61

“Operation 1027” ၁၀၂၇ စစ်ဆင်ရေး (၉၅) ရက်မြောက်နေ့တိုက်ပွဲသတင်းများ

၁၀၂၇ စစ်ဆင်ရေး / ၁၀၂၇
31 January 2024

“Operation 1027” ၁၀၂၇ စစ်ဆင်ရေး (၉၅) ရက်မြောက်နေ့တိုက်ပွဲသတင်းများ


၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၂၉) ရက်နေ့၊ ည (၁၀:၅၀) အချိန်တွင် ထုတ်ပြန်သည်။


ယနေ့သည် ၁၀၂၇ စစ်ဆင်ရေးကြီး၏ (၉၅) ရက်မြောက်နေ့သို့ ရောက်ရှိလာပြီဖြစ်သကဲ့သို့ မိမိတို့၏ စစ်ဆင်ရေး (၃) လတာအတွင်း သတ်မှတ်ထားသည့် စစ်ရေး၊ နိုင်ငံ‌ရေးရည်မှန်းချက်များအတိုင်း တစ်ရက်မျှရပ်နားခြင်းမရှိဘဲ ဆက်လက်ရွေ့လျားနေဆဲဖြစ်သည်။ 


ယာယီအပစ်ရပ်စဲမှုသဘောတူညီချက်အရ ကိုးကန့်နှင့် တအာင်းဒေသများ၌ လတ်တလောစစ်ရေးအခြေအနေတွင် ထိတွေ့တိုက်ပွဲများ ကြီးကြီးမားမားမရှိသည့်တိုင် ရက္ခိုင်ဒေသအတွင်း မြို့နယ်အချို့ရှိ စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်တို့ကြား တိုက်ပွဲများမှာ ယခင်ရက်များနည်းတူ ပြင်းထန်နေခဲ့သည်။ 


ယနေ့တွင်လည်း စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားရာနေရာများသာမက အရပ်သားပြည်သူများနေထိုင်ရာ မြို့၊ ရပ်ရွာများအား အဓိကဦးတည်ပစ်မှတ်ထားသည့် လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုများအား ဆက်လက်ပြုလုပ်နေဆဲဖြစ်သည်။


(၁) ရက္ခိုင်ပြည်၊ မြောက်ဦး၊ မင်းပြား၊ ကျောက်တော်၊ ရသေ့တောင်နှင့် ရမ်းဗြဲမြို့နယ်များတွင် ရက္ခိုင့်တပ်တော် (AA) နှင့် စစ်‌ကောင်စီတို့ကြား နှစ်ဖက်တိုက်ပွဲများ ဆက်လက်ရှိနေခဲ့သည်။ 


ရက္ခိုင့်တပ်တော်မှ စစ်ကောင်စီ၏ မင်းပြားအခြေစိုက် တပ်ရင်း (၃) ခုအနက် ကျန်ရှိနေသေးသည့် ခမရ (၃၇၉) နှင့် (၅၄၁) တပ်ရင်းတို့မှ “ခမရ (၃၇၉) တပ်ရင်း” အား ရက္ခိုင့်တပ်တော် (AA) မှ အပြီးသတ်သိမ်းပိုက်ရယူနိုင်ရေးအတွက် ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။ တစ်ပြိုင်နက်တည်းတွင် စစ်ကောင်စီဖက်မှလည်း ယနေ့၊ နေ့လယ် (၂) နာရီ နှင့် (၄) နာရီအချိန်ခန့်တွင် မင်းပြားမြို့ကို လေကြောင်းမှ ဗုံးကြဲပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ 


(၂) ရက္ခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်၊ စိုင်းဒင်တံတားအနီး၌ အခြေချတပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ကြား ထိတွေ့တိုက်ပွဲအချို့ရှိခဲ့သည်။ 


ယမန်နေ့ နောက်ဆက်တွဲသတင်းများအနေဖြင့် 


(၃) ရက္ခိုင်ပြည်၊ တောင်ကုတ်မြို့သို့ စျေးလာရောင်းချသည့် မအီမြို့ခံအရပ်သားပြည်သူ (၂) ဦးအား ယမန်နေ့၊ ညနေ (၈) နာရီအချိန်ခန့်က တောင်ကုတ်မြို့၊ ကိုင်းရှည်တံတား၌ အခြေချတပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။


ရက္ခိုင်ဒေသရှိ မြို့နယ်အချို့တွင် စစ်ကောင်စီသည် ဆက်သွယ်ရေးဆိုင်ရာသတင်းအချက်အလက်များ ဖြတ်တောက်ထားသည်မှာ တစ်လနီးပါးကြာမြင့်လာပြီဖြစ်သကဲ့သို့ တစ်ဖက်တွင်လည်း စစ်ကောင်စီ၏ အရပ်သားပြည်သူလူထုအပေါ် စစ်ရာဇဝတ်မှုချိုးဖောက်ခြင်းနှင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် မြို့၊ ရွာများအား လက်နက်ကြီးပစ်ခတ်တိုက်ခိုက်ခြင်းနှင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းများကို ရည်ရွယ်ချက်ရှိရှိ မိုက်ရူးရဲဆန်စွာ ပိုမိုပြုလုပ်လာနေသည်။ 


ရက္ခိုင့်တပ်တော်အနေဖြင့်လည်း ဤသို့အရပ်သားပြည်သူလူထုအား တမင်တကာအနှောင့်အယှက်ပေးနေသော ရက္ခိုင်ဒေသတွင်းရှိ စစ်ရေးအရ သတ်မှတ်ထားသည့် စစ်ကောင်စီ၏ တပ်မဌာနချုပ်နှင့် အထိုင်ချစခန်းကုန်းများအား နေ့ညမနှေး အပြီးသတ်ရယူနိုင်ရေးအတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ 


မိမိတို့၏ စစ်ဆင်ရေးနှင့် နောက်ဆက်တွဲသတင်းများအား ဆက်လက်ဖော်ပြပေးသွားပါမည်။ 


ညီနောင်မဟာမိတ် (၃) ဖွဲ့

MNDAA + TNLA + AA


#operation1027

Topics: “Operation 1027” ၁၀၂၇ စစ်ဆင်ရေး (၉၅) ရက်မြောက်နေ့တိုက်ပွဲသတင်းများ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းသတင်း တအာင်းတပ်မတော် ထုတ်ပြန်ချက်

မှတ်ချက်များ
သင်၏ ထင်မြင်ချက်