44

“Operation 1027” ၁၀၂၇ စစ်ဆင်ရေး (၇၈) ရက်မြောက်နေ့တိုက်ပွဲသတင်းများ

၁၀၂၇ စစ်ဆင်ရေး / ၁၀၂၇
25 January 2024

“Operation 1027” ၁၀၂၇ စစ်ဆင်ရေး (၇၈) ရက်မြောက်နေ့တိုက်ပွဲသတင်းများ


၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၂) ရက်နေ့၊ ည (၁၁:၃၀) အချိန်တွင် ထုတ်ပြန်သည်။


ယနေ့သည် မိမိတို့စစ်ဆင်ရေးကြီး၏ (၇၈) ရက်မြောက်နေ့ဖြစ်သကဲ့သို့ ညီနောင် (၃) ဖွဲ့ထဲမှ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး/တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ၏ (၆၁) နှစ်မြောက် တအာင်း အမျိုးသားတော်လှန်ရေးနေ့ထူးနေ့မြတ်လည်းဖြစ်သည်။ 


“တအာင်းလူမျိုး၊ တအာင်းအဖွဲ့အစည်း (PSLF/TNLA) ၏ စစ်ရေး၊ နိုင်ငံရေးရည်မှန်းချက်များ အပြည့်အဝရရှိပါစေ ကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါသည်"


“တအာင်းတမျိုးသားလုံး၏ အိမ်မက်နှင့် မျှော်လင့်ချက်များ မကြာမီသောကာလတွင် အမြန်ဆုံး အကောင်အထည်ပေါ်နိုင် လိမ့်မည်ကိုလည်း အပြည့်အဝ ယုံကြည်ပါသည်။”


ယနေ့တွင် မိမိတို့ ညီနောင် (၃) ဖွဲ့၏ “ယခင်” နှင့် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း သိမ်းပိုက်ထားသော ရှမ်းမြောက် ဒေသအတွင်းရှိ စစ်ဆင်ရေးနယ်မြေများ၌ စစ်ကောင်စီနှင့် မိမိတို့ကြား နှစ်ဖက်ရင်ဆိုင်ထိတွေ့တိုက်ပွဲများ၊ ထိုးစစ်များ မရှိခဲ့သော်လည်း မိမိတို့၏ အရပ်သားပြည်သူများနှင့် ရပ်ရွာများအား ရန်သူသည် လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများကို မည်သည့်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမျှမရှိဘဲ ရည်ရွယ်ချက်ရှိရှိပြုလုပ်ခဲ့သည်။


ထို့အတူ ဤနေ့သည် “ဟိုင်ဂင်သဘောတူညီမှု” အရ “ဟိုင်ဂင်ဆွေးနွေးပွဲရလဒ်အသက်ဝင်သောနေ့” ဖြစ်သော်လည်း စစ်ကောင်စီဘက်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများမှာ ဆက်လက်ရှိနေခဲ့သည်။


(၁) ရှမ်းမြောက်ဒေသတွင်း တအာင်းပြည်နယ်၊ တပ်မဟာ (၂) စစ်ဒေသ၊ နမ့်ဆန်မြို့နယ်၊ ကွယ်ဟယ်ကျေးရွာတွင် စစ်ကောင်စီနှင့် တအာင်းတပ်မတော် (TNLA) တို့ကြား စစ်ရေးလှုပ်ရှားမှုနှင့် ထိတေွ့တိုက်ပွဲဖြစ်ပွားမှု တစ်စုံတစ်ရာမရှိဘဲ အရပ်သားပြည်သူလူထုအား ဦးတည်ပစ်မှတ်ထား၍ စစ်ကောင်စီဘက်မှ လေကြာင်းတိုက်ခိုက်မှု (၅) ကြိမ်တိုင်တိုင် လာရောက်ပြုလုပ်ခဲ့သည်။ ဤသို့လေကြောင်းတိုက်ခိုက်မှုကြောင့် အဆိုပါကျေးရွာတွင်းရှိ ပါရမီလက်ဖက်စက်ရုံမှာ ပျက်စီးခဲ့ရသည်။ 


တစ်ဆက်တည်းမှာပင် ညနေ (၄) နာရီ (၃၀) မိနစ်အချိန်ခန့်ကလည်း နမ္မတူမြို့နယ်၊ မန်လီကျေးရွာအား ရန်သူ့ ဂျက်ဖိုက်တာမှ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် စာသင်ကျောင်းအပါအဝင် နေအိမ် (၃) လုံး ထိမှန်ပျက်စီးခဲ့ရသည်။


(၂) အလားတူပင် ကျောက်မဲမြို့နယ်ရှိ စစ်ကောင်စီတပ်မှ ပါးပုတ်ကျေးရွာသို့ လက်နက်ကြီးဖြင့် (၂) ကြိမ်၊ မိုးကုတ်မြို့နယ်၊ ဖြူရောင်ကျေးရွာရှိ စစ်ကောင်စီတပ်မှ အထက်ညောင်ကုန်းကျေးရွာသို့ လက်နက်ကြီးဖြင့် (၂) ကြိမ် နှင့် သီပေါမြို့နယ်ရှိ စစ်ကောင်စီတပ်မှလည်း မန်ဟယ်ကျေးရွာသို့ လက်နက်ကြီးဖြင့် (၁) ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။


ထို့အပြင် လားရှိုးမြို့အခြေစိုက် စစ်ကောင်စီ၏ “နမ့်ပေါင်တပ်စခန်း” မှ ကုန်ပေါင်ကျေးရွာသို့ လက်နက်ကြီးဖြင့် (၆) ကြိမ်၊ လားရှိုးမြို့နယ်ရှိ စစ်ကောင်စီတပ်မှ မခီနုကျေးရွာသို့ လက်နက်ကြီးဖြင့် (၄) ကြိမ် နှင့် အီနိုင်းကျေးရွာသို့ လက်နက်ကြီးဖြင့် (၄) ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။


(၃) ရက္ခိုင်ပြည်၊ ကျောက်တော်အခြေစိုက် စစ်ကောင်စီ၏ “ခမရ (၃၇၆)” တပ်ရင်းအနီး၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထောင်ထားသော စွန့်လွှတ်မိုင်းအား တက်နင်းမိ၍ အသက် (၂၈) နှစ်အရွယ် ဒေသခံမွတ်ဆလင် (၁) ဦး ဘယ်ဘက်ခြေ ထောက် ပြတ်ထွက်သွားပြီး ညာဖက်ခြေထောက်တွင်လည်း ဒဏ်ရာအပြင်းအထန်ရရှိခဲ့သည်။


(၄) ယနေ့၊ နေ့လယ် (၂) နာရီအချိန်ခန့်တွင် ရက္ခိုင်ပြည်၊ မောင်တောမြို့နယ်ရှိ စစ်ကောင်စီ၏ တမန်းသားအခြေစိုက် နယ်ခြားစောင့်တပ်စခန်းမှ မောင်တောမြို့နှင့် အနီးအနားကျေးရွာများသို့ လက်နက်ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် မောင်တောမြို့နယ်၊ သက်ကညှာကျေးရွာ၌  လာရောက်စစ်ဘေးရှောင်နေသူ အသက် (၂၅) နှစ်အရွယ် အမျိုးသမီး (၁) ဦးသေဆုံးခဲ့ရသည်။ ထို့အပြင် အသက် (၁၁) နှစ်အရွယ် ယောကျ်ားလေး (၁) ဦး အပါအဝင် အမျိုးသမီး (၂) ဦး တို့မှာလည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ 


(၅) ညနေ (၅) နာရီ (၁၀) မိနစ်အချိန်ခန့်ကလည်း ရက္ခိုင်ပြည်၊ မင်းပြားမြို့နယ်၊ မယ်တော်တောင်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်စခန်းမှ ပိုက်သည်ကျေးရွာအား လက်နက်ကြီး (၃) လုံးဖြင့် ပစ်ခတ်ခဲ့သဖြင့် ဒေသခံ အမျိုးသား (၁) ဦး အပါအဝင် အမျိုးသမီး (၁) ဦးတို့မှာ လက်နက်ကြီးကျည်ထိမှန်ခဲ့၍ ပွဲချင်းပြီးသေဆုံးခဲ့ရသည်။ အလားတူပင် အသက် (၆) နှစ် နှင့် (၁၃) နှစ်အရွယ် မွတ်ဆလင် ယောကျ်ားလေး (၂) ဦးတို့မှာလည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ 


တစ်နေ့တည်းမှာပင် နေ့လယ် (၁၂) နာရီကျော်ကလည်း ကြပ်စင်မြစ်ကြောင်းအတိုင်း ပေါက်တောဘက်သို့ ဦးတည်သွားလာနေသော စစ်ကောင်စီ၏နေဗီသင်္ဘော (၂) စီးမှ မြစ်ကြောင်းတစ်လျှောက်၌ရှိသော ကျေးရွာများအား လက်နက်ကြီး (၁၀) လုံးထက်မနည်း ရည်ရွယ်ချက်ရှိရှိ တမင်တကာပစ်ခတ်တိုက်ခိုက်ခဲ့သည်။ အဆိုပါ လက်နက်ကြီးများထဲမှ (၁) လုံးသည် မင်းပြားမြို့နယ်၊ ကြောင်ရှည်ချောင်းကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ရာမှ  ဒေသခံ (၁) ဦးမှာ ပွဲချင်းပြီး သေဆုံးခဲ့ရပြန်သည်။

ယမန်နေ့၊ ညနေ (၃) နာရီ (၃၀) မိနစ်အချိန်ခန့်တွင် စစ်ကောင်စီနေဗီမှ တပ်ဖွဲ့ဝင် (၁၀) ကျော်ခန့်သည် မင်းပြားမြို့၊ မင်းဘာကြီးရပ်ကွက်သို့ လက်နက်အင်အားအပြည့်အစုံဖြင့် အကြမ်းဖက်ဝင်‌ရောက်လာကာ ဒေသခံ (၁) ဦး၏ နေအိမ်ကို ဖြိုဖျက်ခဲ့ပြီး ၎င်းအိမ်ထဲ၌ ပုန်းအောင်းနေကြသည့် ဒေသခံအမျိုးသမီး (၂) ဦးနှင့် အမျိုးသား (၂) ဦးတို့အား လူမဆန်စွာ ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သည်။


(၆) ယနေ့၊ ညနေ (၄) နာရီ (၅၀) မိနစ်အချိန်ခန့်တွင် ရက္ခိုင်ပြည်၊ အမ်းမြို့နယ်ရှိ စစ်ကောင်စီ၏ ကဇုကိုင်း တောဟိန်းတောင်ဗျူဟာကုန်းမှ အရပ်သားပြည်သူများနေထိုင်ရာ ကျေးရွာများသို့ လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ထိုသို့ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကမ်းထောင်းကြီးမြို့နယ်၊ သရက်တောင်ကျေးရွာအတွင်းသို့ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့ရာမှ အသက် (၆၅) နှစ်အရွယ် ဒေသခံအမျိုးသား (၁) ဦး သေဆုံးသွားခဲ့ပြီး နေအိမ် (၁) ဆောင်မှာလည်း မီးလောင်ပျက်စီးခဲ့ရသည်။


(၇) ယနေ့တစ်ရက်တည်းတွင် ရက္ခိုင်ပြည်၊ မြောက်ဦး၊ မင်းပြားနှင့် ကျောက်တော်မြို့နယ်များ၏ မြို့ပေါ်ရပ်ကွက်များ အပါအဝင် အနီးအနားကျေးရွာများအား စစ်ကောင်စီတပ်စခန်းများနှင့် နေဗီသင်္ဘောများမှ တမင်တကာ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများပြုလုပ်ခဲ့သကဲ့သို့ ရန်သူ့တိုက်ခိုက်ရေးရဟတ်ယာဉ်များမှလည်း လေကြောင်းဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်မှုများရှိခဲ့သည်။ 


ထို့ကြောင့် ယနေ့၊ နေ့လယ် (၁၂) နာရီကျော်အချိန်ခန့်တွင် ရန်သူ့ဇက်ရေယာဉ်မှ ပစ်ခတ်ခဲ့သည့် လက်နက်ကြီးကျည်ထိမှန်ခဲ့၍ မင်းပြားမြို့နယ်၊ ကျားရဲပြင်ကျေးရွာမှ နေအိမ် (၄) လုံးနှင့် သက်ပုန်းကျေးရွာမှ နေအိမ် (၁၂) လုံးနီးပါး ပျက်စီးဆုံးရှုံးခဲ့ရသည်။


(၈) အာရက္ခပြည်သူလူထုများကို ဆယ်စုနှစ်များစွာ ဒုက္ခပေးနေသော ရက္ခိုင်‌ဒေသတွင်းရှိ စစ်ကောင်စီ၏ အထိုင်ချတပ်စခန်းများနှင့် ဗျူဟာကုန်းများအား ရက္ခိုင့်တပ်တော် (AA) မှ ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။


မိမိတို့၏ စစ်ဆင်ရေးနှင့်နောက်ဆက်တွဲသတင်းများအား ဆက်လက်ဖော်ပြပေးသွားပါမည်။


ညီနောင်မဟာမိတ် (၃) ဖွဲ့

MNDAA + TNLA + AA


#operation1027


Topics: “Operation 1027” ၁၀၂၇ စစ်ဆင်ရေး (၇၈) ရက်မြောက်နေ့တိုက်ပွဲသတင်းများ
Tags: တအာင်းနိုင်ငံရေး တအာင်းသတင်း ညီနောင်မဟာမိတ်သုံးဖွဲ့

မှတ်ချက်များ
သင်၏ ထင်မြင်ချက်