62

“Operation 1027” ၁၀၂၇ စစ်ဆင်ရေး (၉၆) ရက်မြောက်နေ့တိုက်ပွဲသတင်းများ

၁၀၂၇ စစ်ဆင်ရေး / ၁၀၂၇
31 January 2024

“Operation 1027” ၁၀၂၇ စစ်ဆင်ရေး (၉၆) ရက်မြောက်နေ့တိုက်ပွဲသတင်းများ


၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၃၀) ရက်နေ့၊ ည (၁၂:၀၀) အချိန်တွင် ထုတ်ပြန်သည်။


၁၀၂၇ စစ်ဆင်ရေး၏ (၉၆) ရက်မြောက်နေ့တွင်လည်း လွန်ခဲ့သော ရက်သတ္တပတ်(၂) ပတ်နည်းတူ ကိုးကန့်နှင့် တအောင်း ဒေသများတွင် ထိတွေ့တိုက်ပွဲများ ကြီးကြီးမာမား မရှိခဲ့သည့်တိုင် ရက္ခိုင်ဒေသတွင် ယခင်ရက်များနည်းတူ တိုက်ပွဲများမှာ ပုံမှန်အတိုင်းရှိနေပြီး ရက္ခိုင့်တပ်တော်၏ ထိုးစစ်နှင့် စစ်ကောင်စီ၏ ကြည်း၊ ရေ၊ လေပူးပေါင်းခုခံစစ်တို့အကြား တိုက်ပွဲများ  ပြင်းထန်ခဲ့သည်။


ရက္ခိုင်ဒေသအတွင်း ကျောက်တော်၊ မြောက်ဦးနှင့် မင်းပြား အစရှိသော မြိုကြီးများအတွင်း၌ အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် (AA) တို့သည် နေ့စဉ်ရက်ဆက် တိုက်ပွဲများ ပြင်းထန်လျက်ရှိသည်။ ဘူးသီးတောင်မြို့၊ မောင်တောမြို့နှင့် ရမ်းဗြဲမြို့များ၌မူ အချို့နေ့ရက်များတွင် တိုက်ပွဲငယ်အချို့ဖြစ်ပွားခဲ့သည်မှလွဲ၍ လွန်ခဲ့သောရက်များ၌ တိုက်ပွဲကြီးများ ဖြစ်ပွားခဲ့ခြင်းမရှိခဲ့ပါ။


အထူးသဖြင့် ကျောက်တော်၊ မြောက်ဦး၊ မင်းပြားနှင့် ရသေ့တောင်မြို့ရှိ စစ်ကောင်စီ၏ အခြေစိုက်တပ်ရင်းများကို ရက္ခိုင့် တပ်တော်မှ တစ်ရင်းမကျန် အပြီးသတ်သိမ်းပိုက်ရယူနိုင်ရေးအတွက် မိမိတို့မှ ထိုးစစ်ဆင်တိုက်ခိုက်နေမှုများကြောင့် တိုက်ပွဲများ ယခုကဲ့သို့ ပြင်းထန်စွာဖြစ်ပွားနေရခြင်းဖြစ်သည်။ မိမိတို့အနေဖြင့် ရန်သူ၏ တပ်ရင်းတစ်ခုပြီးတစ်ခုကို သိမ်းပိုက်ရယူနိုင်ခဲ့ပြီးဖြစ်သည်။ 


မိမိတို့သိမ်းပိုက်ရန် ကျန်ရှိနေသေးသော စစ်ကောင်စီ၏ ဒေသအခြေစိုက်တပ်ရင်းများထဲမှ စကခ (၉) လက်အောက်ခံ ကျောက်တော်အခြေစိုက် ခမရ (၃၇၄) တပ်ရင်းတစ်ခုလုံးအား ရက္ခိုင့်တပ်တော်မှ ယနေ့  ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၃၀) ရက်နေ့တွင် စစ်ကောင်စီ၏ လေကြောင်းမှ တစ်ရက်လုံးတောက်လျှောက် အဆက်မပြတ် မရပ်မနား ပစ်ခတ်တိုက်ခိုက်နေသည့်ကြားမှ အပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့ပြီးဖြစ်သည်။


မင်းပြားမြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီတပ်၏ စကခ (၉) လက်အောက်ခံ ခမရ (၃၈၀) တပ်ရင်းကိုလည်း ရန်သူ၏ ကြည်း၊ ရေ၊ လေ သုံးခုပေါင်းပြီး အပြင်းအထန်ခုခံကာကွယ်နေသည့်ကြားမှ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၂၈) ရက် နေ့တွင် ရက္ခိုင့်တပ်တော် အာရက္ခစစ်သည်တော်များမှ ရဲရင့်ပြောင်မြောက်စွာဖြင့် အပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့သည်။ 


ကျောက်တော်၊ မြောက်ဦးနှင့် မင်းပြားမြို့များမှ ကျန်ရှိနေသေးသော တပ်ရင်းများကိုလည်း အပြီးသတ်သိမ်းပိုက်နိုင်ရေးအတွက် မိမိတို့မှ ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။ အားလုံးသောစခန်းများလည်း မကြာမှီ အပြီးသတ် သိမ်းပိုက်ရယူရန် မိမိတို့အနေဖြင့် အပြည့်အဝယုံကြည်ပြီး လက်ရှိတွင်လည်း မိမိတို့ဘက်မှ အခြေအနေကောင်းလျက်ရှိသည်။


ရမ်းဗြဲမြို့တွင်မူ ယခုရက်သတ္တပတ်အတွင်း ရင်ဆိုင်တိုက်ပွဲဆိုသည်ထက် စစ်ကောင်စီမှ လေကြောင်း၊ လက်နက်ကြီးများဖြင့် အဓိကပစ်ခတ်ဖျက်ဆီးပြီး တစ်မြို့လုံးအားပျက်စီးစေရန် တမင်တကာ ရည်ရွယ်ချက်ရှိရှိဖြင့် ပြုလုပ်လျက်ရှိသည်။ 


ယနေ့တွင် ရမ်းဗြဲမြို့သို ထပ်မံဖြည့်တင်းလာသော စစ်ကောင်စီ၏ စစ်အင်အား (၁၂၀) ကျော်နှင့် ယခင်ရှိနှင့်ပြီးသား လက်ကျန်တပ်ဖွဲ့ဝင်အချို့၏ ပူးပေါင်းစစ်ကြောင်းနှင့် ရက္ခိုင့်တပ်တော်တို့ကြား  ထိတွေ့တိုက်ပွဲများ ရှိခဲ့သည်။ နှစ်ဖက်အထိအခိုက်အကျအဆုံးရှိခဲ့ပြီး မိမိတို့ဘက်မှ စစ်ကောင်စီ၏ အလောင်း၊ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းတစ်ချို့အပြင် ယမန်နေ့၌ လေကြောင်းမှချပေးသော လက်နက်ခဲယမ်းအချို့ကိုလည်း သိမ်းဆည်းရမိခဲ့သည်။ ရမ်းဗြဲမြို့တွင်းတိုက်ပွဲမှာ နောက်ရက်များ၌ ပိုမိုပြင်းထန်လာနိုင်သည်။ 


အာရက္ခပြည်သူများကို နှစ်ပေါင်းများစွာကြာအောင် ဒုက္ခပေးနေခဲ့သော စစ်ကောင်စီ၏ တပ်စခန်းတိုင်းနှင့် လက်နက်ချအညံ့မခံဘဲ ပြည်သူများကို ဒုက္ခပေးနေသည့် ကျန်ရှိနေသေးသော စခန်းတိုင်းကို တစ်စခန်းမျှမကျန်အောင် မိမိတို့မှ ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်သွားမည်ဖြစ်သည်။


ယမန်နေ့ နောက်ဆက်တွဲသတင်းများအနေဖြင့်


အကြမ်းဖက်စစ်ကောင်စီ၏ ရက္ခိုင်ပြည်၊ မင်းပြားအခြေစိုက် ခမရ (၃၇၉) တပ်ရင်းမှ တပ်ဖွဲ့ဝင်များသည်  ၂၀၂၂ ခုနှစ်ကတည်းကပင် မတရားဖမ်းဆီးထားသည့် အရပ်သားပြည်သူ (၂) ဦးအား ဖမ်းဆီးထားစဉ်အတွင်း လူ့အခွင့်အရေး ချိုးဖောက်ကာ အချုပ်ခန်းထဲ၌ သေနတ်ဖြင့် မသေမချင်း ပစ်သတ်ခဲ့သည်။ 


မိမိတို့၏စစ်ဆင်ရေးနှင့် နောက်ဆက်တွဲသတင်းများအား ဆက်လက်ဖော်ပြပေးသွားပါမည်။ 


ညီနောင်မဟာမိတ် (၃) ဖွဲ့

MNDAA + TNLA + AA 


#operation1027

Topics: “Operation 1027” ၁၀၂၇ စစ်ဆင်ရေး (၉၆) ရက်မြောက်နေ့တိုက်ပွဲသတင်းများ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းသတင်း

မှတ်ချက်များ
သင်၏ ထင်မြင်ချက်