46

“Operation 1027” ၁၀၂၇ စစ်ဆင်ရေး (၈၀) ရက်မြောက်နေ့တိုက်ပွဲသတင်းများ

၁၀၂၇ စစ်ဆင်ရေး / ၁၀၂၇
25 January 2024

“Operation 1027” ၁၀၂၇ စစ်ဆင်ရေး (၈၀) ရက်မြောက်နေ့တိုက်ပွဲသတင်းများ


၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၄) ရက်နေ့၊ ည (၁၁:၅၀) အချိန်တွင် ထုတ်ပြန်သည်။


ရက်ပေါင်း (၈၀) သို့ ရောက်ရှိလာသည့် မိမိတို့ညီနောင် (၃) ဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးအတွင်း သိမ်းပိုက်ရယူထားသည့် ရှမ်းမြောက်နယ်မြေဒေသများတွင် လတ်တလောစစ်ရေးအခြေအနေအရ စစ်ကောင်စီနှင့် ထိတွေ့တိုက်ပွဲများ ရှိမနေသော်လည်း ရန်သူ၏ အရပ်သားပြည်သူများနှင့် မြို့၊ ရပ်ရွာများအား ပစ်မှတ်ထားတိုက်ခိုက်နေမှုများမှာ ထူးမခြားနား ဆက်လက်ရှိနေခဲ့သည်။ 


ရက္ခိုင်ဒေသတွင်း မြို့နယ်အသီးသီးရှိ စစ်ကောင်စီအခြေစိုက်ရာ တပ်စခန်းများနှင့် ရဲစခန်းများမှ အရပ်သားပြည်သူလူထုအား လက်နက်အားကိုးဖြင့် ရည်ရွယ်ချက်ရှိရှိ နေ့စဉ်ရက်ဆက် ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိနေသကဲ့သို့ အရပ်သားပြည်သူများနေထိုင်ရာ မြို့၊ ရပ်ရွာ၊ သာသနိကအဆောက်အအုံများနှင့် စာသင်ကျောင်းများကို တစ်ရက်တည်းတွင်ပင် လေကြောင်းတိုက်ခိုက်မှုများဖြင့် အကြိမ်ပေါင်းများစွာ ပစ်ခတ်တိုက်ခိုက်လျက်ရှိလာနေသည်။ 


(၁) ရှမ်းမြောက်ဒေသတွင်းရှိ မိုးကုတ်မြို့နယ်၊ ဖြူရောင်‌ကျေးရွာ၌ စခန်းချတပ်စွဲထားသည့် စစ်ကောင်စီတပ်မှ ယနေ့၊ နံနက် (၁၁) နာရီ (၁၁) မိနစ်အချိန်ခန့်တွင် အထက်ညောင်ကုန်းကျေးရွာနှင့် ကုန်စံကျေးရွာကြားသို့ လက်နက်ကြီးဖြင့် (၁) ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ အလားတူပင် လားရှိုးမြို့နယ်ရှိ စစ်ကောင်စီတပ်မှလည်း နံနက် (၇) နာရီ (၄၀) မိနစ်အချိန်ခန့်တွင် တအာင်းတပ်မ‌တော် (TNLA) ရှိရာ နမ့်ကွန်ကျေးရွာအနီးတစ်ဝိုက်သို့ လက်နက်ကြီးများဖြင့် (၄) ကြိမ်တိုင် ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့ပြန်သည်။ 


ထို့အပြင် မူဆယ်မြို့သို့ ရန်သူသည် ထောက်ပို့ယာဉ်ဖြင့် လက်နက်ခဲယမ်း၊ လူအင်အား (၁) ကြိမ် လာရောက်ဖြည့်တင်းခဲ့သည်။ 


(၂) ယနေ့၊ နေ့လယ် (၁၂) နာရီဝန်းကျင်တွင် စစ်ကောင်စီ၏ ဂျက်ဖိုက်တာနှင့် Mi-35 ရဟတ်ယာဉ်တို့သည် ရက္ခိုင်ပြည်၊ မင်းပြားမြို့နယ်၊ မင်းပြားမြို့ပေါ်ရပ်ကွက်များသို့ ရည်ရွယ်ချက်ရှိရှိ လေကြောင်းမှ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် မင်းပြားမြို့၊ ဦးစိုးတင့်ရပ်ကွက်ရှိ နေအိမ်အချို့မှာ မီးလောင်ပျက်စီးခဲ့ရသည်။ 


(၃) တစ်ချိန်တည်းမှာပင် စစ်တွေမှ မင်းပြားဘက်သို့ ဦးတည်လာနေသည့် ရန်သူ့နေဗီသင်္ဘောမှ မြစ်ကြောင်းအနီးမှ ကျေးရွာများသို့ လက်နက်ကြီးများဖြင့် တမင်တကာ အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် မင်းပြားမြို့နယ်၊ ကျားရဲပြင် ‌‌ကျေးရွာထဲသို့ လက်နက်ကြီးများ ကျရောက်ပေါက်ကွဲခဲ့သည်။ ထိုသို့ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်မှုကြောင့် အဆိုပါကျေးရွာမှ ‌ဒေသခံ (၄) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြပြီး လူနေအိမ် (၂) လုံးမှာလည်း မီးလောင်ပျက်စီးခဲ့ရသည်။ 


(၄) ရက္ခိုင်ပြည်၊ မြောက်ဦးအခြေစိုက် စစ်ကောင်စီ၏ “ခမရ (၃၇၇) တပ်ရင်း” မှ မြောက်ဦးမြို့ပေါ်ရပ်ကွက်များသို့ ယနေ့၊ နေ့လယ် (၁) နာရီကျော်အချိန်ခန့်က လက်နက်ကြီးများဖြင့် တမင်တကာ အကြမ်းဖက်ပစ်ခတ်တိုက်ခဲ့သည့်အပြင် ရန်သူ့ ဂျက်ဖိုက်တာနှင့် ဒရုန်းတို့မှလည်း လေကြောင်းဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခြင်းတို့ကို တစ်ပြိုင်နက်တည်း ဦးတည် ပစ်မှတ်ထားတိုက်ခိုက်နေခဲ့သည်။ ဤသို့ ရန်သူ့တပ်ရင်းမှ ပစ်ခတ်တိုက်ခိုက်ခဲ့သည့် လက်နက်ကြီးကျည်သည် မြောက်ဦး မြို့၊ လက်ကောက်ဈီးရပ်ကွက်ရှိ ပညာနန်းရိပ် ကိုယ်ပိုင်အထက်တန်းကျောင်းသို့ ကျရောက်ပေါက်ကွဲခဲ့ရာမှ ခေါင်မိုးနှင့် ကျောင်းဆောင်များ ပြိုပျက်ကာ မီးတောက်လောင်ခဲ့ရသည်။ 


(၅) ယနေ့၊ နေ့လယ် (၃) နာရီအချိန်ခန့်၌ တိုက်ပွဲတစ်စုံတစ်ရာဖြစ်ပွားခြင်းမရှိဘဲ ရက္ခိုင်ပြည်၊ ရမ်းဗြဲမြို့အား ကလိန်တောင်မြစ်နှင့် စပါးကြီးကျွန်းရှိ ရန်သူ့နေဗီသင်္ဘောများမှ လက်နက်ကြီးများဖြင့် မြို့ပေါ်ရပ်ကွက်များသို့ တမင်တကာ ရည်ရွယ်ချက်ရှိရှိ အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် မြို့ပေါ်ရပ်ကွက်အချို့၌ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့သည်။ 


(၆) ရက္ခိုင်ပြည်၊ ကျောက်တော်မြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ အမြောက်တပ်စခန်း “အမတ (၃၇၇)” နှင့် ရသေ့တောင် မြို့နယ်ရှိ “ရီစိုးချောင်းဗျူဟာကုန်း" တို့အား ယနေ့တွင် ရက္ခိုင့်တပ်တော် (AA) မှ အပြီးသတ်သိမ်းပိုက်ရယူထားနိုင်ခဲ့ပြီ ဖြစ်သည်။ 


ထို့အပြင် ရက္ခိုင့်တပ်တော် (AA) သည် ရက္ခိုင်ပြည်၊ မောင်တောမြို့နယ်၊ မြောက်ဘက် ခမောင်းဆိပ်ကျေးရွာ၏ အနောက်မြောက်ဘက် (၂.၂) ကီလိုမီတာအကွာအဝေး၌ ယနေ့၊ နေ့လယ် (၂) နာရီအချိန်ခန့်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား (၂၀) ကျော်နှင့် နှစ်ဘက်ရင်ဆိုင်ထိတွေ့တိုက်ပွဲဖြစ်ပြီး အချိန်တိုအတွင်း သုတ်သင်ရှင်းလင်းနိုင်ခဲ့သည်။ ရန်သူထံမှ လက်နက်ခဲယမ်းနှင့် အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရမိခဲ့သည်။ 


နောက်ဆက်တွဲတိုက်ပွဲသတင်းအနေဖြင့်


(၇) ရက္ခိုင်ပြည်၊ မြောက်ဦးမြို့နယ်ရှိ စစ်ကောင်စီ နှစ်ရှည်လများ အခြေချတပ်စွဲထားကာ ပြည်သူလူထုအား လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်နေခဲ့သည့် “လင်းမြွေတောင်စခန်း” အား ယမန်နေ့၊ နံနက် (၁၁) နာရီအချိန်ခန့်၌ ရက္ခိုင့်တပ်တော် (AA) မှ အပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့ပြီဖြစ်သည်။ အဆိုပါရန်သူ့စခန်းမှ လက်နက်ခဲယမ်းအမြောက် အမြားအား ထပ်မံသိမ်ဆည်းရမိခဲ့သည်။

မိမိတို့၏ စစ်ဆင်ရေးနှင့်နောက်ဆက်တွဲသတင်းများကို ဆက်လက်ဖော်ပြပေးသွားပါမည်။


ညီနောင်မဟာမိတ် (၃) ဖွဲ့

MNDAA + TNLA + AA


#operation1027



Topics: “Operation 1027” ၁၀၂၇ စစ်ဆင်ရေး (၈၀) ရက်မြောက်နေ့တိုက်ပွဲသတင်းများ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းသတင်း ညီနောင်မဟာမိတ်သုံးဖွဲ့

မှတ်ချက်များ
သင်၏ ထင်မြင်ချက်