63

“Operation 1027” ၁၀၂၇ စစ်ဆင်ရေး (၉၇) ရက်မြောက်နေ့တိုက်ပွဲသတင်းများ

၁၀၂၇ စစ်ဆင်ရေး / ၁၀၂၇
01 February 2024

“Operation 1027” ၁၀၂၇ စစ်ဆင်ရေး (၉၇) ရက်မြောက်နေ့တိုက်ပွဲသတင်းများ


၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၃၁) ရက်နေ့၊ ည (၁၂:၀၀) အချိန်တွင် ထုတ်ပြန်သည်။


“ဟိုင်ဂင်သဘောတူညီမှု” နောက်ပိုင်းမှစ၍ ရှမ်းမြောက်ဒေသအတွင်း မိမိတို့ညီနောင်မဟာမိတ် (၃) ဖွဲ့လှုပ်ရှားရာနေရာများ၌ တိုက်ပွဲများသိသိသာသာလျော့နည်းသွားသော်လည်း အခြားတစ်ဖက်တွင် ရက္ခိုင်ဒေသနှင့် ရက္ခိုင့်တပ်တော်လှုပ်ရှားသည့် ရှမ်းမြောက်မဟုတ်သောဒေသများတွင် အကြမ်းဖက် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်တို့သည် တိုက်ပွဲများဆက်လက်ပြင်းထန်နေခဲ့သည်။ အထူးသဖြင့် ရက္ခိုင်ဒေသအတွင်း တိုက်ပွဲများမှာ ရက္ခိုင့်တပ်တော်၏ ထိုးစစ်၊ စစ်ကောင်စီ၏ ကြည်း၊ ရေ၊ လေ ခုခံစစ်တို့အကြား တိုက်ပွဲများပြင်းထန်လျက်ရှိသည်။


ရက္ခိုင်ပြည်၏မြောက်ဦး၊ မင်းပြား၊ ကျောက်တော်နှင့် ရသေ့တောင်မြို့နယ်များတွင် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် (AA) တို့ကြား တိုက်ပွဲများသည် ယခင်ရက်များနည်းတူ ရှိနေခဲ့သည်။ ယနေ့တွင် ပုဏ္ဏားကျွန်းမြို့နယ်အတွင်း ထိတွေ့တိုက်ပွဲ စတင်ဖြစ်ပွားခဲ့သည်။ ပုံမှန်တိုက်ပွဲများရှိနေသည့် ရက္ခိုင်ဒေသအတွင်း၌ စစ်ကောင်စီ၏ ရည်ရွယ်ချက်ရှိရှိဖြင့် မြို့ကို ဦးတည်တိုက်ခိုက်နေသော လေကြောင်း၊ လက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်မှုများမှာလည်း နေ့စဉ်ရက်ဆက်ရှိနေခဲ့သည်။ 


(၁) ရက္ခိုင့်တပ်တော်၏ ထိုးစစ်ဆင်တိုက်ခိုက်မှုများကြောင့် မြောက်ဦးအခြေစိုက် “ခမရ (၅၄၀) တပ်ရင်း” ကိုလည်း ယမန်နေ့၊ ည (၁၁) နာရီ (၄၅) မိနစ်အချိန်ခန့်တွင် တပ်ရင်းတစ်ခုလုံးအား အပြီးသတ် ထပ်မံသိမ်းပိုက်ရယူနိုင်ခဲ့သည်။ ဤ ခမရ (၅၄၀) တပ်ရင်းသည် မြောက်ဦးပြည်သူလူထုနှင့် မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသကို ဒုက္ခပေးဖျက်ဆီးနေသော အကြမ်းဖက်စစ်ကောင်စီတပ်၏ တပ်စခန်းတစ်ခုဖြစ်သည်။


(၂) စစ်အင်အား၊ လက်နက်ခဲယမ်းထပ်မံဖြည့်တင်းထားသော  ရမ်းဗြဲမြို့အနီးရှိ စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်တို့သည် ရမ်းဗြဲမြို့နှင့် ရမ်းဗြဲမြို့ပတ်ဝန်းကျင်များ၌ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့သည်။ ယမန်နေ့တိုက်ပွဲအတွင်း မိမိတို့သည် စစ်ကူလာသောစစ်ကောင်စီတပ်ဖွဲ့များကို အထိနာအောင်တိုက်ခိုက်နိုင်ခဲ့သောကြောင့် ရန်သူ့အလောင်းနှင့် လက်နက်ခဲယမ်းအချို့ကို မိမိတို့မှသိမ်းဆည်းရမိခဲ့သည်။ 


အထိနာပြီးဖရိုဖရဲဖြစ်နေသော စစ်ကောင်စီ၏ အဆိုပါစစ်ကူစစ်ကြောင်းအား မိမိတို့မှ လိုက်လံချေမှုန်းတိုက်ခိုက်လျက်ရှိသည်။ ရမ်းဗြဲမြို့ပတ်ဝန်းကျင်တွင်လည်း ထပ်မံအထိနာသောကြောင့် စစ်ကောင်စီသည် ရမ်းဗြဲမြို့ကို ပြိုပျက်စေရန် ရည်ရွယ်ချက်ဖြင့် လက်နက်ကြီး၊ လေကြောင်းပစ်ခတ်တိုက်ခိုက်မှုများကိုသာ အဓိကဦးတည်ပြုလုပ်လျက်ရှိသည်။ 


ရမ်းဗြဲ၊ တန်းချောင်းဝနှင့် တိန်ချောင်းရေလက်ကြား၌ ရပ်နားထားသည့် ရန်သူ့နေဗီသင်္ဘောမှ နံနက် (၁၀) နာရီဝန်းကျင် မှစ၍ ယနေ့၊ နေ့လယ် (၁၂) နာရီ (၁၂) မိနစ်အချိန်ခန့်ထိ ရမ်းဗြဲမြို့အား လက်နက်ကြီးများဖြင့် (၇) ကြိမ်နှင့် လက်နက်ငယ်များဖြင့် (၁) ကြိမ်ထက်မနည်း ဆက်တိုက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ 


(၃) ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၃၁) ရက်နေ့၊ နံနက်(၉) နာရီ(၃၀) မိနစ်ခန့်အချိန်တွင် ရက္ခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ အောင်ဇေယျရွာနှင့် အောင်မြေကုန်းရွာကြား၌ ရက္ခိုင့်တပ်တော်နှင့် အကြမ်းဖက် စစ်ကောင်စီတို့သည် တစ်နာရီခန့်အကြာ နှစ်ဖက်အပြန်အလှန်ထိတွေ့တိုက်ခိုက်မှုဖြစ်ပွားခဲ့သည်။ 


တစ်နာရီအခန့်အကြာ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုအတွင်း ရန်သူသည် လေကြောင်း၊ လက်နက်ကြီးပစ်ကူ အမြောက်အမြားကိုသုံးပြီး နောက်ဆုတ်သွားသောကြောင့် တိုက်ပွဲသည် ဆက်လက်ဖြစ်ပွားခဲ့ခြင်းမရှိဘဲ ရပ်တန့်နေခဲ့သည်။ မိမိတို့ဖက်မှ အလတ်စားဒဏ်ရာရရှိသူတစ်ဦးရှိခဲ့ပြီး ရန်သူ့ဖက်မှ အထိအခိုက်၊ အကျအဆုံးကို မသိရသေးပါ။


ပုဏ္ဏားကျွန်းမြို့နယ်အတွင်း ယနေ့ဖြစ်ပွားခဲ့သောတိုက်ပွဲတွင်လည်း အထိနာသောကြောင့် ပုဏ္ဏားကျွန်းမြို့နယ်၊ ဆားကုန်ဘုတ်ကျေးရွာအား နံနက် (၈) နာရီအချိန်ခန့်တွင် မင်းဂံချောင်းထဲရှိ အကြမ်းဖက်စစ်ကောင်စီ၏ နေဗီသင်္ဘောမှ တပ်ဖွဲ့ဝင်များ ဝင်ရောက်လာပြီး တမင်တကာ ရည်ရွယ်ချက်ရှိရှိ ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးခဲ့ကြသည်။


တစ်ပြိုင်နက်တည်းတွင် နေ့လယ် (၁၂) နာရီအချိန်ခန့်ထိ စစ်ကောင်စီ၏ စစ်တွေအခြေစိုက် “အမှတ် (၁၂) ရဲတပ်ရင်း” နှင့် နေဗီတို့မှလည်း အဆိုပါကျေးရွာနှင့် အနီးအနားသို့ လက်နက်ကြီးအလုံးရေပေါင်း (၁၀၀) ကျော်ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ 


ဇန်နဝါရီလ (၂၉/၃၀) ရက်နေ့ နောက်ဆက်တွဲသတင်းများအနေဖြင့်-


(၄) ယမန်နေ့၊ နေ့လယ် (၁) နာရီဝန်းကျင်က ရက္ခိုင်ပြည်၊ မင်းပြားမြို့နယ်၊ ကျားရဲပြင်ကျေးရွာအနီးရှိ ကြပ်စင်မြစ်ထဲမှ စစ်ကောင်စီ၏ နေဗီသင်္ဘောမှ အနီးတစ်ဝိုက်ကျေးရွာများသို့ လက်နက်ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက် ခဲ့သည်။ အဆိုပါအကြမ်းဖက်ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်များထဲမှ (၂) လုံးသည် ရေငံဆည်ကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ရာမှ အသက် (၁၈) နှစ်အရွယ် ဒေသခံအမျိုးသမီး (၁) ဦးနှင့် (၇၀) ကျော် သက်ကြီးပိုင်းအမျိုးသမီး (၂) တို့မှာ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

(၅) ဇန်နဝါရီလ (၂၉) ရက်နေ့၊ နေ့လယ် (၁) နာရီအချိန်ခန့်ကလည်း တိုက်ပွဲတစ်စုံတစ်ရာဖြစ်ပွားခြင်းမရှိဘဲ ပလက်ဝ မြို့နယ်၊ ဟုမ်းရွာအား စစ်ကောင်စီ၏ လေကြောင်းမှ (၃) ကြိမ်တိုင်တိုင် တစ်ဘက်သတ်အကြမ်းဖက်ကာ လာရောက် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံအပြစ်မဲ့ပြည်သူ (၇) ဦး သေဆုံးခဲ့သည်။


နောက်ကျသတင်း၊ မြို့သိမ်းတိုက်ပွဲသတင်းအနေဖြင့် ရက္ခိုင့်တပ်တော်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) အပါအဝင် ဒေသခံတော်လှန်ရေးအဖွဲ့အစည်းများ ပါဝင်သော စုပေါင်းမဟာမိတ်အဖွဲ့တို့သည် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၂၀) ရက်နေ့၊ နံနက် (၅) နာရီမှ စတင်ပြီး “မဘိမ်းမြို့သိမ်းတိုက်ပွဲ” အား ဆင်နွှဲခဲ့ကြသည်။ မဘိမ်းမြို့နယ်၊ ကုန်းမခံရွာ အနီးရှိ ရန်သူ့တပ်စခန်းနှင့် မဘိမ်းမြို့မရဲစခန်းတို့အား ပေးဆပ်မှုအနည်းဆုံးဖြင့် နှစ်ရက်ကြာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး နောက် အဆိုပါစခန်းများအားလုံးကို သိမ်းပိုက်ရယူနိုင်ခဲ့ပြီး “မဘိမ်းမြို့” အား မိမိတို့ စုပေါင်းမဟာမိတ်တပ်ဖွဲ့မှ အလုံးစုံထိန်းချုပ်ထားနိုင်ခဲ့ပြီးဖြစ်သည်။ 


အဆိုပါ ကုန်းမခံရွာအနီးရှိ ရန်သူ့စခန်းသည် အခိုင်အမာစခန်းတစ်ခုဖြစ်ပြီး ယခုမှ အပြီးသတ်ချေမှုန်းတိုက်ခိုက် သိမ်းပိုက်ရယူနိုင်ခဲ့ခြင်းဖြစ်သည်။ ရန်သူ့ဖက်မှလည်း လေကြောင်း၊ လက်နက်ကြီးပစ်ကူအမြောက်အမြားဖြင့် အပြင်းအထန်ခုခံခဲ့သော်လည်း မိမိတို့၏ ဟန်ချက်ညီထိုးစစ်အောက်တွင် မရှုမလှကျဆုံးခဲ့ရပြီး ယခုဆိုလျှင် မဘိမ်းမြို့ သည်လည်း စစ်အာဏာရှင်၏ အုပ်ချုပ်ရေးယန္တရားအောက်မှ လွတ်မြောက်သော မြို့တစ်မြို့ဖြစ်ခဲ့ပြီ ဖြစ်သည်။


မိမိတို့၏စစ်ဆင်ရေးနှင့် နောက်ဆက်တွဲသတင်းများအား ဆက်လက်ဖော်ပြပေးသွားပါမည်။ 


ညီနောင်မဟာမိတ် (၃) ဖွဲ့

MNDAA + TNLA + AA


#operation1027

Topics: “Operation 1027” ၁၀၂၇ စစ်ဆင်ရေး (၉၇) ရက်မြောက်နေ့တိုက်ပွဲသတင်းများ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းသတင်း ညီနောင်မဟာမိတ်သုံးဖွဲ့

မှတ်ချက်များ
သင်၏ ထင်မြင်ချက်