66

“Operation 1027” ၁၀၂၇ စစ်ဆင်ရေး (၉၈) ရက်မြောက်နေ့တိုက်ပွဲသတင်းများ

၁၀၂၇ စစ်ဆင်ရေး / ၁၀၂၇
02 February 2024

“Operation 1027” ၁၀၂၇ စစ်ဆင်ရေး (၉၈) ရက်မြောက်နေ့တိုက်ပွဲသတင်းများ


၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့၊ ည (၁၁:၄၅) အချိန်တွင် ထုတ်ပြန်သည်။


ပြည်သူ့အာဏာကို မတရားသဖြင့်ရယူထားသော အကြမ်းဖက် စစ်ကောင်စီ၏ အာဏာသိမ်းယူထားခဲ့သည့် (၃) နှစ်ပြည့်နေ့တွင် စစ်ကောင်စီအနေဖြင့် စစ်ရေးအရရှုံးနိမ့်နေမှုများကို ပြန်လည်အဖတ်ဆယ်ရန် ကြိုးစားနေသကဲ့သို့ နိုင်ငံရေးအရ နိုင်ငံတကာမှ လူကြားကောင်းစေရန်နှင့် နိုင်ငံရေးလူရာဝင်စေရန် နောက်ထပ်ခြောက်လသက်တမ်းတိုးသည့်လုပ်ရပ်မှာ အများထင်မှတ်ထားသောလုပ်ရပ်သာဖြစ်ခဲ့သည်။ 


ညီနောင်မဟာမိတ် (၃) ဖွဲ့အနေဖြင့် ၁၀၂၇ စစ်ဆင်ရေးကို ရှမ်းမြောက်နှင့် တရုတ်-မြန်မာနယ်စပ်တွင် ဆင်နွှဲခဲ့သော်လည်း မိမိတို့အနေဖြင့် ပြည်သူလူထုတစ်ယောက်ချင်းစီတိုင်း၏ အသက်၊ အိုးအိမ်၊ စည်းစိမ်များကို ထိခိုက်ပျက်စီးစေမည့် အရေးကို လုံးဝရှောင်ကြဉ်သည်။ ယခုလည်း တရုတ်နှစ်သစ်ကူးပွဲတော်သို့ ရောက်ရှိလာပြီဖြစ်၍ တရုတ်နှစ်သစ်ကူးကာလအတွင်း ပွဲတော်ကို မိသားစုများ အတူတကွဆင်နွှဲနိုင်ကြပါစေကြောင်း မိမိတို့မှ မျှော်လင့်မိပါသည်။                                                                                                                                                                                                                                                                                                                                                                                                                                                                                     


ရှမ်းမြောက်ဒေသ ၁၀၂၇ စစ်ဆင်ရေးကာလထက် နှစ်ပတ်ကျော်ကျော်နောက်ကျခဲ့ပြီးမှ စတင်ခဲ့ရသော ရက္ခိုင်ဒေသစစ်ဆင်ရေးသည် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၃) ရက်နေ့တွင် စတင်ခဲ့ပြီး ယနေ့အထိ ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတို့ကြား တိုက်ပွဲများမှာ တစ်ရက်ပြီးတစ်ရက် ပိုမိုအရှိန်မြင့်လာခဲ့သည်။ ရက္ခိုင့်တပ်တော်၏ထိုးစစ်နှင့် စစ်ကောင်စီ၏ ကြည်း၊ ရေ၊ လေ ခုခံစစ်တို့အကြား ရက္ခိုင်ဒေသတွင်း တိုက်ပွဲများသည် ရက္ခိုင်ဒေသ၏ နေရာအသစ်များ၌ ဖြစ်ပွားလျက်ရှိသည်။ 


ရက္ခိုင့်တပ်တော်မှ စစ်ကောင်စီအား ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်မှုများနှင့်အတူ ရက္ခိုင်ဒေသအတွင်း တိုက်ပွဲများ (တနည်း ၁၀၂၇ စစ်ဆင်ရေး၏ ၉၈ ရက်မြောက်) ရက်တွင်လည်းတိုက်ပွဲများမှာ ဆက်လက်ရှိနေခဲ့ပြီး တချို့နေရာများ၌ ပြင်းထန်နေခဲ့သည်။ 


(၁) မင်းပြား၊ ကျောက်တော်၊ မြောက်ဦး၊ ရသေ့တောင်၊ ရမ်းဗြဲနှင့် ဘူးသီးတောင်မြို့နယ်များတွင် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်တို့ကြား ထိတွေ့တိုက်ပွဲများမှာ ယခင်ရက်များနည်းတူ ယနေ့တွင်လည်း ဆက်လက်ရှိနေခဲ့သည်။ တစ်ဝက်တစ်ပျက်ကျန်ရှိနေသေးသော စစ်ကောင်စီ၏ တပ်စခန်းအချို့အား ရက္ခိုင့်တပ်တော်မှ အပြီးသတ်သိမ်းပိုက်ရယူရန် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။


ယနေ့ ညနေပိုင်းတွင်လည်း ရမ်းဗြဲမြို့၊ သိမ်တောင်ကုန်း၌ အခြေချတပ်စွဲထားသည့် စစ်ကောင်စီတပ်ခစန်းမှ ရမ်းဗြဲမြို့ထဲသို့ လက်နက်ကြီးဖြင့် (၃) ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။


(၂) ရက္ခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်၊ စိုင်းဒင်တံတားအနီး၌ တပ်စွဲအခြေချထားသည့် စစ်ကောင်စီတပ်စခန်းနှင့် ရက္ခိုင့်တပ်တော်တို့ကြား ယနေ့တွင်လည်း နှစ်ဖက်ရင်ဆိုင်တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့သည်။ ရန်သူသည် ၎င်း၏ဘူးသီးတောင်မြို့အခြေစိုက်တပ်ရင်းမှ လက်နက်ကြီးပစ်ကူများအပြင် ဂျက်ဖိုက်တာများဖြင့်ပါ လေကြောင်းပစ်ကူအမြောက်အမြား အသုံးပြုကာ ခုခံကာကွယ်လျက်ရှိသည်။ 


(၃) ရက္ခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မလကျွန်း၊ ပြင်ရှည်ရွာသစ်အနီးရှိ ရေမျက်တွင် စစ်ကောင်စီ၏ အင်အား (၃၀) ခန့် ရှိသော စစ်ကြောင်းတစ်ခုနှင့် ရက္ခိုင့်တပ်တော်တို့ကြား ရုတ်ချည်းနှစ်ဖက်ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့သည်။ တိုက်ပွဲဖြစ်နေစဉ်အတွင်း စစ်ကောင်စီ၏ ကျောက်ဖြူ၊ ဒိုးတန်းတောင်ရှိ “အမှတ် (၃၂) ရဲတပ်ရင်း” မှ လက်နက်ကြီးများဖြင့် ပစ်ကူ တိုက်ခိုက်ခဲ့သည်။ ရန်သူ့ဖက်မှ အထိအခိုက်အကျအဆုံးအချို့ရှိခဲ့ပြီး အသေးစိတ်မသိရသေးပါ။ 


(၄) ရက္ခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်ရှိ စစ်ကောင်စီ၏ “ဓညဝတီရေတပ်ဌာနချုပ်” မှ အရပ်သားပြည်သူများနေထိုင်ရာအနီးအနားကျေးရွာများသို့ စစ်ကောင်စီသည် နေ့လယ် (၂) နာရီခန့်အချိန်၌ လက်နက်ကြီးများဖြင့် အကြမ်းဖက် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ အဆိုပါလက်နက်ကြီးကျည်များထဲမှ (၂) လုံးသည် ဂုံးချွိန်တိုက်နယ်၊ အူချေကျေးရွာတွင်းသို့ ကျရောက် ပေါက်ကွဲခဲ့သည်။ ထိုသို့လက်နက်ကြီးကျည်ပေါက်ကွဲခဲ့၍ ရွာခံပြည်သူ (၁) ဦးအပါအဝင် ဇင်ချောင်းမြို့မှ စျေးဝယ်၍ ပြန်လာသော အရပ်သားပြည်သူ (၅) ဦးအား လက်နက်ကြီးထိမှန်ခဲ့သည်။ 


မိမိတို့၏စစ်ဆင်ရေးနှင့် နောက်ဆက်တွဲသတင်းများအား ဆက်လက်ဖော်ပြပေးသွားပါမည်။ 


ညီနောင်မဟာမိတ် (၃) ဖွဲ့

MNDAA + TNLA + AA


#operation1027


Topics: “Operation 1027” ၁၀၂၇ စစ်ဆင်ရေး (၉၈) ရက်မြောက်နေ့တိုက်ပွဲသတင်းများ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် ညီနောင်မဟာမိတ်သုံးဖွဲ့ တအာင်းတပ်မတော် ထုတ်ပြန်ချက်

မှတ်ချက်များ
သင်၏ ထင်မြင်ချက်