48

“Operation 1027” ၁၀၂၇ စစ်ဆင်ရေး (၉၁) ရက်မြောက်နေ့တိုက်ပွဲသတင်းများ

၁၀၂၇ စစ်ဆင်ရေး / ၁၀၂၇
26 January 2024

“Operation 1027” ၁၀၂၇ စစ်ဆင်ရေး (၉၁) ရက်မြောက်နေ့တိုက်ပွဲသတင်းများ


၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၂၅) ရက်နေ့၊ ည (၁၁:၄၀) အချိန်တွင် ထုတ်ပြန်သည်။


ညီနောင် (၃) ဖွဲ့ထဲမှ ကိုးကန့်နှင့် တအာင်းဒေသများ၌ စစ်ကောင်စီယန္တရားများတွင် မိမိတို့အုပ်ချုပ်စီမံရေးယန္တရားများဖြင့် အစားထိုးလည်ပတ်ရန် ကြိုးစားနေသော်လည်း ရက္ခိုင်ဒေသအတွင်း၌မူ တိုက်ပွဲများဆက်လက်ပြင်းထန်နေခဲ့သည်။ အထူးသဖြင့်  စစ်ကောင်စီသည် ရမ်းဗြဲမြို့တစ်မြို့လုံးအား ပျက်စီးသွားစေရန်ရည်ရွယ်ချက်ဖြင့် လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်မှုများကို ယမန်ရက်ကနည်းတူ ပြုလုပ်ခဲ့သည်။ ထို့ကြောင့် လူနေအိမ်အချို့မှာ မီးလောင်ပျက်စီးမှုရှိခဲ့သည်။


စစ်ရှုံးစစ်ကောင်စီသည် ပေါက်တောမြို့တစ်မြို့လုံးနီးပါး ပျက်စီးအောင် ကြည်း၊ ရေ၊ လေတိုက်ခိုက်မှုမျိုးဖြင့် ပြုလုပ်ခဲ့သည့်နည်းတူ ရမ်းဗြဲမြို့ကိုလည်း ပြုလုပ်လိုသည့်ပုံပေါက်နေသည်။ မိမိတို့အနေဖြင့် ပြည်သူလူထု၏ အသက်အိုးအိမ်၊ စည်းစိမ်တို့ မပျက်စီးရလေအောင် မြို့တွင်းတိုက်ပွဲများကို အတတ်နိုင်ဆုံးရှောင်ရှား၍ တိုက်ပွဲဝင်လျက်ရှိသည်။ 


၁၀၂၇ စစ်ဆင်ရေးကြီးသည် (၉၁) ရက်မြောက်နေ့သို့ ရောက်ရှိလာကာ ဤနေ့တွင်လည်း စစ်ကောင်စီ၏ အရပ်သားပြည်သူများအား ဦးတည်ပစ်မှတ်ထားတိုက်ခိုက်မှုကြောင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့်နေရာများမှ အရပ်သားပြည်သူ ထိခိုက်၊ သေဆုံးမှုများနှင့် နေအိမ်အဆောက်အအုံပျက်စီးမှုတို့မှာ ယခင်ရက်များနည်းတူ ဆက်လက်ရှိနေခဲ့သည်။


(၁) တအာင်းတပ်မတော် (TNLA) ရှိရာ မိုးကုတ်မြို့နယ်၊ ပိန်ပြစ်ကျေးရွာသို့ ယနေ့၊ ညနေ (၅) နာရီ (၁၀) မိနစ်အချိန်ခန့်၌ စစ်ကောင်စီဖက်မှ စစ်ကား (၄) စီးဖြင့် ဝင်ရောက်လာပြီး စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။ စစ်ကောင်စီ၏ တစ်ဖက်သတ်ထိုးစစ်ဆင်မှုကြောင့် ရုတ်ချည်းရင်ဆိုင်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရသည်။


(၂) ရက္ခိုင်ပြည်၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ရသေ့တောင်နှင့် ရမ်းဗြဲမြို့နယ်များတွင် ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတို့ကြား ထိတွေ့တိုက်ပွဲအချို့ ဆက်လက်ရှိနေခဲ့သည်။ မင်းပြားတိုက်ပွဲ၌ ရန်သူ့ဘက်မှ ကြည်း၊ ရေ၊ လေ ထိုးစစ်ဖြင့် တစ်ပြိုင်နက်တည်း ခုခံကာကွယ်လျက်ရှိခဲ့သည်။ စစ်မြေပြင်အနေအထား၌ တစ်ပန်းသာနေသည့် ရက္ခိုင့်တပ်တော်မှ မင်းပြားသို့ စစ်ကူလာသည့် ရန်သူ့နေဗီသင်္ဘောများအား ဟန့်တားတိုက်ခိုက်နိုင်ခဲ့သည်။ 


ရက္ခိုင့်စစ်မျက်နှာစာ၌ အရှုံးကို ထိပ်တိုက်ရင်ဆိုင်နေရသည့် စစ်ကောင်စီ၏ မင်းပြားမြို့နယ်၊ ကျားရဲပြင်ကျေးရွာအနီးတွင် ရပ်နားထားသည့် နေဗီသင်္ဘောသည် ယနေ့၊ နံနက် (၁၁) နာရီအချိန်ခန့်က အနီးဝန်းကျင်ကျေးရွာများအား လက်နက်ကြီးများဖြင့် အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ အဆိုပါ လက်နက်ကြီးကျည်များအထဲမှ အချို့သည် မင်းပြားမြို့နယ်၊ ဇီးပင်ကြီးကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ရာမှ အသက် (၁၃) နှစ်အရွယ်မိန်းကလေးငယ် (၁) ဦးအပါအဝင် မိသားစုဝင် (၃) ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြသည်။


(၃) ရက္ခိုင်ပြည်၊ ရမ်းဗြဲမြို့တွင် မြေပြင်တိုက်ပွဲကြီးကြီးမားမားမရှိသော်လည်း အောက်တန်းကျ၍ ယုတ်မာသော စစ်ကောင်စီဖက်မှ Y-12 လေယာဉ်များဖြင့် ရမ်းဗြဲမြို့တွင်းသို့ လေကြောင်းမှ တမင်တကာ ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲချမှုများနှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများကို အဓိကပြုလုပ်ပြီး ရမ်းဗြဲမြို့ကိုသာ တစ်ဖက်သတ် အဓိကဦးတည်တိုက်ခိုက်လျက်ရှိသည်။


(၄) ရက္ခိုင့်တပ်တော် (AA) နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့မှ ‌ဒေသခံကာကွယ်ရေးတပ်များနှင့် ပူးတွဲစစ်ဆင်ရေးလှုပ်ရှားနေသည့် စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့တွင်လည်း စစ်ကောင်စီသည် လေကြောင်းမှ အဓိကတိုက်ခိုက်ခြင်းမျိုးကိုသာ ပြုလုပ်နေရသည်။


ယမန်နေ့၊ နောက်ဆက်တွဲသတင်းများအနေဖြင့် 


(၅) ယမန်နေ့၊ ညနေ (၆) နာရီအချိန်ခန့်က မင်းပြားမြို့နယ်၊ ကြပ်စင်မြစ်ထဲရှိ စစ်ကောင်စီ၏နေဗီသင်္ဘောမှ သဲတန်းကျေးရွာသို့ တမင်တကာရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ၎င်းကျေးရွာမှ အသက် (၅၀) ကျော်အရွယ် ဒေသခံအမျိုးသမီး (၁) ဦးနှင့် အမျိုးသား (၁) ဦးတို့မှာ သေဆုံးခဲ့ရသည်။ ထို့အပြင် ‌ဒေသခံ (၇) ဦးတို့သည် လည်း အပြင်းအထန်ထိခိုက်ဒဏ်ရာရရှိခဲ့သည်။


မိမိတို့၏စစ်ဆင်ရေးနှင့် နောက်ဆက်တွဲသတင်းများအား ဆက်လက်ဖော်ပြပေးသွားပါမည်။ 


ညီနောင်မဟာမိတ် (၃) ဖွဲ့

MNDAA + TNLA + AA


#operation1027

Topics: “Operation 1027” ၁၀၂၇ စစ်ဆင်ရေး (၉၁) ရက်မြောက်နေ့တိုက်ပွဲသတင်းများ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး ညီနောင်မဟာမိတ်သုံးဖွဲ့

မှတ်ချက်များ
သင်၏ ထင်မြင်ချက်