58

“Operation 1027” ၁၀၂၇ စစ်ဆင်ရေး (၉၂) ရက်မြောက်နေ့တိုက်ပွဲသတင်းများ

၁၀၂၇ စစ်ဆင်ရေး / ၁၀၂၇
31 January 2024

“Operation 1027” ၁၀၂၇ စစ်ဆင်ရေး (၉၂) ရက်မြောက်နေ့တိုက်ပွဲသတင်းများ


၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၂၆) ရက်နေ့၊ ည (၁၁:၅၀) အချိန်တွင် ထုတ်ပြန်သည်။


စခန်းတစ်ခုပြီးတစ်ခုကို နေ့စဉ်ရက်ဆက် လက်လွှတ်ဆုံးရှုံးနေရသော စစ်ရှုံးစစ်ကောင်စီသည် ရှုံးမဲမဲပြီး အရပ်သားပြည်သူလူထုများကိုသာ ဦးတည်ပစ်မှတ်ထားတိုက်ခိုက်ခြင်းနှင့် မြို့ရွာများကိုလေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများကိုသာ အဓိကထားပြုလုပ်လျက်ရှိသည်။ ဤကဲ့သို့သော စစ်ကောင်စီ၏ ပြည်သူလူထုအပေါ် ယုတ်မာသောလုပ်ရပ်မှာ မြန်မာနိုင်ငံအနှံ့ ဖြစ်ပျက်လျက်ရှိသည်။


မြန်မာပြည်သူလူထုတစ်ရပ်လုံး၏ စိတ်ထဲတွင်လည်း ဤကဲ့သို့ယုတ်မာအောက်တန်းကျသော ဖက်ဆစ်စစ်တပ်ကို အလိုမရှိတော့သည့်အပြင် ဤဖက်ဆစ်အကြမ်းဖက်တပ်ကို ဦးဆောင်နေသည့်သူများမရှိမှသာ ဤစစ်ဘေးဒုက္ခအန္တရာယ်မှ ကင်းလွတ်နိုင်မည်ဟု ကိုယ်တွေ့ကြုံနေရသော ပြည်သူလူထုတစ်ရပ်လုံးမှ အကြွင်းမဲ့ယုံကြည်လျက်ရှိကြသည်။


စစ်အာဏာရှင်စနစ်ကိုအလိုမရှိသော ပြည်သူများအနေဖြင့်လည်း ယခုတစ်ကြိမ်သည် “နောက်ဆုံးအခွင့်အရေးနှင့် နောက်ဆုံးတိုက်ပွဲ” ဟူသော စိတ်ဓာတ်ခွန်အားဖြင့် ဆင်းရဲဒုက္ခမျိုးစုံကို ကြိတ်မှိတ်ခံစားရင်း စစ်အာဏာရှင်များကို ရရာနည်းလမ်းဖြင့် တော်လှန်တိုက်ပွဲဝင်နေကြသည်မှာလည်း စစ်ကောင်စီမှ အာဏာစသိမ်းခဲ့သည့်အချိန်မှ ယနေ့အချိန်အထိ ပင်ဖြစ်သည်။


၁၀၂၇ စစ်ဆင်ရေးမှ ထွက်ပေါ်လာသောရလဒ်၊ မြင်ကွင်းများသည် ယနေ့၊ ယခုအချိန်၌ အနစ်နာခံပေးဆပ်နေသော ပြည်သူများအတွက် ပေးဆပ်ရကျိုးနပ်သည်ကို သက်သေပြပေးနေခြင်းပင်ဖြစ်သည်။ တာဝန်ကျေသောပြည်သူများ၏ ပေးဆပ်မှု၊ အနစ်နာခံမှုများကို အသိအမှတ်ပြုသောအနေဖြင့် စစ်အာဏာရှင်စနစ်အား တော်လှန်နေကြသောသူများ အားလုံးအနေဖြင့် ယခုထက်ပိုမိုအားထုတ်ကြိုးစားကြရန် လိုအပ်နေသေးသည်။ ပိုမိုအားစိုက်ကြပါရန်လည်း ထပ်မံတိုက်တွန်းလိုက်ပါသည်။


ကိုးကန့်နှင့် တအာင်းဒေသများတွင် လတ်တလောစစ်ရေးအခြေအနေအရ နှစ်ဖက်ရင်ဆိုင်တိုက်ပွဲများ ကြီးကြီးမားမား မရှိသော်လည်း ရက္ခိုင်ဒေသ၌မူ စစ်ရှိန်သည် အသာအသာဖြင့် မြင့်တက်လျက်ရှိသည်။ စစ်ဆင်ရေး (၉၂) ရက်မြောက်နေ့တွင် ရက္ခိုင်ဒေသအတွင်းတွင် တိုက်ပွဲများဆက်လက်ရှိနေခဲ့သည်။


(၁) ယနေ့တွင်လည်း စစ်ကောင်စီသည် မြေပုံမြို့နယ်အတွင်းရှိ ဗျူဟာကုန်းတစ်ခုကို ထပ်မံစွန့်လွှတ်ခဲ့ရပြန်သည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၂၆) ရက်နေ့၊ နံနက်ပိုင်းကတည်းကပင် ရက္ခိုင်ပြည်၊ မြေပုံမြို့နယ်အတွင်းရှိ “ယောချောင်းဗျူဟာကုန်း” နှင့် ၎င်းအနီးအနားရှိစခန်းကုန်းများမှ (၁၂၂) မမ ဟောင်ဝစ်ဇာအမြောက်များအပါအဝင် လက်နက်ခဲယမ်းများကိုပါ မီးရှို့ဖျက်ဆီးခဲ့သည်။ ထို့နောက် အဆိုပါဗျူဟာကုန်းအား စွန့်လွှတ်ခဲ့ကာ စစ်သင်္ဘောနှစ်စီးဖြင့် ထွက်ပြေးသွားခဲ့သည်။ မိမိတို့မှလည်း ထွက်ပြေးသွားသူများကို လိုက်လံချေမှုန်း တိုက်ခိုက်ခဲ့သောကြောင့် ၎င်းစစ်သင်္ဘောပေါ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ ထိခိုက်၊ သေဆုံးမှုများရှိခဲ့သည်။


(၂) ရက္ခိုင်ပြည်၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ရသေ့တောင်နှင့် ရမ်းဗြဲမြို့နယ်များတွင် ယခင်ရက်များနည်းတူ ရက္ခိုင့်တပ်‌‌တော် (AA) နှင့် စစ်ကောင်စီတို့ကြား ထိတွေ့တိုက်ပွဲများ ဆက်လက်ရှိနေခဲ့သည်။ 


ရက္ခိုင်ဒေသစစ်မျက်နှာစာ၌ အရှုံးကြီးရှုံးနိမ့်နေသောစစ်ကောင်စီမှ ရမ်းဗြဲမြို့အား အငြိုးအတေးထားကာ မြို့ပြိုပျက်စေရန် ရည်ရွယ်ချက်ဖြင့် ယမန်နေ့ညပင် ယနေ့တစ်နေ့လုံးထိ ဂျက်ဖိုက်တာများသုံးကာ လေကြောင်းမှ ဖျက်အားပြင်းဗုံးများနှင့် ကြဲချတိုက်ခိုက်ခြင်းများ ဆက်လက်ပြုလုပ်လျက်ရှိသည်။


(၃) ပြီးခဲ့သည့် ဇန်နဝါရီလ (၁၈) ရက်နေ့က ပေါက်တောမြို့သို့ စစ်ကူအင်အားစေလွှတ်မည့် စစ်ကောင်စီ၏နေဗီသင်္ဘောမှ အကြမ်းဖက်တပ်ဖွဲ့ဝင်များသည် မင်းပြားမြို့နယ်၊ င/တန်ပျင်းကျေးရွာသို့ အင်အားသုံးဝင်ရောက်လာခဲ့သည်။ ထို့နောက် အသက် (၆၄) နှစ်အရွယ်ဒေသခံအမျိုးသမီးကြီး (၁) ဦး၊ (၃၃) နှစ်အရွယ်အမျိုးသမီး (၁) ဦးနှင့် (၆၂) နှစ်အရွယ်အမျိုးသား (၁) ဦး၊ စုစုပေါင်း (၃) ဦးတို့ကို လူမဆန်စွာဖြင့် ရက်ရက်စက်စက် လည်ပင်းလှီးဖြတ်သတ်ခဲ့သည်။ ထို့အပြင် ဘာဘူတောင်နှင့် ကျားရဲပြင်ကျေးရွာတို့မှ ဒေသခံပြည်သူလူထူပိုင်ပစ္စည်းများအား ခိုးယူလုယက်သွားခဲ့ရုံမက စပါးကျီများကိုလည်း ရည်ရွယ်ချက်ရှိရှိ မီးရှို့ဖျက်ဆီးခဲ့သည်။ 


(၄) တအာင်းပြည်နယ်၊ တပ်မဟာ (၆) စစ်ဒေသ၊ လားရှိုးမြို့နယ်၊ နမ့်တွန်ကျေးရွာ၌ အခြေချတပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းသည် ယနေ့၊ နေ့လယ် (၁၂) နာရီအချိန်၌ သိန္နီဘက်ခြမ်းရှိ နယ်စပ်တံတားသို့ လက်နက်ကြီးများဖြင့် (၅) ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ 


ယမန်နေ့၊ နောက်ဆက်တွဲသတင်းများအနေဖြင့်


(၅) ယမန်နေ့၊ ညနေ (၄) နာရီ (၃၀) မိနစ်အချိန်ခန့်ကလည်း ရက္ခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်၊ ကြာညိုပြင်ကျေးရွာအနီးရှိ စစ်ကောင်စီအခြေစိုက်တပ်မ (၂၂) လက်အောက်ခံ “ခမရ (၂၀၃) တပ်ရင်း” မှ မည်သည့်တိုက်ပွဲမျှ ဖြစ်ပွားခြင်းမရှိဘဲ အနီးဝန်းကျင်ကျေးရွာများသို့ လက်နက်ကြီးများဖြင့် အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ဤသို့ တမင်တကာ ပစ်ခတ်ခဲ့သည့်အတွက် ဖုံညိုလိပ်ကျေးရွာ၊ အမှတ် (၁၂) ရပ်ကွက်တွင်းသို့ လက်နက်ကြီးများကျရောက်ပေါက်ကွဲခဲ့ရာမှအသက် (၂၃) နှစ်အရွယ် မွတ်ဆလင်အမျိုးသမီး (၁) ဦးသည် ဘယ်ဘက်ရင်အုံပွင့်ထွက်ခဲ့ကာ ပွဲချင်းပြီးသေဆုံးခဲ့ရသည်။ ထို့အပြင် ၎င်းကျေးရွာမှ ရွာသား (၇) ဦးတို့မှာလည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ 


မိမိတို့၏စစ်ဆင်ရေးနှင့် နောက်ဆက်တွဲသတင်းများအား ဆက်လက်ဖော်ပြပေးသွားပါမည်။ 


ညီနောင်မဟာမိတ် (၃) ဖွဲ့

MNDAA + TNLA + AA 


#operation1027


Topics: “Operation 1027” ၁၀၂၇ စစ်ဆင်ရေး (၉၂) ရက်မြောက်နေ့တိုက်ပွဲသတင်းများ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် ညီနောင်မဟာမိတ်သုံးဖွဲ့ တအာင်းတပ်မတော် ထုတ်ပြန်ချက်

မှတ်ချက်များ
သင်၏ ထင်မြင်ချက်