594

သီပေါမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းအားလုံး ရှင်းလင်းသိမ်းပိုက်နိုင်ခဲ့

၁၀၂၇ စစ်ဆင်ရေး / ၁၀၂၇
15 October 2024

သီပေါမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းအားလုံး ရှင်းလင်းသိမ်းပိုက်နိုင်ခဲ့


တအာင်းပြည်၊ အောက်တိုဘာ ၁၅ ရက်

၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂)


တအာင်းပြည် တပ်မဟာ(၂)နယ်မြေ၊ သီပေါမြို့နယ်ရှိ စစ်ကောင်စီတပ် ခလရ(၂၃)တပ်စခန်းအားလုံးကို အောက်တိုဘာ ၁၃ ရက် မွန်းလွဲပိုင်း (၁း၀၀)နာရီအချိန်တွင် တအာင်းတပ်မတော် PSLF/TNLA မှ အလုံးစုံ ၀င်ရောက်သိမ်းပိုက်နိုင်ခဲ့ပြီးဖြစ်သည်။




သီပေါမြို့နယ်ရှိ တပ်စခန်းများကို တအာင်းတပ်မတော် PSLF/TNLA မှ ၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂)အတွင်း ဇူလိုင်လ ၂၀ ရက်နေ့မှ စတင်တိုက်ခိုက်ခဲ့ပြီး၊ (၂)လကျော်အကြာ အောက်တိုဘာ ၁၃ ရက်နေ့ထိ စစ်ကောင်စီတပ်စခန်းများဖြစ်ကြသည့် ခမရ (၅၀၃)၊ ခမရ(၅၀၄)နှင့် ခလရ(၂၃)တပ်စခန်း၊ ရဲစခန်းအပါအဝင် အစိုးရဌာနဆိုင်ရာရုံးများ အလုံးစုံသိမ်းပိုက်ရရှိခဲ့ပါသည်။




စစ်ကောင်စီ သီပေါတပ်စခန်းများကို တိုက်ခိုက်နေစဥ်အတွင်း စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှု စုစုပေါင်း Jet Fighter (၁၀၅)ကြိမ်၊ Y12 (၁၆၇)ကြိမ်၊ လက်နက်ကြီးဖြင့် (၁၈၉၃) ကြိမ်၊ ရော့ကတ်ဒုံးကျည် (၈)ကြိမ်နှင့် ဟောင်၀ိဇာ (၈)ကြိမ် အသုံးပြုတိုက်ခိုက်ခဲ့သည်။ ထို့အပြင် သီပေါမြို့ စစ်ကောင်စီတပ်မှ ထောက်ပို့ယာဉ် Y12ဖြင့် (၇၉)ကြိမ်၊ Y8 (၂)ကြိမ်၊ Mi17 (၅)ကြိမ် လက်နက်ခဲယမ်းများ(၄၄၀)ထုပ် လာရောက်ကြဲချခဲ့သည်။




တိုက်ပွဲကာလအတွင်း  စစ်ကောင်စီ၏ လက်နက်ခဲယမ်းများ ဟောင်ဝိဇာလက်နက်ကြီးအပါအဝင်၊  လက်နက်မျိုးစုံ (၁၅၅)လက်၊ 60 MM (၇)လက်၊ 81 MM (၁)လက်၊ RPG (၂)လက်၊ စက်လက် (၉)လက်၊ မိုင်း၊ ခဲယမ်းမျိုးစုံ အမြောက်အများနှင့် စစ်အသုံးအဆောင်ပစ္စည်းများ ရှင်းလင်းသိမ်းဆည်းရမိပြီးဖြစ်သည်။ 




စစ်ကောင်စီ သီပေါမြို့တပ်စခန်းကို တအာင်းတပ်မတော် PSLF/TNLA နှင့် ပူးပေါင်းတပ်ဖွဲ့တို့မှ တိုက်ခိုက်နေစဉ်အတွင်း စစ်ကောင်စီ၏ အရပ်ဖက်ဦးတည်တိုက်ခိုက်မှုကြောင့် သီပေါမြို့ ဒေသခံ (၃၃)ဦး သေဆုံးပြီး (၈၀)ဦး ဒဏ်ရာရ၊ စာသင်ကျောင်း(၂)ကျောင်းနှင့် လူနေအိမ် (၄၇)လုံး လေယာဉ်ဗုံးစ ထိမှန် မီးလောင်ပျက်စီးသွားခဲ့သည်။


ထို့အပြင် စစ်ကောင်စီတပ်၏ အဓမ္မသွတ်သွင်းခြင်းခံရပြီး စစ်မှုတာဝန်ထမ်းဆောင်နေကြရသည့် ရဲမေ (၇၈)ဉီးကိုလည်း ဖမ်းဆီးရမိခဲ့ပြီး တပ်မိသားစုဝင်များနှင့်အတူ လူသားခြင်းစာနာထောက်ထားသောအားဖြင့် ပြန်လည်လွှတ်ပေးခဲ့ပါသည်။


၂၀၂၄ ခုနှစ် အောက်တိုဘာ ၁၃ ရက် ၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂)အတွင်း တအာင်းတပ်မတော် PSLF/TNLA မှ နောင်ချိုမြို့၊ မိုးကုတ်မြို့၊ မိုးမိတ်မြို့၊ ကျောက်မဲမြို့နှင့် သီပေါမြို့ကို ပဉ္စမမြို့မြောက်အဖြစ် အလုံးစုံ ထိန်းချုပ်ထားပြီးဖြစ်သည်။


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: သီပေါမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းအားလုံး ရှင်းလင်းသိမ်းပိုက်နိုင်ခဲ့
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း

မှတ်ချက်များ
သင်၏ ထင်မြင်ချက်