49

“Operation 1027” ၁၀၂၇ စစ်ဆင်ရေး (၈၁) ရက်မြောက်နေ့တိုက်ပွဲသတင်းများ

၁၀၂၇ စစ်ဆင်ရေး / ၁၀၂၇
26 January 2024

“Operation 1027” ၁၀၂၇ စစ်ဆင်ရေး (၈၁) ရက်မြောက်နေ့တိုက်ပွဲသတင်းများ


၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၅) ရက်နေ့၊ ည (၁၂:၀၀) အချိန်တွင် ထုတ်ပြန်သည်။


ရှမ်းမြောက်ဒေသမှစ၍ ဆင်နွှဲခဲ့သည့် ညီနောင်မဟာမိတ် (၃) ဖွဲ့၏ စစ်ဆင်ရေးသည် ယနေ့ဆိုလျှင် နှစ်လကျော်ကာလသို့ ရောက်ရှိလာပြီဖြစ်သည်။ နှစ်လကျော်ကာလအတွင်း မိမိတို့ ကြိုးစားအားထုတ်မှုနှင့်အညီ ထိုက်တန်သည့် စစ်ရေး၊ နိုင်ငံရေးရည်မှန်းချက်အချို့ကို ရယူနိုင်ခဲ့ပြီး သိမ်းပိုက်ရယူထားခဲ့သည့် နယ်မြေများ၌ မိမိတို့၏ အုပ်ချုပ်စီမံရေးယန္တရားများ သက်ဝင်လည်ပတ်အောင် ဆက်လက်ဆောင်ရွက်လျက်ရှိသည်။ 


ယနေ့ မိမိတို့၏ စစ်ဆင်ရေး (၈၁) ရက်မြောက်နေ့တွင် ရှမ်းမြောက်‌ဒေသ၌ မိမိတို့ ထိန်းချုပ်၊ လှုပ်ရှားရာနယ်မြေများ၌ စစ်ကောင်စီနှင့် နှစ်ဘက်ရင်ဆိုင်ထိတွေ့တိုက်ပွဲများ မရှိခဲ့သော်လည်း မိမိတို့ ထိန်းချုပ်ထားရာနယ်မြေများနှင့် အရပ်သားပြည်သူများနေထိုင်ရာ မြို့၊ ရပ်ရွာများသို့ လက်နက်ကြီး၊ ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်မှုများအပြင် လေကြောင်းတိုက်ခိုက်မှုများကိုလည်း ဆက်လက်ပြုလုပ်ခဲ့သည်။ 


(၁) ရှမ်းမြောက်ဒေသအတွင်း ကျောက်မဲမြို့နယ်ရှိ စစ်ကောင်စီ၏ “(၅၀၂) တပ်စခန်း” မှ ယနေ့၊ နေ့လယ် (၃) နာရီကျော် အချိန်တွင် ပါးပုတ်ကျေးရွာသို့ လက်နက်ကြီးများဖြင့် (၄) ကြိမ်၊ နောင်ချိုမြို့နယ်၊ အုမ္မတီးလမ်းခွဲရှိ စစ်ကောင်စီတပ်မှ နေ့လယ် (၁၂) နာရီအချိန်တွင် သုံးဆယ်ကျေးရွာသို့ လက်နက်ကြီးဖြင့် (၃) ကြိမ်နှင့် ရန်သူ့ Mi-35 တိုက်ခိုက်ရေး ရဟတ်ယာဉ်သည် ကွတ်ခိုင်မြို့နယ်ရှိ မိုင်းယုလေး၊ လွယ်ကန်နှင့် လွယ်ကုန်ကျေးရွာအနီးတစ်ဝိုက်သို့လည်း လေကြောင်းဖြင့် (၁) ကြိမ် လာရောက်ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ 


ထို့အပြင် နေ့လယ် (၂) နာရီ (၁၅) မိနစ်အချိန်ကလည်း ရန်သူ၏ ကျောက်မဲမြို့နယ်ရှိ တပ်စခန်းမှလည်း သံဘိုကျေးရွာအနီးတစ်ဝိုက်သို့  လက်နက်ကြီးဖြင့် (၅) ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ 


(၂) အလားတူပင် တအာင်းတပ်မတော် (TNLA) ရှိရာ ကျောက်မဲ၊ မိုးကုတ်နှင့် လားရှိုးမြို့နယ်များသို့လည်း စစ်ကောင်စီ၏ တပ်စခန်းများမှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုများမှာ ယခင်ရက်များအတိုင်း ဆက်လက်ရှိနေခဲ့သည်။ 


(၃) ယနေ့၊ နံနက် (၉) နာရီအချိန်ခန့်၌ စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား (၅၀) ကျော်ခန့်သည် ရက္ခိုင်ပြည်၊ စစ်တွေမြို့နယ်၊ တောကန်ကျေးရွာသို့ လက်နက်အင်အားအပြည့်အစုံဖြင့် ဝရုန်းသုန်းကား အကြမ်းဖက်ဝင်ရောက်လာကာ ကျေးရွာအတွင်းရှိ လူနေအိမ်ရွာလုံးကျွတ်အား တမင်တကာ မီးရှို့ဖျက်ဆီးခဲ့သည်။ 


ထိုသို့အရပ်သားပြည်သူများအား ဦးတည်တိုက်ခိုက်သည့် စစ်ရာဇဝတ်မှုကျူးလွန်နေစဉ် ကျေးရွာတွင်းရှိ လေဖြတ်ထားသော အသက် (၇၀) ကျော်အရွယ် ဒေသခံသက်ကြီးပိုင်းအမျိုးသား (၁) ဦးနှင့် အမျိုးသမီး (၁) ဦးတို့အား သေနတ်ဖြင့် လူမဆန်စွာ ပစ်သတ်ခဲ့ပြီး နေအိမ်ကိုပါ မီးလောင်တိုက်သွင်းခဲ့သည်။ အဆိုပါကျေးရွာတွင်းရှိ နေအိမ်အလုံးရေပေါင်း (၈၀) ကျော်မှာ မီးဟုန်းဟုန်းတောက်လောင်ပြာကျခဲ့ရသည်။ ၎င်းကျေးရွာအား စစ်ကောင်စီသည် ပြီးခဲ့သည့်နှစ်၊ ဒီဇင်ဘာလ (၂၃) ရက်နေ့ကလည်း ဤကဲ့သို့ စစ်ရာဇဝတ်မှုမျိုးကို ကျူးလွန်ခဲ့ပြီးဖြစ်သည်။ 


(၄) ယနေ့၊ နံနက် (၁၁) နာရီကျော်အချိန်ခန့်တွင် ရက္ခိုင်ပြည်၊ မြောက်ဦးမြို့အခြေစိုက် စစ်ကောင်စီ၏ “(၃၇၇)” နှင့် “(၃၇၈)” တပ်ရင်းများအနီးရှိ ဘောင်းဒွတ်ကျေးရွာအား ၎င်းတပ်ရင်းများမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အဆိုပါ‌ ကျေးရွာအတွင်းသို့ လက်နက်အင်အားအပြည့်အစုံဖြင့် အကြမ်းဖက်ဝင်ရောက်လာခဲ့ပြီး လူနေအိမ်အများအပြားအား ရည်ရွယ်ချက်ရှိရှိ မီးရှို့ဖျက်ဆီးခဲ့သည်။ 


တစ်ရက်တည်း၌ပင် နေ့လယ် (၂) နာရီ (၃၀) မိနစ်အချိန်ခန့်ကလည်း ပလက်ဝမြို့နှင့် ပတ်ဝန်းကျင်အား ရန်သူ့ ဂျက်ဖိုက်တာမှ လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့သဖြင့် ကျီးလေကျေးရွာအနီးတွင် ဗုံးသီးများ ကျရောက်ပေါက်ကွဲ ခဲ့သည်။ အဆိုပါဖြစ်စဉ်အတွင်း အသက် (၅) နှစ်အရွယ် စစ်ဘေးရှောင်ကလေးငယ် (၁) ဦး အပါအဝင် ဒေသခံအမျိုးသား (၃) ဦးတို့မှာ ဗုံးစထိမှန်ကာ သေဆုံးခဲ့ရသည်။ ထို့အပြင်  အမျိုးသား (၁) ဦး နှင့် အမျိုးသမီး (၂) ဦးတို့မှာလည်း ဗုံးစထိမှန်ကာ ထိခိုက်ဒဏ်ရာအပြင်းအထန်ရရှိခဲ့သည်။


(၅) ရက္ခိုင်ပြည်၊ ပေါက်တောမြို့နယ်တွင် တိုက်ပွဲတစ်စုံတစ်ရာဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီ၏ “စစ်တွေ အမှတ် (၁၂) ရဲတပ်ရင်း” နှင့် စစ်တွေမြစ်ရှိ ရန်သူ့နေဗီတို့မှ ပေါက်တောမြို့အား ယနေ့၊ ညနေ (၇) နာရီအချိန်ခန့်၌ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ 


(၆) ရက္ခိုင်ဒေသတွင်း စစ်ကောင်စီ၏ စစ်ရေးအရအရေးပါသည့် စခန်းကုန်းများနှင့် ပြည်သူလူထုအား နေ့စဉ်ရက်ဆက် ပစ်ခတ်တိုက်ခိုက်နေသည့် ရန်သူ့တပ်စခန်းကြီး၊ ငယ်များအား ရက္ခိုင့်တပ်တော် (AA) မှ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ ယနေ့တွင်လည်း မင်းပြား၊ ကျောက်တော်နှင့် ရသေ့တောင်မြို့နယ်များရှိ စစ်ရေးလှုပ်ရှားရာနယ်မြေအချို့၌ စစ်ကောင်စီနှင့် နှစ်ဘက်ရင်ဆိုင်တိုက်ပွဲများ ရှိနေခဲ့သည်။


(၇) ရက္ခိုင်ပြည်၊ ရမ်းဗြဲနှင့် ကျောက်ဖြူမြို့နယ်တို့တွင်လည်း စစ်ကောင်စီမှ ကုန်းလမ်းပိတ်ဆို့ထားသဖြင့် လေကြောင်း၊ ရေကြောင်းတို့မှ လက်နက်အင်အားနှင့် လူအင်အားတို့ ဖြည့်တင်းလျက်ရှိပြီး အရပ်သားပြည်သူများအား ပစ်မှတ်ထားတိုက်ခိုက်မှုများ၊ မတရားဖမ်းဆီးမှုများကို လက်နက်အားကိုးဖြင့် အနိုင်ကျင့်ဗိုလ်ကျလျက်ရှိသည်။ စစ်တွေမြို့နှင့် အနီး ကျေးရွာများ၌လည်း စစ်ကောင်စီနှင့် ၎င်းလက်အောက်ခံလက်ကိုင်တုတ်တပ်ဖွဲ့ဝင်များမှ အပြစ်မဲ့ပြည်သူများအား ဖမ်းဆီးအနိုင်ကျင့်ခြင်းများကို နေ့စဉ်ရက်ဆက်ပြုလုပ်နေသည့်အပြင် လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခေါ်ဆောင်မှုများလည်း ပိုမိုများပြားလာနေသည်။


ရက္ခိုင်ဒေသတွင်း ယမန်နေ့ နောက်ဆက်တွဲသတင်းများအနေဖြင့်


(၈) ယမန်နေ့၊ ည (၉) နာရီအချိန်ခန့်တွင် ရက္ခိုင်ပြည်၊ ကျောက်တော်မြို့နယ်အခြေစိုက် စစ်ကောင်စီ၏ “စကခ (၉) တပ်မ” နှင့် မဟာမုနိဘုရား၌ ယာယီအခြေချတပ်စွဲထားသည့်စခန်းမှ အနီးအနားကျေးရွာများသို့ လက်နက်ကြီးများဖြင့် တမင်တကာ ရည်ရွယ်ချက်ရှိရှိ အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ထိုသို့ပစ်ခတ်တိုက်ခိုက်မှုကြောင့် မဟာမုနိ ကျေးရွာနေ အသက် (၃၅) နှစ်အရွယ် ဒေသခံအမျိုးသား (၁) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ထို့အပြင် အနီးအနား‌ကျေးရွာများသို့လည်း လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့၍ နေအိမ်အချို့ ထိမှန်ပျက်စီးခဲ့ရသည်။ 


(၉) အလားတူပင် ည (၁၁) နာရီအချိန်ခန့်၌လည်း ရက္ခိုင်ပြည်၊ မင်းပြားမြို့နယ်အခြေစိုက် စစ်ကောင်စီ၏ “ခမရ (၃၇၉)” တပ်ရင်းမှ အရပ်သားပြည်သူများနေထိုင်ရာ အနီးအနားကျေးရွာများသို့ လက်နက်ကြီးများဖြင့် တမင်တကာ အကြမ်းဖက် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ရန်သူ့စခန်းမှ ပစ်ခတ်တိုက်ခိုက်ခဲ့သည့် လက်နက်ကြီးကျည် (၁) လုံးသည် မင်းပြားမြို့နယ်၊ ဆင်ကြီးပြင်ကျေးရွာသို့ ကျရောက်ပေါက်ကွဲခဲ့ရာမှ အသက် (၇) နှစ်အရွယ် မွတ်ဆလင်‌ယောကျာ်းလေး (၁) ဦးမှာ ထိခိုက်ဒဏ်ရာအပြင်းအထန်ရရှိခဲ့သည်။ 


(၁၀) ယမန်နေ့၊ ညနေ (၄) နာရီကျော်အချိန်ခန့်၌ ရက္ခိုင်ပြည်၊ တောင်းရင်းရပ်ကွက်မှ အပြစ်မဲ့ဒေသခံစျေးသည် (၂) ဦးသည် စားဝတ်နေရေးအတွက် ငါးဝယ်ယူရောင်းချရန် လှီကျော်ချောင်းအနီးသို့ သွားရောက်စဉ် စစ်ကောင်စီ တပ်ဖွဲ့ဝင် များမှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြသည်။ ထို့အပြင် ဇန်နဝါရီလ (၁၃) ရက်နေ့ကလည်း ကျောက်ဖြူမြို့နယ်၊ ကျောက်ကလေကျေးရွာမှ အသက် (၅၅) နှစ်အရွယ်အမျိုးသား (၁) ဦးမှာ မြို့ပေါ်သို့ စျေးဝယ်ရန်အသွား စစ်ကောင်စီ၏ “အုန်းတောစစ်ဆေးရေးဂိတ်”မှ ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံခဲ့ရပြန်သည်။ 


(၁၁) ပြီးခဲ့သည့် နှစ်၊ ဒီဇင်ဘာလ (၂၁) ရက်နေ့က ရက္ခိုင်ပြည်၊ တောင်ကုတ်မြို့နယ်အ‌ခြေစိုက် စစ်ကောင်စီ၏ “စကခ (၅” လက်အောက်ခံ “ခမရ (၃၄၆)” နှင့် “ခမရ (၅၄၄)” တို့မှ အကြမ်းဖက် အင်အားသုံးကာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည့် တောင်ကုတ်မြို့နယ်၊ ခူးတိုက်နယ်၊ တပျော့ကျေးရွာမှ ဒေသခံ (၃) ဦးအနက် အသက် (၁၉) နှစ်အရွယ်ဒေသခံအမျိုးသားမှာ ယနေ့၊ နံနက် (၃) နာရီအချိန်၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ လူမဆန်စွာ နှိပ်စက်ညှဉ်းပန်းမှုကြောင့် ဆုံးပါးသွားခဲ့ရသည်။ 


မိမိတို့၏ စစ်ဆင်ရေးနှင့်နောက်ဆက်တွဲသတင်းများကို ဆက်လက်ဖော်ပြပေးသွားပါမည်။


ညီနောင်မဟာမိတ် (၃) ဖွဲ့

MNDAA + TNLA + AA


#operation1027


Topics: “Operation 1027” ၁၀၂၇ စစ်ဆင်ရေး (၈၁) ရက်မြောက်နေ့တိုက်ပွဲသတင်းများ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် ညီနောင်မဟာမိတ်သုံးဖွဲ့

မှတ်ချက်များ
သင်၏ ထင်မြင်ချက်