53

“Operation 1027” ၁၀၂၇ စစ်ဆင်ရေး (၈၅) ရက်မြောက်နေ့တိုက်ပွဲသတင်းများ

၁၀၂၇ စစ်ဆင်ရေး / ၁၀၂၇
26 January 2024

“Operation 1027” ၁၀၂၇ စစ်ဆင်ရေး (၈၅) ရက်မြောက်နေ့တိုက်ပွဲသတင်းများ


၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၉) ရက်နေ့၊ ည (၁၀:၂၀) အချိန်တွင် ထုတ်ပြန်သည်။


၁၀၂၇ စစ်ဆင်ရေးကြီး (၃) လပြည့်ရန် တစ်ပတ်အလိုဖြစ်သည့် (၈၅) ရက်မြောက်နေ့တွင်လည်း မိမိတို့ညီနောင် (၃) ဖွဲ့ သည် စစ်ရေး၊ နိုင်ငံရေးရည်မှန်းချက်များ၏ ဦးတည်ချက်မပြောင်းလဲဘဲ ဆက်လက်ချီတက်နေဆဲဖြစ်သည်။


၁၀၂၇ စစ်ဆင်ရေးမှာ လက်ရှိအချိန်တွင် ရူပဗေဒ၏ Laws of Refraction of light သင်ခန်းစာမှ Real Depth & Apparent Depth သဘောတရားကဲ့သို့ပင်ဖြစ်သည်။


ရှမ်းမြောက်ဒေသအတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများမှာ ဆက်လက်ရှိနေခဲ့သည်။ ထို့အတူ ရက္ခိုင်ဒေသအတွင်း မြို့နယ်အချို့တွင် ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတို့ကြား တိုက်ပွဲများသည် ဆက်လက်ရှိနေသကဲ့သို့ ရန်သူသည် ဖုန်းလိုင်း၊ အင်တာနက်လိုင်းစသည့် ဆက်သွယ်ရေးဆိုင်ရာ သတင်းအချက်အလက်များကို ရည်ရွယ်ချက်ရှိရှိ ဖြတ်တောက်ပြီး စစ်ရာဇဝတ်မှု၊ လူ့အခွင့်အရေးချိုးဖောက်မှုများကို အင်တိုက်အားတိုက်ကျူးလွန်ရန် ပြင်ဆင်လျက်ရှိသည်။


(၁) ရှမ်းမြောက်ဒေသ၊ မိုးကုတ်မြို့နယ်ရှိ စစ်ကောင်စီ၏ “(၅) မိုင်တပ်စခန်း” မှ ယနေ့ နံနက် (၁၁) နာရီ (၂၅) မိနစ်အချိန် ခန့်တွင် (၈) မိုင်၊ ပိန်ပြစ်ကျေးရွာသို့ လက်နက်ကြီးများဖြင့် (၁၀) ကြိမ်တိုင်တိုင် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ အဆိုပါ တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ဒေသခံ (၂) ဦး လက်နက်ကြီးကျည်စထိမှန်သေဆုံးခဲ့ရပြီး (၂) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ထို့အပြင် အရပ်သားနေအိမ် (၄) လုံးမှာလည်း ထိမှန်ပျက်စီးခဲ့ရပြန်သည်။


(၂) ယနေ့တွင်လည်း ရက္ခိုင်ပြည်၊ ပေါက်တော၊ မင်းပြား၊ မြောက်ဦး၊ အမ်း နှင့် ရမ်းဗြဲမြို့နယ်များတွင် ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတို့အကြား ကြိုကြားကြိုကြားတိုက်ပွဲများမှာ ဆက်လက်ရှိနေခဲ့သည်။ 


(၃) ဆက်လက်၍ ရက္ခိုင်ပြည်၊ ပေါက်တောမြို့တွင်းနှင့် အနီးဝန်းကျင်ရှိ တိုက်ပွဲမှာ ပြင်းထန်နေခဲ့ပြီး စခန်းတစ်ခုပြီးတစ်ခု လက်လွှတ်ဆုံးရှုံးနေရသော စစ်ကောင်စီသည် လက်နက်ကြီးပစ်ကူအပြင် လေကြောင်းနှင့် ရေကြောင်းပစ်ကူများကိုပါ အသုံးပြု၍ အသည်းအသန်ခုခံကာကွယ်နေရသည်။ အလားတူပင် ယမန်နေ့နှင့် ယနေ့တွင်လည်း ရန်သူ့ဂျက်ဖိုက်တာ၊ ရဟတ်ယာဉ်နှင့် နေဗီသင်္ဘောများမှ မင်းပြားမြို့ပေါ်ရပ်ကွက်များအား အပြင်းအထန်ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည်။ 


(၄) ထို့အပြင် ရက္ခိုင်ပြည်၊ ရသေ့တောင်မြို့နယ်တွင် မည်သည့်တိုက်ပွဲမှဖြစ်ပွားခြင်းမရှိဘဲ ရန်သူ့လက်ကျန်တပ်ရင်းအချို့မှ အရပ်သားပြည်သူများနေထိုင်ရာ ရသေ့တောင်မြို့နှင့် အနီးအနားရှိကျေးရွာများသို့ တမင်တကာ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြောက်လှန့်လျက်ရှိသည်။


ယမန်နေ့ နောက်ဆက်တွဲသတင်းများအနေဖြင့်


(၅) ယမန်နေ့၊ နံနက် (၁၀) နာရီ (၃၀) မိနစ်အချိန်ခန့်တွင် ရက္ခိုင်ပြည်၊ မင်းပြားမြို့ပေါ် ရပ်ကွက်များအား စစ်ကောင်စီ၏ ဂျက်ဖိုက်တာသည် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သဖြင့် မင်းပြားမြို့၊ ဦးစိုးတင့်ရပ်ကွက်အတွင်းသို့ ဗုံးသီးများ ကျရောက်ပေါက်ကွဲခဲ့သည်။ ဤသို့ရည်ရွယ်ချက်ရှိရှိ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ဒေသခံ အမျိုးသား (၁) ဦး ဗုံးစထိမှန်၍ ပွဲချင်းပြီးသေဆုံးခဲ့ရသည့်အပြင် လူနေအိမ် (၁၀) လုံးကျော်မှာလည်း မီးလောင်ပြာကျခဲ့ရ သည်။ 


မိမိတို့၏စစ်ဆင်ရေးနှင့် နောက်ဆက်တွဲသတင်းများအား ဆက်လက်ဖော်ပြပေးသွားပါမည်။


ညီနောင်မဟာမိတ် (၃) ဖွဲ့

MNDAA + TNLA + AA


#operation1027


Topics: “Operation 1027” ၁၀၂၇ စစ်ဆင်ရေး (၈၅) ရက်မြောက်နေ့တိုက်ပွဲသတင်းများ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းသတင်း ညီနောင်မဟာမိတ်သုံးဖွဲ့

မှတ်ချက်များ
သင်၏ ထင်မြင်ချက်