45

“Operation 1027” ၁၀၂၇ စစ်ဆင်ရေး (၇၉) ရက်မြောက်နေ့တိုက်ပွဲသတင်းများ

၁၀၂၇ စစ်ဆင်ရေး / ၁၀၂၇
25 January 2024

“Operation 1027” ၁၀၂၇ စစ်ဆင်ရေး (၇၉) ရက်မြောက်နေ့တိုက်ပွဲသတင်းများ


၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၃) ရက်နေ့၊ ည (၁၂:၀၀) အချိန်တွင် ထုတ်ပြန်သည်။


ညီနောင်မဟာမိတ် (၃) ဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးအရှိန်သည် တစ်ရက်ပြီးတစ်ရက် မြင့်တက်လျက်ရှိသည်။ သို့သော်လည်း ရှမ်းမြောက်ဒေသအတွင်း မိမိတို့နှင့် စစ်ကောင်စီအကြား ဖြစ်ပွားလျက်ရှိသော တိုက်ပွဲများကို ရပ်တန့်စေရမည့် အပစ်အခတ်ရပ်စဲရေးကို  ရှောင်လွှဲမရသည့်အနေအထားအောက်တွင် ပြုလုပ်ခဲ့ရသည်။ ယနေ့တွင်လည်း စစ်ကောင်စီဘက်မှ ယခင်ရက်များနည်းတူ ထိုးစစ်ဆင်တိုက်ခိုက်မှုများနှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်နေမှုများကို ဆက်လက်ပြုလုပ်နေသောကြောင့် တိုက်ပွဲများမှာ ဆက်လက်ရှိနေခဲ့သည်။


(၁) မိမိတို့၏ ၁၀၂၇ စစ်ဆင်ရေးအတွင်း မိမိတို့သိမ်းပိုက်ရယူထားပြီးဖြစ်သော တအာင်းပြည်နယ်၊ တပ်မဟာ (၂) စစ်ဒေသ၊ ကျောက်မဲမြို့နယ်ရှိ တအာင်းတပ်မတော် (TNLA) အခြေချနေရာယူထားသည့် “ငြိမ်းချမ်းရေးကုန်း” သို့ စစ်ကောင်စီ၏ (၅၀၁-၅၀၂) တပ်စခန်းမှ အင်အားအလုံးအရင်းဖြင့် ယနေ့၊ နံနက် (၉) နာရီ (၁၈) မိနစ်အချိန်ခန့်တွင် အပြင်းအထန် လာရောက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။ (၂) နာရီကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက် မိမိတို့၏ ပြည်သူလူထုလုံခြုံရေး နှင့် “ဟိုင်ဂင်သဘောတူညီမှု” ပါ စစ်ကောင်စီတပ်နှင့် နှစ်ဖက်ထိတွေ့မှုမဖြစ်စေရေးအချက်ကို အလေးထားလိုက်နာကာ ယာယီနောက်ဆုတ်ပေးခဲ့သည်။ 


စစ်ကောင်စီအခြေစိုက်တပ်စခန်းများမှ ကျောက်မဲ၊ မိုးကုတ်နှင့် လားရှိုးမြို့နယ်များ၌ တအာင်းတပ်မတော် (TNLA) ရှိရာနေရာများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။


(၂) ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၃) ရက်နေ့၊ ညနေ(၄) နာရီအချိန်ခန့်တွင် (၁၀၅) မိုင် နှင့်  မူဆယ်ကြား ဘုရားကုန်းရှိ စစ်ကောင်စီ၏စခန်းမှ ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့ဝင်များရှိရာသို့ လက်နက်ကြီးများဖြင့် (၄) ကြိမ်ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။


(၃) ယနေ့၊ နေ့လယ် (၁) နာရီ (၄၀) မိနစ်အချိန်ခန့်ကလည်း စစ်ကောင်စီ၏ မြောက်ဦးအခြေစိုက် “ခမရ တပ်ရင်း” များ ဖြစ်သည့် (၃၇၇) နှင့် (၃၇၈) တို့မှ မြောက်ဦးမြို့ပေါ်         ရပ်ကွက်များနှင့် အနီးအနား‌‌ကျေးရွာများအား လက်နက်ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ထိုသို့ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် မြောက်ဦးမြို့၊ ထမ္မရာဇ်ရပ်ကွက်အတွင်းရှိ နေအိမ် (၁၀) လုံးထက်မနည်း ထိမှန်ပျက်စီးခဲ့ရသည်။ 


တစ်ပြိုင်နက်တည်း၌ ရန်သူ့ဂျက်ဖိုက်တာနှင့် Y12 ရဟတ်ယာဉ်များမှလည်း ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရန် အဆိုပြုထားသည့် သမိုင်းဝင်မြောက်ဦးမြို့အား လက်နက်ကြီးများဖြင့် တမင်တကာ ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ 



ထို့အပြင် ညနေ (၆) နာရီ (၁၀) မိနစ်အချိန်ခန့်ကလည်း မင်းပြားမြို့အခြေစိုက် စစ်ကောင်စီ၏ “ခမရ (၅၄၁) တပ်ရင်း” မှ မြောက်ဦးမြို့အား လက်နက်ကြီးများဖြင့် တမင်တကာ ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့၍ မြောက်ဦးမြို့၊ ဘုရားပေါ်ရပ်ကွက်နေ ဒေသခံအမျိုးသား (၁) ဦး၏ ညာဘက်ခြေထောက်၌ လက်နက်ကြီးကျည်စထိမှန်ဒဏ်ရာရရှိခဲ့ရသည်။


(၄) ယနေ့၊ နေ့လယ် (၂) နာရီကျော်အချိန်ခန့်၌ ရက္ခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ ကန်စောက်‌‌ကျေးရွာအား စစ်ကောင်စီ ၏ ကျောက်တော်မြို့နယ်၊ ကန်စောက်အခြေစိုက် “ခမရ (၅၃၉)” မှ လက်နက်ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိ ဦးတည်ပစ်ခတ်ခဲ့မှုကြောင့် ရွာလုံးကျွတ်နီးပါး မီးလောင်ပျက်စီးလျက်ရှိသည်။


အလားတူပင် ညနေ (၈) နာရီကျော်အချိန်ခန့်၌လည်း ရန်သူ့ Y12 လေယာဉ်သည် မင်းပြားမြို့အား ဦးတည်ပစ်မှတ်ထား၍ လေကြောင်းမှ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့၍ မင်းပြားမြို့နယ်၊ အောက်ရွာပိုင်းတွင် ကျရောက်ပေါက်ကွဲခဲ့ရာမှ နေအိမ် (၁၁) လုံးထက်မနည်း မီးဟုန်းဟုန်းတောက်လောင်ပြာကျခဲ့ရသည်။ 


(၅) ရက္ခိုင်ပြည်၊ စစ်တွေမြို့နှင့် အနီးအနား‌ကျေးရွာများရှိ အပြစ်မဲ့အရပ်သားပြည်သူများအား တမင်တကာဦးတည်ပစ်မှတ်ထားသည့် စစ်ကောင်စီ၏ စစ်ရာဇဝတ်ကျူးလွန်မှုများသည် ပိုမိုလက်ရဲဇက်ရဲဖြစ်လာနေသည်။


(၆) ရက္ခိုင်ဒေသတွင်းရှိ မြို့နယ်အနှံ့အပြားတွင် စစ်ကောင်စီဘက်မှ အရပ်သားပြည်သူလူထုများ သွားလာရာနေရာများ အပါအဝင် ရပ်ရွာ၊ သာသနိကအဆောက်အအုံများနှင့် စာသင်ကျောင်းများကဲ့သို့သော နေရာများ၌ ရည်ရွယ်ချက်ရှိရှိဖြင့် စွန့်လွှတ်မိုင်းများ ထောင်ထားသည့်လုပ်ရပ်သည် “ဂျနီဗာကွန်ဗင်းရှင်း” ကို ပြောင်ပြောင်းတင်းတင်းချိုးဖောက်နေသည့် စစ်ရာဇဝတ်မှုများထဲမှ တစ်ခုဖြစ်သည်၊ 


(၇) ရက္ခိုင့်တပ်တော် (AA) ၏ ရက္ခိုင်ဒေသအတွင်း စစ်ရေးလှုပ်ရှားရာနေရာအချို့ အပါအဝင် စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့ တွင်လည်း စစ်ကောင်စီနှင့် နှစ်ဖက်ရင်ဆိုင်တိုက်ပွဲများ ပြင်းထန်နေဆဲဖြစ်သည်။ ရန်သူသည် စစ်ရေးပစ်မှတ်မဟုတ်သည့် အပြစ်မဲ့အရပ်သားပြည်သူများအား ဦးတည်ပစ်မှတ်ထားတိုက်ခိုက်တတ်သည့် ၎င်း၏ဝသီအတိုင်း ယနေ့တွင်လည်း ထီးချိုင့်မြို့ပေါ်ရပ်ကွက်အချို့ကို နေရာအနှံ့မှ လေကြောင်းတိုက်ခိုက်မှု အပြင်းအထန်ပြုလုပ်ခဲ့သည်။ 


ယမန်နေ့၏ ရက္ခိုင်ဒေသတွင်း နောက်ဆက်တွဲသတင်းများအနေဖြင့်-

(၈) ယမန်နေ့တစ်ရက်တည်းတွင်ပင် ရက္ခိုင်ဒေသတွင်းရှိ အပြစ်မဲ့အရပ်သားပြည်သူအား ရည်ရွယ်ချက်ရှိရှိ တမင်တကာ ပစ်မှတ်ထား၍ စစ်ကောင်စီ၏ တပ်ရင်းများနှင့် နေဗီသင်္ဘောများမှ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုများ အပြင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကြောင့်လည်း အပြစ်မဲ့အရပ်သားပြည်သူထိခိုက်သေဆုံးမှု အများအပြားရှိခဲ့သည်။ 


(၉) ည (၈) နာရီကျော်ခန့်၌ မြောက်ဦးမြို့နယ်၊ စက်သားကျေးရွာအနီးရှိ ရန်သူ့နေဗီမှ အကြမ်းဖက်ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်များသည် မြောက်ဦးမြို့နယ်၊ ထမ္မရာဇ်ရပ်ကွက်အတွင်းသို့ အတွဲလိုက်ကျရောက်ပေါက်ကွဲခဲ့သည်။ ထို့သို့ပစ်ခတ်တိုက်ခိုက်မှုအတွင်း ဒေသခံသက်ကြီးပိုင်းအမျိုးသား (၁) ဦး သေဆုံးခဲ့ရပြီး အမျိုးသမီး (၁) ဦးအပါအဝင် (၃) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ရသည်။ ၎င်းရပ်ကွက်အတွင်းရှိ နေအိမ် (၁) လုံးလည်း ထိမှန်ပျက်စီးခဲ့ရသည်။ 


(၁၀) အလားတူပင် ယမန်နေ့၊ ည (၁၀) နာရီ (၃၀) မိနစ်အချိန်ခန့်ကလည်း စစ်ကောင်စီ၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျောက်တော်မြို့နယ်၊ လက်ပံကျေးရွာမှ သက်ကြီးပိုင်းဒေသခံအမျိုးသမီး (၁) ဦးသေဆုံးခဲ့ရပြီး ကလေးငယ် (၁) ဦးနှင့် သက်ကြီးပိုင်းအမျိုးသား (၁) ဦးတို့မှာ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ထို့အပြင် မင်းပြားမြို့နယ်၊ ပိုက်သည်ကျေးရွာရှိ ထိခိုက်ဒဏ်ရာအပြင်းအထန်ရရှိခဲ့သည့် မွတ်ဆလင်ကလေးငယ် (၂) ဦးအနက် (၁) ဦးသည်လည်း ယနေ့၊ နံနက်တွင် ဆုံးပါးသွားခဲ့ရသည်။ 


(၁၁) ညနေ (၃) နာရီအချိန်ခန့်မှစ၍ စစ်ကောင်စီ၏ ရသေ့တောင်မြို့နယ်ရှိ “ရီစိုးချောင်းဗျူဟာ” အခြေစိုက် “တပ်မ (၂၂) လက်အောက်ခံ” တပ်ရင်းဖြစ်သည့် “ခမရ (၂၀၃)” မှ ပြိန်းတော၊ ကုန်းတန်း၊ သမီးလှ၊ ကျောက်ရံသာစည်နှင့် ကျောက်ကုန် ဘုတ် စသော အရပ်သားပြည်သူများနေထိုင်ရာကျေးရွာများသို့ မည်သည့်ထိတွေ့တိုက်ပွဲမျှ မဖြစ်ပွားဘဲ လက်နက်ကြီး၊ အတွဲလိုက်ဒုံးများဖြင့် တစ်ညလုံးအဆက်မပြတ် ပစ်ခတ်တိုက်ခိုက်နေခဲ့သည်။ 


တစ်ချိန်တည်းမှာပင် ရန်သူ့ “ဘူးသီးတောင်ဗျူဟာ” မှလည်း အလားတူ ပစ်ခတ်တိုက်ခိုက်နေခဲ့သည်။ ထိုသို့ “ရီစိုးချောင်းဗျူဟာ” မှ အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်ခဲ့သည့် လက်နက်ကြီးကျည် (၁) လုံးမှာ ပြိန်းတောကျေးရွာအတွင်း သို့ ကျရောက်ပေါက်ကွဲခဲ့ရာမှ ဒေသခံ (၂) ဦး ထိခိုက်ဒဏ်ရာအပြင်းအထန်ရရှိခဲ့သည်။ ထို့အပြင် နေအိမ် (၁) လုံးလည်း မီးလောင်ပျက်စီးခဲ့ရကာ ကျွဲ (၃) ကောင်လည်း သေဆုံးခဲ့ရသည်။


(၁၂) ယမန်နေ့၊ ည (၈) နာရီအချိန်ခန့်ကလည်း စစ်ကောင်စီ၏ ကျောက်တော်မြို့နယ်၊ ကန်စောက်အခြေစိုက် “ခမရ (၅၃၉)” မှ လက်နက်ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကျောက်‌တော်မြို့နယ်၊ ကံသုံးဆင့် (မြို) ကျေးရွာမှ အသက် (၁၄) နှစ်အရွယ် ဒေသခံမြိုအမွှာမောင်နှမ (၂) ဦးတို့ သေဆုံးခဲ့ရသည်။ ထို့အပြင် ရန်သူ့၏ လက်နက် ကြီးနှင့် လေကြောင်းအပြင်းအထန်တိုက်ခိုက်မှုများကြောင့် ကျောက်တော်မြို့နယ်၊ အပေါက်ဝကျေးရွာရှိ လူနေအိမ် ရွာလုံးကျွတ်နီးပါး ပျက်စီးဆုံးရှုံးခဲ့ရသည့်အပြင် သပြေညိုရပ်ကွက်ရှိ နေအိမ်အချို့လည်း မီးလောင်ခဲ့ရသည်။


(၁၃) ပလက်ဝဒေသအတွင်း စစ်ကောင်စီ၏  လက်ကျန်ဗျူဟာစခန်းတစ်ခုဖြစ်သော "ခန်ခတောင်ဗျူဟာစခန်း" ကို ရက္ခိုင့် တပ်‌တော် (AA) မှ အပြီးသတ်ထပ်မံသိမ်းပိုက်ရယူနိုင်ခဲ့ပြီး စစ်လက်နက်ပစ္စည်း အပါအဝင် လက်နက်ခဲယမ်း အမြောက်အမြားတို့အား သိမ်းဆည်းရမိခဲ့သည်။


(၁၄) ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၃) ရက်နေ့၊ ညနေ (၆) နာရီခန့်အချိန်ကလည်း ပလက်ဝ-ကျောက်တော်အစပ်တွင်ရှိသော “မီးဝဗျူဟာကုန်း” တစ်ခုလုံးအား ရက္ခိုင့်တပ်တော် (AA) မှ အပြီးသတ်သိမ်းပိုက်ထိန်းချုပ်ရယူထားနိုင်ခဲ့ပြီဖြစ်သည်။ ၎င်း “ဗျူဟာကုန်းသိမ်း” နှင့်ဆက်စပ်သည့် နောက်ဆက်တွဲသတင်းများအား ဆက်လက်‌ဖော်ပြပေးသွားပါမည်။


ထို့အပြင် ယခင်နေ့များအတိုင်း မိမိတို့၏ စစ်ဆင်ရေးနှင့်နောက်ဆက်တွဲသတင်းများကို ဆက်လက်ဖော်ပြပေးသွားပါမည်။


ညီနောင်မဟာမိတ် (၃) ဖွဲ့

MNDAA + TNLA + AA


#operation1027


Topics: “Operation 1027” ၁၀၂၇ စစ်ဆင်ရေး (၇၉) ရက်မြောက်နေ့တိုက်ပွဲသတင်းများ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး ညီနောင်မဟာမိတ်သုံးဖွဲ့

မှတ်ချက်များ
သင်၏ ထင်မြင်ချက်