တအာင်းစာအဖွဲ့-TLA မှ တအာင်းစာပေ မျိုးဆက်လက်ဆင့်ကမ်းရေးအတွက် (၅) နှစ်အတွင်း လူဦးရေ (၁၀,၂၀၀) ဦးကျော်ကို သင်ကြားပေးနိုင်ခဲ့
နမ့်ခမ်း၊ စက်တင်ဘာ ၈ ရက်
တအာင်းပြည်သတင်း
တအာင်းစာအဖွဲ့ (Ta’ang Literature Association-TLA) သည် တအာင်းစာပေ ဖွံ့ဖြိုးတိုးတက်ရေး၊ ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် ပြန့်ပွားရေးလုပ်ငန်းများကို အစဉ်တစိုက် ဆောင်ရွက်လျက်ရှိရာ ၂၀၂၀ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း ကျေးရွာပေါင်း (၁၈၂) ရွာရှိ လူဦးရေ (၁၀,၂၀၀) ဦးကျော်အား တအာင်းစာ သင်ကြားပို့ချပေးနိုင်ခဲ့ပြီး မိခင်ဘာသာစကား အမွေအနှစ်ကို မျိုးဆက်သစ်များထံ လက်ဆင့်ကမ်းနိုင်ရေးအတွက် အရေးပါသည့် အခန်းကဏ္ဍများ လုပ်ဆောင်နိုင်ခဲ့သည်။

အဆိုပါအဖွဲ့သည် တအာင်းရုံးသုံးအခြေခံစာကို ဒေသအနှံ့ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်စေရန်နှင့် တအာင်းစာပေ အမြစ်တွယ်ခိုင်မာလာစေရန် ရည်ရွယ်၍ နမ့်ဆန်၊ နမ္မတူ၊ မန်တုံ၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ ကျောက်မဲ၊ လားရှိုး၊ မူဆယ်၊ မိုးကုတ်နှင့် မိုးမိတ်မြို့နယ်များရှိ ကျေးရွာပေါင်း (၁၈၂) ရွာသို့ သွားရောက်ကာ တအာင်းရုံးသုံးစာ အခြေခံသင်တန်းများကို ဖွင့်လှစ်သင်ကြားပေးခဲ့သည်။

ထို့အပြင် ၂၀၂၆ ခုနှစ် သြဂုတ်လအထိ တအာင်းပြည်အတွင်းရှိ ကျေးရွာ (၂၄) ရွာမှ လူဦးရေ (၈၇၈) ဦး တအာင်းစာ သင်ယူအောင်မြင်ပြီးမြောက်ခဲ့ကာ မိခင်ဘာသာစကား ထိန်းသိမ်းမြှင့်တင်ရေးနှင့် တအာင်းစာပေ ပြန့်ပွားရေးလုပ်ငန်းများတွင် ထင်ရှားသော တိုးတက်မှုများ ရရှိခဲ့ပါသည်။
၎င်း တအာင်းစာသင်ကြားရေးကာလအတွင်း သင်ယူမှုတွင် ထူးချွန်ပြောင်မြောက်သည့် သင်တန်းသူ/သားများအား ဂုဏ်ပြုဆုများ ချီးမြှင့်ပေးခဲ့ပြီး သင်တန်းကို အောင်မြင်စွာ ပြီးမြောက်ခဲ့သူများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ကာ ၎င်းတို့၏ ကြိုးစားအားထုတ်မှုနှင့် အောင်မြင်မှုများကို အသိအမှတ်ပြု ဂုဏ်ပြုပေးခဲ့သည်။

လက်ရှိတွင် တအာင်းပြည်ပညာရေးကောင်စီ-TLECမှ ဖွင့်လှစ်သော စာသင်ကျောင်းများ၌ တအာင်းဆရာ/မများက G-1 မှ G-6 အထိ မိခင်ဘာသာစကား သင်ကြားပေးနိုင်ပြီးဖြစ်၍ G-12 အထိ တိုးချဲ့သင်ကြားနိုင်ရေး ဆက်လက်ကြိုးပမ်းလျက်ရှိသည်။ ထို့အပြင် တအာင်းစာပေ ပြန့်ပွားဖွံ့ဖြိုးရေးအတွက် အွန်လိုင်းပလက်ဖောင်းများမှတစ်ဆင့်လည်း စဉ်ဆက်မပြတ် သင်ကြားပို့ချပေးလျက်ရှိသည်။
တအာင်းစာပေ ဖွံ့ဖြိုးတိုးတက်ရေးနှင့် မိခင်ဘာသာစကား အမွေအနှစ် ထိန်းသိမ်းမြှင့်တင်နိုင်ရေးအတွက် TLEC ကျောင်းဆရာ/မများအား TOT (Training of Trainers) သင်တန်း အပတ်စဉ် (၆) အထိ စဉ်ဆက်မပြတ် ဖွင့်လှစ်သင်ကြားပေးခဲ့ပြီးဖြစ်သည်။ ယင်းနောက် တအာင်းစာကို အနာဂတ်မျိုးဆက်သစ် လူငယ်များထံ ပိုမိုကျယ်ပြန့်စွာ လက်ဆင့်ကမ်းနိုင်ရေးအတွက် ဆရာကျင့်ဝတ်စာအုပ်၊ Grammar စာအုပ်၊ ကဗျာစာအုပ်၊ ဆောင်းပါးစာအုပ်၊ ဝေါဟာရစာအုပ်၊ မဂ္ဂဇင်းနှင့် ပုံပြင်စာအုပ်များကိုလည်း ထုတ်ဝေဖြန့်ချိလျက်ရှိကာ တအာင်းစာပေ ရှင်သန်ဖွံ့ဖြိုးရေးကို အားသွန်ခွန်စိုက် အကောင်အထည်ဖော်လျက်ရှိသည်။

ထို့အပြင် နည်းပညာခေတ်၏ လိုအပ်ချက်များနှင့်အညီ ကွန်ပျူတာနှင့် မိုဘိုင်းဖုန်းအသုံးပြုသူများအား တအာင်းစာကို အချိန်မရွေး၊ နေရာမရွေး အလွယ်တကူ လေ့လာသင်ယူ ရေးသားနိုင်စေရန် Ta’ang Dictionary App ကို မိတ်ဆက်အသုံးပြုစေပြီး ၎င်း၏ အသုံးဝင်ပုံများကို လူငယ်မျိုးဆက်များထံ ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေး ဖြန့်ဝေလျက်ရှိပါသည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ