60

“Operation 1027” ၁၀၂၇ စစ်ဆင်ရေး (၉၄) ရက်မြောက်နေ့တိုက်ပွဲသတင်းများ

၁၀၂၇ စစ်ဆင်ရေး / ၁၀၂၇
31 January 2024

“Operation 1027” ၁၀၂၇ စစ်ဆင်ရေး (၉၄) ရက်မြောက်နေ့တိုက်ပွဲသတင်းများ


၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၂၈) ရက်နေ့၊ ည (၁၂:၀၀) အချိန်တွင် ထုတ်ပြန်သည်။


ညီနောင်မဟာမိတ် (၃) ဖွဲ့ မှ စုပေါင်းပြီးစတင်ခဲ့သော ၁၀၂၇ စစ်ဆင်ရေးကြီးသည် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၂၇) ရက်နေ့တွင် (၃) လတိတိပြည့်ခဲ့ပြီဖြစ်သည်။ မိမိတို့၏ ၁၀၂၇ စစ်ဆင်ရေးစတင်သည့်နေ့သည် စစ်ရှုံး မင်းအောင်လှိုင် ခေါင်းဆောင်နေသောစစ်ကောင်စီမှ အာဏာသိမ်းသည့် ရက်ပေါင်း (၉၉၉) ရက်ပြည့်မြောက်သည့်နေ့၌ စတင်ခဲ့ခြင်းဖြစ်သည်။ ဇန်နဝါရီလ ကုန်ဆုံးလျှင်ပင် စစ်ကောင်စီမှ အာဏာသိမ်းသည့် အချိန် (၃) နှစ်ပြည့်တော့မည်ဖြစ်သည်။


မိမိတို့၏ (၃) လတာ စစ်ဆင်ရေးကာလတစ်လျှောက်တွင် ဟန်ချက်ညီပူးပေါင်းစစ်ဆင်ရေး၊ တစ်ဖွဲ့ချင်းအလိုက်ထိုးစစ်များနှင့် စုပေါင်းထိုးစစ်များကို မဟာဗျူဟာမြောက်စွာဆင်နွှဲခဲ့ကြသည်။ မိမိတို့၏ တစ်ဖွဲ့ချင်း/ စုပေါင်းစစ်ရေးရည်မှန်းချက်များကို တစ်ဆင့်ချင်းတစ်ဆင့်ချင်းအကောင်အထည်ဖော်နိုင်ခဲ့ကြသည်။ တစ်ပြိုင်နက်တည်းတွင် မိမိတို့သတ်မှတ်ထားသည့် စစ်ဆင်ရေးပစ်မှတ်များကိုပါ ပေးဆပ်စွန့်လွှတ်မှုအနည်းဆုံးဖြင့် အချိန်တိုတိုအတွင်း ရယူနိုင်ခဲ့ကြသည်။ 


အခြားတစ်ဖက်တွင် အပြီးသတ်တိုက်ခိုက်ချေမှုန်းသိမ်းပိုက်ရန်အတွက် ထိုးစစ်ဆင်တိုက်ခိုက်နေကြသော်လည်း အခြေအနေတစ်ခုအောက်တွင် အပြီးသတ်သိမ်းပိုက်ရန်ကျန်ရှိနေသေးသော မြို့၊ ရန်သူ့စခန်းအချို့တို့ကိုလည်း မိမိတို့မှ မဟာဗျူဟာမြောက် ဝိုင်းရံပိတ်ဆို့ထားပြီးဖြစ်သည်။ ဥပမာ- ရှမ်းမြောက်တွင်မူဆယ်မြို့အပါအဝင် အခြားသောမြို့အချို့ နှင့်ရက္ခိုင်ဒေသအတွင်း အခြားသောမြို့အချို့တို့အား မိမိတို့မှ ဝိုင်းရံပိတ်ဆို့ဖြတ်တောက်ထားဆဲပင်ဖြစ်သည်။ 


ထို့အတူ မပြီးဆုံးသေးသော မိမိတို့၏ စစ်ရေး၊ နိုင်ငံရေး ရည်မှန်းချက်များကိုအကောင်အထည်ဖော်ရင်း မြန်မာပြည်သူလူထုတစ်ရပ်လုံးလိုလားသည့် ဆန္ဒများပြည့်ဝစေရေးအတွက် မိမိတို့သည် အတူရှိနေပါသည်။ ရှမ်းမြောက်ဒေသအတွင်း ယာယီအပစ်အခတ်ရပ်စဲထားသော်လည်း မိမိတို့အနေဖြင့် လုပ်သင့်လုပ်ထိုက်သောအလုပ်များနှင့်အတူ စစ်အာဏာရှင် စနစ်တိုက်ဖျက်ရေးကိစ္စရပ်များတွင် တစ်ရက်မပျက်၊ တစ်မိနစ်မျှ အလဟဿမဖြစ်ရအောင် လုပ်ဆောင်လျက်ရှိနေကြောင်းကိုလည်း လေးစားစွာဖြင့် အသိပေးအပ်ပါသည်။


၁၀၂၇ စစ်ဆင်ရေး၏ ရိုက်ခတ်မှုကြောင့် လောက်ကိုင်မြို့တွင်း၌ စစ်ကောင်စီနှင့် စစ်ကောင်စီလက်ဝယ်ခံများ ထိန်းချုပ်ထားသောနေရာများမှ အွန်လိုင်းလောင်းကစား (ကျဖျင်) လိမ်လည်လုပ်ကိုင်သူ (၃၆,၀၀၀) မှ (၄၀,၀၀၀) နီးပါး အရေအတွက်တို့အား စစ်ကောင်စီသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ တာဝန်ရှိသူများထံသို့ စစ်ရေးနိုင်ငံရေးဖိအားများ အောက်တွင် မတတ်သာ၍ အပ်နှံခဲ့ရသည်။ 


ဤအပ်နှံလိုက်သောသူများသည် လောက်ကိုင်မြို့အတွင်း၌ နှစ်ချီပြီး ကျဖျင့်လုပ်ကိုင်နေကြသောသူများဖြစ်သည်။ မိမိတို့ ၏ ၁၂၀၇ စစ်ဆင်ရေးကြောင့်သာ စစ်ကောင်စီသည် မတတ်သာ၍ အပ်နှံခဲ့ရခြင်းဖြစ်သည်။ အကယ်၍ ၁၀၂၇ စစ်ဆင်ရေး သာမရှိပါက အဆိုပါကျဖျင့်လုပ်ကိုင်သူများသည် ယခုထက်ပိုမိုများပြားလာဖွယ်သာရှိသည်။ စစ်ကောင်စီမှ အပ်နှံလိုက် သောအဆိုပါအရေအတွက်ထဲတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ အလိုရှိနေသည့် ဝရမ်းထုတ်ထားသောသူအချို့၊ ကျဖျင် ကုမ္ပဏီပိုင်ရှင်များနှင့် ရင်းနှီးမြှုပ်နှံသူများပါဝင်ခဲ့သည်။ 


သို့သော် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ဖမ်းဝရမ်းထုတ်ထားသော ကျဖျင့်ခေါင်းဆောင်ကြီးများကိုမူ စစ်ကောင်စီသည် အပ်နှံခြင်းမရှိသေးဘဲ အကာအကွယ်ပေးထားဆဲပင်ဖြစ်သည်။ မိမိတို့ဖက်မှဖမ်းဆီးရမိထားသော ကျဖျင်လုပ်ကိုင်သူ (၃၀၀၀) ဦးခန့်ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ တာဝန်ရှိသူများထံသို့ မိမိတို့မှ လုံခြုံစွာအပ်နှံထားခဲ့ပြီးဖြစ်သည်။ 


၁၀၂၇ စစ်ဆင်ရေးကြီးအတွင်း ရန်သူအား မဟာဗျူဟာမြောက် အလစ်အငိုက်အနိုင်ယူနိုင်ခဲ့ပြီး မိမိတို့နှင့် ရင်ဆိုင်တိုက်ခိုက်ရသောစစ်ကောင်စီတပ်ဖွဲ့ဝင်တိုင်းကို တုန်လှုပ်ခြောက်ချားမှုဖြစ်စေခဲ့သည်။ ရန်သူသည် မိမိတို့နှင့် တိုက်ပွဲဖြစ်ပြီဆိုလျှင် အသက်သေဆုံးရန်နှင့် စခန်းဆုံးရှုံးရန်မှာ ရာနှုန်းပြည့်သေချာသွားပြီဆိုသည်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တိုင်းမှ သိရှိနားလည်လက်ခံသွားကြပြီးဖြစ်သည်။ မိမိတို့မှလည်း မြေပြင်တိုက်ပွဲတိုင်း အပြတ်အသတ် ထိုးစစ်ဆင်ကာ အောင်ပွဲကိုရယူနိုင်ခဲ့သည့်သက်သေပြထားပြီးဖြစ်သည်။


ထို့ကြောင့် မိမိတို့ထိုးစစ်ဆင်တိုက်ခိုက်မည့်တပ်စခန်းများမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အလံဖြူထောင်ခြင်း၊ လက်နက်ချအညံ့ခံခြင်းတို့ကို ပြုလုပ်ခြင်းဖြင့် အသက်ချမ်းသာရာရသွားကြသည်။ စောစောထွက်ပြေးမှ အသက်ရှင်ခွင့်ရလိမ့်မည်ဟု အမှန်တရားကိုစောစောသိပြီး မိမိရဲဘော်၊ မိသားစုများ၏ အသက်ကိုငဲ့ညှာ၍ အသက်ချမ်းသာရာရသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်အရေအတွက်မှာ ဤစစ်ဆင်ရေး(၃) လတာအတွင်း (၆၀၀၀) ကျော်မကရှိခဲ့ပြီဖြစ်သည်။


ဤကဲ့သို့သော စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် မိသားစုများ၏ သွေးပျက်နေသည့်မြင်ကွင်းများမှာ မြန်မာနိုင်ငံအနှံ့ နေ့တိုင်း မြင်တွေ့နေရသည်မှာ သက်ဆိုးရှည် ဖက်ဆစ်စစ်အာဏာရှင်တို့၏ နောက်ဆုံးနေ့ရက်များဆီသို့ သွားရာလမ်းခရီး၏ အကြိုနေ့ရက်များပင်ဖြစ်သည်။

၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ရေး၊ နိုင်ငံ‌ရေး ရည်မှန်းချက်များသည် အတိုင်းအတာတစ်ခုထိ ပြည့်ဝခဲ့ပြီး မြန်မာပြည်သူလူထုတစ်ရပ်လုံးမှလည်း ဝမ်းသာပီတိဖြစ်ရသည်မှာ အမှန်ဖြစ်သော်လည်း မိမိတို့၏ အလုံးစုံသောဘုံရည်မှန်းချက်ပြည့်ဝရန်အတွက်မူ ဆက်လက်ချီတက်ရအုံးမည်ဖြစ်သည်။


ယနေ့တွင် ကိုးကန့်နှင့် တအာင်းဒေသများတွင် တိုက်ပွဲများ လျော့ကျသွားခဲ့ရသော်လည်း ရက္ခိုင်ဒေသ၌မူ တိုက်ပွဲများ ဆက်လက်ပြင်းထန်လျက်ရှိသည်။


(၁) ယခင်ရက်များနည်းတူ ရက္ခိုင်ပြည်၊ မြောက်ဦး၊ ကျောက်တော်၊ မင်းပြားနှင့် ရသေ့တောင်မြို့နယ်များတွင် ရက္ခိုင့်တပ်‌‌တော် (AA) နှင့် စစ်ကောင်စီတို့ကြား ကြိုကြားကြိုကြားတိုက်ပွဲများ ရှိနေခဲ့သည်။


ယနေ့တွင် ရက္ခိုင့်တပ်တော် (AA) မှ ထိုးစစ်ဆင်တိုက်ခိုက်နေသည့် ရက္ခိုင်ဒေသ၊ မင်းပြားမြို့နယ်ရှိ စစ်ကောင်စီ၏ “ခမရ (၃၈၀) တပ်ရင်း” အား အပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့ပြီဖြစ်သည်။ ရန်သူသည် နေ့စဉ်ရက်ဆက် စခန်းတစ်ခုပြီးတစ်ခု စွန့်လွှတ်နေရသည့်အတွက် အဆိုပါတပ်ရင်းအား လေကြောင်းမှ ပစ်ကူပေးခြင်းနှင့် ရေကြောင်းမှ စစ်အင်အားဖြည့်တင်း ခြင်းတို့ဖြင့် အသည်းအသန်ခုခံခဲ့သော်လည်း ရက္ခိုင့်တပ်တော်၏ ထိုးစစ်အောက်၌ တပ်ရင်းတစ်ခု ထပ်မံကျဆုံးခဲ့ရပြန် သည်။ 


(၂) ရက္ခိုင်ဒေသ၌ စစ်ရေးစစ်ရာတွင် လုံးဝယှဉ်ပြိုင်နိုင်ခြင်းမရှိတော့သည့် စစ်ကောင်စီသည် မြို့၊ ရပ်ရွာနှင့် ပြည်သူလူထုကိုသာ အဓိကဦးတည်ပစ်မှတ်ထားတိုက်ခိုက်ခြင်းများကို ယခင်ကထက်ပိုမိုမိုက်ရူးရဲဆန်စွာ ပြုလုပ်လာလျက်ရှိသည်။ အထူးသဖြင့် ရှေးဟောင်းအမွေအနှစ် အထွတ်အမြတ်ထားရာ မြောက်ဦးမြို့အား ရန်သူသည် အငြိုးအတေးဖြင့် လက်နက်ကြီး၊ လေကြောင်းပစ်ခတ်မှုများကို ပြုလုပ်လျက်ရှိသည်။ ယမန်နေ့၊ ည (၁၀) နာရီဝန်းကျင်အချိန်ခန့်ကလည်း ရက္ခိုင်ပြည်၊ မြောက်ဦးမြို့အခြေစိုက် စစ်ကောင်စီ၏ “ခမရ (၃၇၇) နှင့် (၅၄၀) တပ်ရင်း” အပါအဝင် “အမှတ် (၃၁) ရဲ တပ်ရင်း” တို့မှ မြောက်ဦးမြို့အား ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ အဆိုပါပစ်ခတ်မှုကြောင့် အပြစ်မဲ့ဒေသခံအရပ်သား ပြည်သူ (၄) ဦး သေဆုံးခဲ့ရပြီး (၇) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ထို့အပြင် မြို့ပေါ် ရပ်ကွက်မှ နေအိမ် (၂၀) ကျော်မှာလည်း မီးလောင်ပျက်စီးခဲ့ရသည်။     


အလားတူပင် ရက္ခိုင်ပြည်၊ ရမ်းဗြဲမြို့တွင် ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတို့ကြား မြေပြင်ထိတွေ့တိုက်ပွဲ ကြီးကြီးမားမားဖြစ်ပွားခြင်းမရှိဘဲ မြို့ကိုပြိုပျက်စေရန် တမင်အကြမ်းဖက်၍ စစ်ကောင်စီဖက်မှ လက်နက်ကြီး၊ လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်မှုများပြုလုပ်ခဲ့သည်မှာ ရက်သတ္တတစ်ပတ်ခန့်ကြာမြင့်လာပြီဖြစ်သည်။ စစ်ကောင်စီသည် လေ‌ကြောင်းမှ ဂျက်ဖိုက်တာများဖြင့် ဓာတုအဆိပ်ငွေ့သုံး၍ ကြဲချပစ်ခတ်တိုက်ခိုက်ခြင်းများထိပါ ပြုလုပ်လာလျက်ရှိသည်။ ထို့အပြင် ရမ်းဗြဲမြို့ရှိ စစ်ကောင်စီတပ်စခန်းများမှလည်း လက်နက်ကြီးများဖြင့် တမင်တကာပစ်ခတ်မှုများကို နေ့စဉ်ရက်ဆက် ပြုလုပ်နေဆဲဖြစ်သည်။


ယမန်နေ့၊ နောက်ဆက်တွဲသတင်းများအနေဖြင့်


(၃) ယမန်နေ့၊ နံနက် (၆) နာရီ (၄၀) မိနစ်အချိန်ခန့်မှစ၍  ရက္ခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ် ၊ ကြာညိုပြင်တံတားစခန်းအနီးတွင် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်တို့ကြား ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ကာ ယနေ့တွင်လည်း တိုက်ပွဲမှာ ဆက်လက်ရှိနေခဲ့သည်။ ရန်သူ့ဖက်မှ အထိအခိုက်၊ အကျအဆုံးအချို့ရှိခဲ့သည်။


(၄) ရက္ခိုင်ပြည်၊ စစ်တွေအခြေစိုက် စစ်ကောင်စီ၏ “ခမရ (၂၃၂) နှင့် (၃၄၄) တပ်ရင်း” များမှ ယနေ့၊ နေ့လယ် (၂) နာရီ ဝန်းကျင်တွင် အရပ်သားပြည်သူများနေထိုင်ရာမြို့၊ ရပ်ရွာများသို့ လက်နက်ကြီးများဖြင့် အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်ခဲ့ သည်။ ထိုသို့ပစ်ခတ်ခဲ့သည့် လက်နက်ကြီးကျည်အချို့သည် မင်းပြားမြို့နယ်၊ ငါးစင်ရိုင်းချောင်းအုပ်စု၊ ခွဆုံကျေးရွာနားရှိ လယ်ကွင်းထဲသို့ ကျရောက်ပေါက်ကွဲခဲ့ရာမှ ဥယျာဉ်လုပ်ကိုင် နေကြသည့် ဒေသခံအမျိုးသား (၃) ဦးတို့မှာ လက်နက်ကြီး ကျည်စထိမှန် ဒဏ်ရာရရှိခဲ့သည်။ 


အလားတူပင် ယမန်နေ့ ည (၈) နာရီခွဲအချိန်ခန့်၌လည်း စစ်ကောင်စီ  ၏ Y 12 လေယာဉ်သည် ရက္ခိုင်ပြည်၊ ပေါက်တော မြို့နှင့် အနီးတစ်ဝိုက်အား ဗုံးကြဲတိုက်ခိုက်ပြီး လက်နက်ကြီးများဖြင့် အဆက်မပြတ်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ 

 

(၅) ရက္ခိုင်ပြည်၊ မင်းပြားမြို့နယ်၊ အမ်းသားကျေးရွာသို့ မင်းပြားမြို့ထက်၊ ဥက္ကာပျံရပ်ကွက်မှ စစ်ဘေးလာရှောင်သည့် အသက် (၁၇) နှစ်အရွယ် လူငယ်တစ်ဦးသည် အမ်းသားကျေးရွာအနီးရှိ ဖားပြိုကျေးရွာ၊ သင်္ချိူင်းနားမှဖြတ်အသွား စစ်ကောင်စီတပ်ဖွဲ့ဝင်များ စခန်းချခဲ့စဉ် ထောင်ထားခဲ့သည့် မြေမြှုပ်မိုင်းအား မတော်တဆတက်နင်းမိခဲ့သည်။ ထိုသို့မိုင်းနင်းမိခဲ့သဖြင့် ညာဖက်မျက်လုံးပွင့်ထွက်ခဲ့ပြီး ခြေထောက်တစ်ဖက်ပြတ်ထွက်သွားခဲ့ရသည်။


မိမိတို့၏ စစ်ဆင်ရေးနှင့် နောက်ဆက်တွဲသတင်းများအား ဆက်လက်ဖော်ပြပေးသွားပါမည်။ 


ညီနောင်မဟာမိတ် (၃) ဖွဲ့

MNDAA + TNLA + AA


#operation1027

Topics: “Operation 1027” ၁၀၂၇ စစ်ဆင်ရေး (၉၄) ရက်မြောက်နေ့တိုက်ပွဲသတင်းများ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းသတင်း တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်