68

“Operation 1027” ၁၀၂၇ စစ်ဆင်ရေး (၉၉) ရက်မြောက်နေ့တိုက်ပွဲသတင်းများ

၁၀၂၇ စစ်ဆင်ရေး / ၁၀၂၇
04 February 2024

“Operation 1027” ၁၀၂၇ စစ်ဆင်ရေး (၉၉) ရက်မြောက်နေ့တိုက်ပွဲသတင်းများ


၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၂) ရက်နေ့၊ ည (၁၂:၀၀) အချိန်တွင် ထုတ်ပြန်သည်။


ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတို့၏ ရက္ခိုင်ဒေသအတွင်း တိုက်ပွဲများမှာ ယခင်ရက်များနည်းတူ ဆက်လက်ရှိနေခဲ့ပြီး ပြင်းထန်နေဆဲဖြစ်သည်။ ရက္ခိုင့်တပ်တော်သည် ပလက်ဝဒေသအတွင်းရှိ စစ်ကောင်စီတပ်စခန်းများအားလုံးကို တစ်ခုမကျန် အပြီးသတ်သိမ်းပိုက်ရယူလိုက်ပြီးသည့်နောက်ပိုင်းတွင် မြောက်ဦး၊ ကျောက်တော်၊ မင်းပြားမြို့များမှ စစ်ကောင်စီ၏ ဒေသအခြေစိုက်တပ်ရင်းများ၊ တပ်မဌာနချုပ်၊ အမြောက်တပ်စခန်းများနှင့် ရဲတပ်ရင်းဌာနချုပ်များကိုပါ မဟာဗျူဟာမြောက်စွာ တစ်ပြိုင်နက်တည်း ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။ ထိုအထဲမှ ပေါက်တောမြို့ပေါ်တိုက်ပွဲ (မြို့သိမ်းတိုက်ပွဲ) သည်လည်း ပါဝင်ခဲ့သည်။ 


အခြားတစ်ဖက်တွင် ပလက်ဝနှင့် ရက္ခိုင်ဒေသရှိ စစ်ဖက်၊ ရဲဖက်နှင့် နယ်ခြားစောင့်တပ်စခန်းအများစု၏ စစ်ရေးလှုပ်ရှားမှုများသည် ရက္ခိုင့်တပ်တော်၏ နှစ်ရှည်လများဝိုင်းရံပိတ်ဆို့မှုများအောက်တွင် အကန့်အသတ်များစွာနှင့်သာ ရှိခဲ့သည်။ အချို့ရန်သူ့စခန်းများမှာ လပေါင်းများစွာရိက္ခာပြတ်တောက်မှုရှိခဲ့ပြီး မိမိတို့နှင့် ယာယီအပစ်အခတ်ရပ်စဲခဲ့သောကာလ များတွင်မှ ရိက္ခာနှပ်မှန်ခဲ့ရသည်သာဖြစ်သည်။


၁၀၂၇ စစ်ဆင်ရေးစတင်ပြီးသည့်နောက် မရှေးမနှောင်းတွင် ပလက်ဝနှင့် ရက္ခိုင်ဒေသ၏စစ်ဆင်ရေးများကို စတင်ခဲ့ပြီး မိမိတို့ရက္ခိုင့်တပ်တော်အနေဖြင့် မိမိတို့ရည်မှန်းထားသော စစ်ရေးရည်မှန်းချက်များကို တစ်ဆင့်ချင်း အကောင်အထည်ဖော်လျက်ရှိသည်။


စစ်ရေးအရ ရက္ခိုင်ဒေသတစ်ခုလုံးကို ရက္ခိုင့်တပ်တော်မှ မိမိတို့ နဂိုသတ်မှတ်ထားသည့်အတိုင်း၊ ရည်ရွယ်ဆုံးဖြတ်ထားသည့်အတိုင်း ပြီးပြည့်စုံအောင်ထိန်းချုပ်ရယူနိုင်ရန်အတွက် ဆက်လက်ကြိုးစားတိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် ရက္ခိုင့်တပ်တော်၊ စစ်သေနာပတိချုပ်မှ BBC နှင့် အင်တာဗျူးတွင် အတိအလင်း ပြောကြားထားသည်။


ရှမ်းမြောက်ဒေသ၌ စတင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးတွင် ကိုးကန့်နှင့် တအာင်းဒေသများ၌ နှစ်ဖက်စလုံးမှ ထိုးစစ်ဆင်တိုက်ခိုက်မှုများမရှိသောကြောင့် ကြီးမားသောတိုက်ပွဲများမရှိခဲ့ဘဲ ခေတ္တငြိမ်သက်နေခဲ့သည်။ သို့သော်လည်း ရက္ခိုင်ဒေသအတွင်း စစ်ကောင်စီ၏ ကြည်း၊ ရေ၊ လေ ခုခံစစ်နှင့် ရက္ခိုင့်တပ်တော်၏ ထိုးစစ်တို့အကြား စစ်ရေးအရှိန်သည် တရိပ်ရိပ် မြင့်တက်လာလျက်ရှိသည်။ 


စစ်ဆင်ရေး (၉၉) ရက်မြောက်နေ့တွင်-


စစ်ရှိန်မြင့်တက်နေသည့် ရက္ခိုင်‌ဒေသအတွင်း အကြမ်းဖက် စစ်ကောင်စီ၏ “စကခ (၉)” လက်အောက်ခံတပ်ရင်း (၁၀) ရင်းရှိရာ မြောက်ဦး၊ မင်းပြားနှင့် ကျောက်တော်မြို့နယ်များတွင် ရှိကြသော စစ်ကောင်စီ၏ ဒေသအခြေစိုက်တပ်ရင်းများထဲမှ တစ်ဝက်တစ်ပျက်သိမ်းပိုက်ရန်သာကျန်ရှိနေသေးသည့် ခမရတပ်ရင်းအချို့အား ရက္ခိုင့်တပ်တော်မှ အပြီးသတ်ရယူနိုင်ရေးအတွက် ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။


ရမ်းဗြဲကျွန်းပေါ်၌ ဖြစ်ပွားလျက်ရှိသောတိုက်ပွဲမှာ နေရာအနှံ့တွင် ခပ်စိပ်စိပ်ဖြစ်ပွားလျက်ရှိပြီး စစ်ကောင်စီဖက်မှလည်း ရမ်းဗြဲမြို့ပေါ်သို့ လေကြောင်း၊ ရေကြောင်းအပြင် လက်နက်ကြီးများဖြင့် စုပြုံပစ်ပြီး ရမ်းဗြဲမြို့အား ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးတိုက်ခိုက်လျက်ရှိသည်။


ရမ်းဗြဲမြို့တိုက်ပွဲအတွင်း ရက္ခိုင့်တပ်တော်၏ ထိုးစစ်အောက်တွင် ရမ်းဗြဲမြို့နှင့် အနီးတစ်ဝိုက်၌ နေရာယူတပ်စွဲထားသည့် စစ်ကောင်စီ၏ တပ်စခန်းများသည် ဗျူဟာမြောက်စွာ ဝန်းရံပိတ်ဆို့ခံထားပြီးဖြစ်သည်။ ယနေ့တွင်လည်း ရန်သူသည် မြို့အား တမင်ပြိုပျက်စေရန် ရည်ရွယ်ချက်ရှိရှိဖြင့် နေ့လယ်ပိုင်းတွင် ဂျက်ဖိုက်တာဖြင့် (၂) ကြိမ်၊ Mi-35 ရဟတ်ယာဉ်ဖြင့် (၄) ကြိမ်တိုင်တိုင် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အပြင် တစ်ပြိုင်နက်တည်း၌ပင် တန်းချောင်းဝရှိ ရန်သူ့နေဗီသင်္ဘောမှလည်း မြို့နှင့် အနီးအနားနေရာများသို့ လက်နက်ကြီးများဖြင့် (၁၀) ကြိမ်ထက်မနည်း အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ဤသည်မှာစစ်ရေးအထိနာနေသည့် စစ်ကောင်စီအတွက် မြို့၊ ရပ်ရွာများအား ပြိုပျက်စေရန် တမင်ပစ်ခတ် တိုက်ခိုက်ခြင်းများသည် အငြိုးအတေးကြီးစွာဖြင့် ပြုလုပ်နေကျဖြစ်သော လုပ်ရပ်တစ်ခုသာ ဖြစ်သည်။ 


ယမန်နေ့ နောက်ဆက်တွဲသတင်းများအနေဖြင့်


တအာင်းဒေသရှိ နမ့်ဆန်မြို့နယ်၊ ဇယန်းကြီးရပ်ကွက်တွင်လည်း ယမန်နေ့၊ ဖေဖော်ဝါရီလ(၁) ရက်၊နေ့လယ် (၉) နာရီအချိန်က နမ့်ဆန်တိုက်ပွဲအတွင်း စစ်ကောင်စီ၏ မပေါက်ကွဲသေးသည့် လက်နက်ကြီး (၁) လုံးအား အသက် (၁၀) နှစ် အောက် အပြစ်မဲ့ဒေသခံကလေးငယ် (၃) ဦးသည် ဆော့ကစားမိခဲ့ရာမှ လက်နက်ကြီးပေါက်ကွဲမှုကြောင့် ပွဲချင်းပြီးသေဆုံးခဲ့ရသည်။

စစ်ကောင်စီသည် စစ်ပွဲအတွင်း လိုက်နာကျင့်သုံးရမည့် ဂျနီဗာကွန်ဗင်းရှင်းကို လိုက်နာမှုမရှိဘဲ ဖောက်ဖျက်ကျူးလွန်လေ့ရှိသည်။ မြေမြှုပ်မိုင်း၊ နင်းမိုင်း၊ စွန့်လွှတ်မိုင်း၊ တိုက်မိုင်းနှင့် ထောင်မိုင်းများကို ၎င်းတို့၏ တပ်စခန်းများအနီး၌သာမက အရပ်သားပြည်သူများနေထိုင်ရာ မြို့၊ ရပ်ရွာများ၊ စာသင်ကျောင်းများနှင့် သာသနိကအဆောက်အအုံများရှိရာနေရာများ အပါအဝင် အများပြည်သူသွားလာရာနေရာများ၌ပါ ထောင်တတ်သည်။ ဤကဲ့သို့သော စွန့်လွှတ်မိုင်းများနှင့်ပတ်သက်သည့် ယုတ်မာသောလုပ်ရပ်ကို စစ်ကောင်စီသည် မြန်မာနိုင်ငံအနှံ့၌ ဆယ်စုနှစ်ပေါင်းများစွာပြုလုပ်ခဲ့ပြီးဖြစ်သည်။


ထို့အတူ မြို့ရွာများအတွင်းသို့ လက်နက်ကြီးများဖြင့် နေ့စဉ်ပစ်ခတ်တိုက်ခိုက်နေသောကြောင့် အချို့သော လက်နက်ကြီးကျည်ဆံများမှာ မပေါက်ကွဲဘဲ ကျန်ရှိနေတတ်သည်။ ထို့ကြောင့် အရပ်သားပြည်သူလူထုများ၏ မိုင်းနင်းမှု၊ စစ်ကျန်လက်နက်ကြီးများပေါက်ကွဲမှု ဖြစ်စဉ်များမှာ မိမိတိုညီနောင် (၃) ဖွဲ့၏ဒေသများ၌အပြင် မြန်မာနိုင်ငံတစ်ဝှမ်း ဖြစ်ပျက်လျက်ရှိပြီး အရပ်သားပြည်သူများ၏ ထိခိုက်ဒဏ်ရာရမှု၊ သေဆုံးမှုများမှာလည်း မြင့်တက်လာလျက်ရှိသည်။


သို့ဖြစ်ပါ၍ အရပ်သားပြည်သူလူထုများအနေဖြင့် တိုက်ပွဲဖြစ်ပွားသည့်နေရာများ၊ စစ်ကောင်စီမှ လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်တိုက်ခတ်နေသည့်နေရာများကို မလွဲမရှောင်သာသွားလာရမည်ဆိုပါက သတိထားသွားလာကြရန် သတိပေးအပ်ပါသည်။ ထို့အပြင် စစ်ကောင်စီ၏ စွန့်လွှတ်မိုင်းများနှင့် စစ်လက်နက်အကြွင်းအကျန်ပစ္စည်းများသည် အချိန်မရွေးပေါက်ကွဲစေတတ်သောကြောင့် စစ်အသုံးအဆောင်ပစ္စည်းများနှင့် လက်နက်ကြီးကျည်ဆံများကို ကိုင်တွယ်ခြင်း၊ ထုနှက်ခြင်းနှင့် ဆော့ကစားခြင်းများမပြုလုပ်ကြရန်ကိုလည်း အထူးသတိပေးအပ်ပါသည်။


မိမိတို့၏စစ်ဆင်ရေးနှင့် နောက်ဆက်တွဲသတင်းများအား ဆက်လက်ဖော်ပြပေးသွားပါမည်။ 


ညီနောင်မဟာမိတ် (၃) ဖွဲ့

MNDAA + TNLA + AA


#operation1027

Topics: “Operation 1027” ၁၀၂၇ စစ်ဆင်ရေး (၉၉) ရက်မြောက်နေ့တိုက်ပွဲသတင်းများ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး ညီနောင်မဟာမိတ်သုံးဖွဲ့

မှတ်ချက်များ
သင်၏ ထင်မြင်ချက်