပ်မှ အခွင့်ကောင်းယူပြီး အဆက်မပြတ်ထိုးစစ်ဆင်နေသောကြောင့် နောင်ချိုမြို့နယ်တွင်တိုက်ပွဲများ မကြာခဏဖြစ်ပွားလျှက်ရှိသည်။
ထိုကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုများ ရှောင်ရှားနိုင်ရန် စစ်ရေးသတိအမြဲရှိ ရန်လိုအပ်ပြီး လေကြောင်းရန်မှ ကာကွယ်နိုင်ရန် လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာ နည်းလမ်းများလိုက်နာ ဆောင်ရွက်ရန်လိုအပ်ပါသည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ