52

“Operation 1027” ၁၀၂၇ စစ်ဆင်ရေး (၈၄) ရက်မြောက်နေ့တိုက်ပွဲသတင်းများ

၁၀၂၇ စစ်ဆင်ရေး / ၁၀၂၇
26 January 2024

“Operation 1027” ၁၀၂၇ စစ်ဆင်ရေး (၈၄) ရက်မြောက်နေ့တိုက်ပွဲသတင်းများ


၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၈) ရက်နေ့၊ ည (၁၁:၅၀) အချိန်တွင် ထုတ်ပြန်သည်။


၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၁) ရက်နေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ကြားဝင်စေ့စပ်မှုနှင့် ကမကထပြုမှုတို့ကြောင့် ရရှိခဲ့သော "ဟိုင်ဂင် သဘောတူညီမှု” သည် ယနေ့ဆိုလျှင် တစ်ပတ်တိတိပြည့်ခဲ့ပြီဖြစ်သကဲ့သို့ မိမိတို့ ညီနောင်မဟာမိတ် (၃) ဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးသည်လည်း (၈၄) ရက်မြောက်နေ့သို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။ 


စစ်ဆင်ရေးအရှိန်မှာ အနည်းငယ်ရပ်တန့်သွားသည်ဟုထင်ရသော်လည်း မပြောင်းလဲသော ကိန်းသေအလျင်နှုန်းဖြင့် မိမိတို့၏ ၁၀၂၇ စစ်ဆင်ရေးကြီးသည်လည်း ဆက်လက်ရွေ့လျားလျက်ရှိပြီး မြန်မာပြည်သူလူထုတစ်ရပ်လုံးလိုလားသော ဘုံရည်မှန်းချက်များအတွက် ပုံမှန်အလုပ်လုပ်လျက်ရှိပါသည်။


"ဟိုင်ဂင် သဘောတူညီမှု” ရရှိခဲ့သည့်နေ့မှ ယနေ့အချိန်ထိ မိမိတို့ဘက်မှ သဘောတူညီခဲ့သည့်အတိုင်း လိုက်နာနေ၍သာ မလိုလားအပ်သောအခြေအနေများ ဖြစ်ပေါ်မလာရခြင်းပင်ဖြစ်သည်။ အကယ်၍ မိမိတို့ဘက်မှ စိတ်ရှည်သည်းခံခြင်းလည်းမရှိ၊ ဟိုင်ဂင်သဘောတူညီချက်များကိုလည်း လိုက်နာခြင်းမရှိဘဲ သွေဖည်နေမည်ဆိုပါက မိမိတို့သတ်မှတ်ထား သည့်အတိုင်း စစ်ဆင်ရေးပစ်မှတ်များနှင့် မြို့သိမ်းတိုက်ပွဲများကို အကောင်အထည်ဖော်ထားခဲ့ပြီဖြစ်သည်။ ဥပမာ - (???) ကဲ့သို့သော မြို့ ကြီးများမှာလည်း မိမိတို့လက်အောက်သို့ ကျရောက်နေခဲ့လိမ့်မည်ဖြစ်သည်။


သို့သော်လည်း မိမိတို့သည် တော်လှန်ရေးအဖွဲအစည်းများဖြစ်သည့်အလျောက် တော်လှန်ရေးကတိသစ္စာတည်ကြည်သော အဖွဲအစည်းများလည်း ဖြစ်ကြသည်။ အခြားတစ်ဘက်တွင် စစ်ရေး၊ နိုင်ငံရေး၊ သံတမန်ရေး အစရှိသဖြင့် အဖက်ဖက်၌ရှုံးနိမ့်နေသည့်စစ်ကောင်စီသည် ယခင်ရက်များအတိုင်း မိမိတို့နှင့် အရပ်သားပြည်သူများအား လေကြောင်းပစ်ခတ်တိုက်ခိုက်မှုများကို ရှမ်းမြောက်ဒေသအတွင်း ၁၀၂၇ စစ်ဆင်ရေး (၈၄) ရက် မြောက်နေ့ရောက်သည့်တိုင် အပိုးမကျိုးဘဲ ဆက်လက်ပြုလုပ်နေခဲ့သည်။


အလားတူပင် ရက္ခိုင်ဒေသ၌လည်း ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတို့ကြား ထိတွေ့တိုက်ပွဲအချို့မှာ မင်းပြား၊ ပေါက်တော၊ မြောက်ဦး၊ ရမ်းဗြဲနှင့် အမ်းမြို့နယ်များအတွင်းတွင် ယခင်ရက်များနည်းတူ ထူးမခြားနားရှိနေခဲ့သည်။


(၁) ရှမ်းမြောက်ဒေသတွင်း တအာင်းတပ်မတော် (TNLA) ရှိရာ တပ်မဟာ (၃) စစ်ဒေသ၊ မိုးမိတ်မြို့နယ် အခြေစိုက် စစ်ကောင်စီတပ်စခန်းမှ နံနက် (၈) နာရီ (၄၉) မိနစ်အချိန်ခန့်မှ နေ့လယ် (၁၂) နာရီ (၂၈) မိနစ်အချိန်ခန့်ထိ မိုးမိတ်မြို့နယ်၊ ရွှေဆာလီကျေးရွာအနီးတစ်ဝိုက်သို့ ဂျက်ဖိုက်တာဖြင့် (၈) ကြိမ်၊ ATR-72 ဖြင့် (၃) ကြိမ်နှင့် Y-12 ဖြင့် (၅) ကြိမ်တိုင်အောင် ယနေ့တစ်ရက်တည်း၌ လေကြောင်းပစ်ခတ်တိုက်ခိုက်မှုစုစုပေါင်း (၁၆) ကြိမ် ပြုလုပ်ခဲ့သည်။ 


(၂) ရက္ခိုင်ဒေသအတွင်း မင်းပြား၊ မြောက်ဦးနှင့် ပေါက်တောမြို့နယ်အတွင်း၌ ယနေ့တွင်လည်း ရက္ခိုင့်တပ်တော် (AA) သည် အပြီးသတ်သိမ်းပိုက်ရန်ကျန်ရှိနေသေးသည့် စစ်ကောင်စီ၏လက်ကျန်တပ်စခန်းများမှ လက်နက်ချအညံ့ခံခြင်းမရှိဘဲ မိမိတို့နှင့် အရပ်သားပြည်သူလူထုအား ဆက်လက်တိုက်ခိုက်နေသော ရန်သူ့တပ်ဖွဲ့ဝင်များအား လိုက်လံဖမ်းဆီးကာ ချေမှုန်းလျက်ရှိသည်။


ယမန်နေ့ နောက်ဆက်တွဲသတင်းများအနေဖြင့် 


(၃) ကိုးကန့်ဒေသ၌ ယခုရက်ပိုင်းများတွင် စစ်ကောင်စီနှင့် ထိတွေ့တိုက်ပွဲများ ကြီးကြီးမားမားမရှိနေသော်လည်း ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း စစ်‌ကောင်စီတပ်ဖွဲ့ဝင်များမှ အရပ်သားပြည်သူများသွားလာနေထိုင်ရာနေရာများတွင် ယခင်ထောင်ခဲ့သည့် မိုင်းနှင့် ပေါက်ကွဲစေတတ်သော စစ်လက်နက်အကြွင်းအကျန်ပစ္စည်းများ၏ အန္တရာယ်မှာ ဆက်လက်ရှိနေသေးသည်။ အဆိုပါမိုင်းများအား မိမိတို့ပြည်သူလူထုမှ မတော်တဆနင်းမိခဲ့ရာမှ ယမန်နေ့များအတွင်း၌ပင် ကိုးကန့်၊ တုန်ရှမ်းဒေသ၊ ရှင်ကိုင်ကျေးရွာ၊ တာတုန့်ကျိုက်ရပ်ကွက်ရှိ အရပ်သားပြည်သူ (၃) ဦး ထိခိုက်ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြရပြီးဖြစ်သည်။ 


(၄) ရက္ခိုင်ပြည်၊ ဘူးသီးတောင်အခြေစိုက် စစ်ကောင်စီ “တပ်မ (၂၂)” လက်အောက်ခံတပ်ဖွဲ့ဝင်များမှ ယမန်နေ့၊ ည (၉) နာရီ (၁၀) မိနစ်အချိန်ခန့်က အရပ်သားပြည်သူများရှိရာမြို့ပေါ်ရပ်ကွက်များသို့ ညလက်နက်ကြီးများဖြင့် ညအချိန်မတော် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ထိုသို့ပစ်ခတ်တိုက်ခိုက်မှုကြောင့် အမှတ် (၅) ရပ်ကွက်၊ ရွာသစ်မှ ဒေသခံလူငယ် (၁) ဦးအား လက်နက်ကြီးကျည်စထိမှန်ကာ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။


လက်ရှိအချိန်တွင် စစ်ကောင်စီသည် ရက္ခိုင်ဒေသတွင်းရှိ မြို့နယ်အချို့၌ ဆက်သွယ်ရေးလိုင်းများအား ရည်ရွယ်ချက်ရှိရှိ ဖြတ်တောက်ထားသောကြောင့် မိမိတို့အနေဖြင့် များစွာစိုးရိမ်လျက်ရှိသည်။ အဘယ်ကြောင့်ဆိုသော် စစ်ကောင်စီသည် ဤကဲ့သို့ဆက်သွယ်ရေးအင်တာနက်လိုင်းများ ဖြတ်တောက်ထားသည့်အချိန်တိုင်း၌ မိမိတို့၏ပြည်သူလူထုအပေါ် စစ်ရာဇဝတ်မှုများကို ပိုမိုကျူးလွန်တတ်သောအထောက်အထားများကို ယခင်ကလည်း တွေ့ကြုံခဲ့ဖူး၍ပင် ဖြစ်သည်။ 


မိမိတို့၏စစ်ဆင်ရေးနှင့်နောက်ဆက်တွဲသတင်းများအား ဆက်လက်ဖော်ပြပေးသွားပါမည်။


ညီနောင်မဟာမိတ် (၃) ဖွဲ့

MNDAA + TNLA + AA


#operation1027


Topics: “Operation 1027” ၁၀၂၇ စစ်ဆင်ရေး (၈၄) ရက်မြောက်နေ့တိုက်ပွဲသတင်းများ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းသတင်း ညီနောင်မဟာမိတ်သုံးဖွဲ့

မှတ်ချက်များ
သင်၏ ထင်မြင်ချက်