51

“Operation 1027” ၁၀၂၇ စစ်ဆင်ရေး (၈၃) ရက်မြောက်နေ့တိုက်ပွဲသတင်းများ

၁၀၂၇ စစ်ဆင်ရေး / ၁၀၂၇
26 January 2024

“Operation 1027” ၁၀၂၇ စစ်ဆင်ရေး (၈၃) ရက်မြောက်နေ့တိုက်ပွဲသတင်းများ


၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၇) ရက်နေ့၊ ည (၁၁:၅၀) အချိန်တွင် ထုတ်ပြန်သည်။


၁၀၂၇ စစ်ဆင်ရေးကြီးကို ညီနောင်မဟာမိတ် (၃) ဖွဲ့မှ ရှမ်းမြောက်ဒေသအတွင်းစတင်ခဲ့ပြီး စစ်ဆင်ရေးအရှိန်အဟုန်သည် ယခင်ရှိနှင့်ပြီးသော တော်လှန်ရေးနယ်မြေများတွင် ကူးစက်ခဲ့ပြီးဖြစ်သည်။ ဟိုင်ဂင်ဆွေးနွေးပွဲတတိယအကြိမ် အပြီးတွင် နှစ်ဖက်သဘောတူညီမှုအချို့ ရရှိခဲ့ပြီးနောက် ရှမ်းမြောက်ရှိ ကိုးကန့်နှင့် တအာင်းဒေသအချို့တွင် နှစ်ဖက်တိုက်ပွဲများ သိသာစွာလျော့ကျသွားခဲ့သည်မှာ အမှန်ပင်ဖြစ်သော်လည်း စစ်ကောင်စီဘက်မှ အရပ်သား၊ ရပ်ရွာများအား လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများမှာ ၁၀၂၇ စစ်ဆင်ရေး (၈၃) ရက်မြောက်နေ့သို့ ရောက်ရှိလာခဲ့သည့်တိုင်အောင် ဆက်၍ရှိနေဆဲဖြစ်သည်။


ရှမ်းမြောက်ရှိ မိမိတို့ညီနောင် (၃) ဖွဲ့နှင့် စစ်ကောင်စီတို့အကြား ထိတွေ့တိုက်ပွဲ၊ ထိုးစစ်များမှာ လျော့နည်းသွားသော်လည်း ရက္ခိုင်ဒေသအတွင်း၌မူ စစ်ရေးပြင်းထန်လျက်ရှိသည်။ ရက္ခိုင့်တပ်တော်မှ စစ်ကောင်စီ၏စခန်းများကို တစ်ခုပြီးတစ်ခု သိမ်းယူလျက်ရှိသည်။ အခြားတစ်ဖက်တွင်လည်း ရက္ခိုင့်တပ်တော်၏ ဗျူဟာမြောက်ထိုးစစ်၊ ဝိုင်းဝန်းပိတ်ဆို့မှုဒဏ်ကို အလူးအလဲခံနေရသည့် စစ်ကောင်စီသည် မြို့၊ ရပ်ရွာများကို ဦးတည်တိုက်ခိုက်ခြင်းနှင့် မီးရှို့ဖျက်ဆီးခြင်းအလုပ်ကိုသာ အောက်တန်းကျစွာ ပြုလုပ်နေတော့သည်။ 


ရှမ်းမြောက်တွင် လေကြောင်းတိုက်ခိုက်မှုလျော့နည်းသွားသည့်အချိန်တွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုမှာ ရက္ခိုင်ဒေသ၌ ပိုမိုများပြားလာခဲ့ပြီး ယနေ့သည် ရက္ခိုင်ဒေသအတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု စံချိန်တင်သောနေ့တစ်နေ့လည်းဖြစ်ပြီး အရပ်သားပြည်သူများစွာ ထိခိုက်ဒဏ်ရာရ၊ သေဆုံးမှုများရှိခဲ့သည်။


(၁) ရှမ်းမြောက်ဒေသအတွင်းရှိ တအာင်းတပ်မတော် (TNLA) ၏ တပ်မဟာ (၂) စစ်ဒေသ၊ မိုးကုတ်မြို့နယ်၊ ဖြူရောင် ကျေးရွာ၌ စခန်းချတပ်စွဲထားသည့် စစ်ကောင်စီတပ်မှ အထက်ညောင်ကုန်း‌ကျေးရွာသို့ ယနေ့၊ နေ့လယ် (၂) နာရီကျော် အချိန်တွင် လက်နက်ကြီးဖြင့် (၁) ကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ 


(၂) ရက္ခိုင်ပြည်၊ ကျောက်တော်မြို့အခြေစိုက် စစ်ကောင်စီ၏ စကခ (၉) လက်အောက်ခံ “ခမရ (၃၇၆) တပ်ရင်း” မှ ယနေ့၊ နံနက် (၆) နာရီ (၃၀) မိနစ်အချိန်ခန့်က ကျောက်တော်မြို့နှင့် အနီးအနားကျေးရွာများသို့ (၁၂၀) မမ လက်နက်ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိ တမင်တကာ ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ အဆိုပါလက်နက်ကြီးကျည် (၁) လုံးသည် ကျောက်‌တော်မြို့ နယ်၊ သရက်တပင်ရွာဟောင်းသို့ ကျရောက်ပေါက်ကွဲခဲ့ရာမှ အသက် (၅၂) နှစ်အရွယ် ဒေသခံအမျိုးသား (၁) ဦး လက်နက်ကြီးကျည်စထိမှန်သေဆုံးခဲ့ရသည်။ 


တစ်ရက်တည်းမှာပင် ညနေ (၅) နာရီအချိန်ခန့်ကလည်း ရန်သူ့တိုက်ခိုက်ရေးရဟတ်ယာဉ် (၁) စီးမှ ကျောက်တော်မြို့နယ်၊ ပီချောင်းဒေသ၊ ဝဲကြီးထောင့်ကျေးရွာနှင့် အနီးတစ်ဝိုက်သို့ လေကြောင်းဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ ထိုသို့လူမဆန်စွာ အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဒေသခံစစ်ဘေးရှောင် (၅) ဦးထက်မနည်း သေဆုံးခဲ့ရ ပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ 


(၃) ယနေ့၊ နံနက်အစောပိုင်းအချိန်၌ ရက္ခိုင်ပြည်၊ ရသေ့တောင်အခြေစိုက် စစ်ကောင်စီတပ်ရင်းများနှင့် ဂျက်ဖိုက်တာတို့မှ ရသေ့တောင်မြို့ပေါ်ရပ်ကွက်များ အပါအဝင် အနီးအနားကျေးရွာများအား လက်နက်ကြီးပစ်ခတ်မှုများနှင့် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ 


ထို့အပြင် ရန်သူ့ဂျက်ဖိုက်တာ (၂) စီးနှင့် Mi-35 ရဟတ်ယာဉ် (၁) စီးတို့သည်လည်း ယနေ့၊ နံနက် (၁၁) နာရီ (၃၀) မိနစ် အချိန်ခန့်၌ ရက္ခိုင်ပြည်၊ မင်းပြားမြို့အား လေကြောင်းတိုက်ခိုက်ပစ်ခတ်မှု အပြင်းအထန်ပြုလုပ်ခဲ့သည်။ အဆိုပါ လေကြောင်းတိုက်ခိုက်မှုအပြင် ရန်သူ့နေဗီသင်္ဘောမှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှု ကြောင့်  မင်းပြားမြို့နယ်၊ င/တန်းပျင်း ကျေးရွာမှာလည်း နေ့လယ် (၁၂) နာရီအချိန်ခန့်မှစ၍ ညအချိန်ထိ ရွာလုံးကျွတ်နီးပါး မီးလောင်လျက်ရှိသည်။ 


(၄) ရက္ခိုင့်တပ်တော် (AA) စစ်ရေးလှုပ်ရှားရာ စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နှင့် အနီးပတ်ဝန်းကျင်တွင်လည်း စစ်ကောင်စီ ဘက်မှ ယခုရက်သတ္တပတ်များအတွင်း လေကြောင်းတိုက်ခိုက်မှုများ အပြင်းအထန်အသုံးပြုလျက်ရှိသည်။ 


ယမန်နေ့ နောက်ဆက်တွဲသတင်းများအနေဖြင့် 


(၅) ယမန်နေ့၊ ညနေ (၆) နာရီ (၅) မိနစ်အချိန်ခန့်၌ ရက္ခိုင်ပြည်၊ စစ်တွေမြို့နယ်၊ ကံ့ကော်ကျွန်း၌ အခြေချထားသည့် စစ်ကောင်စီတပ်စခန်းမှ အရပ်သားပြည်သူများ နေထိုင်ရာကျေးရွာများသို့ လက်နက်ကြီးများဖြင့် တမင်တကာ အကြမ်းဖက်ပစ်ခတ်တိုက်ခဲ့သည်။ ထိုသို့ပစ်ခတ်ခဲ့သည့် လက်နက်ကြီးကျည်မှာ စစ်တွေမြို့နယ်၊ ဝါဘိုကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ကာ ဒေသခံအမျိုးသား (၂) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လူနေအိမ် (၂) လုံးမှာလည်း ပျက်စီးခဲ့ရသည်။ 


မိမိတို့၏ စစ်ဆင်ရေးနှင့်နောက်ဆက်တွဲသတင်းများကို ဆက်လက်ဖော်ပြပေးသွားပါမည်။


ညီနောင်မဟာမိတ် (၃) ဖွဲ့

MNDAA + TNLA + AA


#operation1027


Topics: “Operation 1027” ၁၀၂၇ စစ်ဆင်ရေး (၈၃) ရက်မြောက်နေ့တိုက်ပွဲသတင်းများ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းသတင်း ညီနောင်မဟာမိတ်သုံးဖွဲ့

မှတ်ချက်များ
သင်၏ ထင်မြင်ချက်