1920

နမ့်ခမ်းမြို့၊ ကောင်းတပ်ရပ်ကွက် ပေါက်ကွဲမှုအပေါ် PSLF/TNLAမှ ထပ်တူဝမ်းနည်းကြောင်းနှင့် တောင်းပန်ကာ ကွယ်လွန်သွားသူများအတွက် ရက်လည်တရားနာပြုလုပ်ပြီး မိသားစုဝင်များအား ကူညီထောက်ပံ့ငွေ ပေးအပ်

သတင်း
08 June 2026

နမ့်ခမ်းမြို့၊ ကောင်းတပ်ရပ်ကွက် ပေါက်ကွဲမှုအပေါ်  PSLF/TNLAမှ ထပ်တူဝမ်းနည်းကြောင်းနှင့် တောင်းပန်ကာ ကွယ်လွန်သွားသူများအတွက် ရက်လည်တရားနာပြုလုပ်ပြီး မိသားစုဝင်များအား ကူညီထောက်ပံ့ငွေ ပေးအပ်


နမ့်ခမ်း၊ ဇွန် ၈ရက်

တအာင်းပြည်သတင်း

 

တအာင်းပြည်၊ နမ့်ခမ်းခရိုင်၊ နမ့်ခမ်းမြို့၊ ကောင်းတပ်ရပ်ကွက်တွင် ပြီးခဲ့သည့် မေလ (၃၁) ရက်နေ့က ဖြစ်ပွားခဲ့သော ယမ်းပျော့မတော်တဆ ပေါက်ကွဲမှုကြောင့် အသက်ဆုံးရှုံးခဲ့ရသူများနှင့် ထိခိုက်နစ်နာခဲ့ရသည့် မိသားစုများအပေါ် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLAအနေဖြင့် ထပ်တူဝမ်းနည်းကြေကွဲရပါကြောင်းနှင့် ယခုဖြစ်စဉ်အတွက် လေးနက်စွာ တောင်းပန်ပါကြောင်း ဖော်ပြလျက်၊ ကွယ်လွန်သူများအား ရည်စူး၍ ရက်လည်ဆွမ်းသွပ် တရားနာအလှူတော်ကို ကျင်းပပြုလုပ်ခဲ့ပြီး ကျန်ရစ်သူမိသားစုများအား လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးအပ်ခဲ့ပါသည်။

 



အဆိုပါ ရက်လည်ဆွမ်းသွပ်တရားနာ အလှူတော်ကို ဇွန်လ (၆)ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ PSLF/TNLA ၏ ဒုဥက္ကဋ္ဌ (၁) ဒုဗိုလ်ချုပ်ကြီး တားဂျုတ်ဂျား၊ ဒုဥက္ကဋ္ဌ (၂)ဗိုလ်ချုပ် တားခူလန်၊ အထွေထွေအတွင်းရေးမှူး (၁) ဗိုလ်မှူးချုပ် တားအိုမ်တမာဝ်း၊ အထွေထွေအတွင်းရေးမှူး (၂) ဗိုလ်မှူးကြီး တားပါင်လနှင့် ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ၊ ဒေသခံပြည်သူများနှင့် ကျန်ရစ်မိသားစုဝင်များ တက်ရောက်ခဲ့ကြသည်။


ယမ်းပျော့မတော်တဆပေါက်ကွဲမှုကြောင့် အသက်ဆုံးရှုးခဲ့ရသူများ၏ ကျန်ရစ်မိသားစုများအား PSLF/TNLAမှ လူသားချင်းစာနာထောက်ထားမှု အကူအညီအဖြစ် ကွယ်လွန်သူတစ်ဦးလျှင် ငွေကျပ်သိန်း (၁၀၀)နှုန်းဖြင့် ထောက်ပံ့ပေးအပ်ခဲ့ပြီး ဤကူညီထောက်ပံ့မှုများကို PSLF/TNLA ၏ သီးသန့်ရန်ပုံငွေဖြင့် စီစဉ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။




ထို့ပြင် ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူများအတွက်လည်း လိုအပ်သည့် ဆေးဝါးကုသမှုများ၊ ကျန်းမာရေးစောင့်ရှောက်မှုများနှင့် အခြားလိုအပ်သည့် အကူအညီများကို PSLF/TNLA မှ ဆက်လက်ပံ့ပိုးကူညီပေးလျက်ရှိပါသည်။


အခမ်းအနားသို့ တက်ရောက်လာကြသည့် PSLF/TNLA ခေါင်းဆောင်များနှင့် တာဝန်ရှိသူများက ယခုဖြစ်စဉ်ကြောင့် အသက်ဆုံးရှုံးခဲ့ရသူများ၊ ထိခိုက်ဒဏ်ရာရရှိခဲ့ရသူများနှင့် မိသားစုဝင်များအား ထပ်တူဝမ်းနည်းကြေကွဲရပါကြောင်း ပြောကြားခဲ့ပြီး ဖြစ်စဉ်ကြောင့် ဖြစ်ပေါ်လာသည့် နစ်နာဆုံးရှုံးမှုများအပေါ် အလေးအနက်ထား၍ တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ထိခိုက်နစ်နာခဲ့ရသည့် ပြည်သူများ ပြန်လည်ထူထောင်နိုင်ရေးအတွက် အစွမ်းကုန် ကူညီဆောင်ရွက်သွားမည်ဖြစ်ပါသည်။




ကောင်းတပ်ရပ်ကွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် ဖွဲ့စည်းထားသည့် ကောင်းတပ်ရပ်ကွက် ပြန်လည်ထူထောင်ရေးကော်မတီ အနေဖြင့် ပြည်တွင်း၊ ပြည်ပ အနယ်နယ်အရပ်ရပ်မှ စေတနာရှင်များ၊ အဖွဲ့အစည်းများနှင့် မိဘပြည်သူများ၏ မေတ္တာ၊ စေတနာဖြင့် ပါဝင်လှူဒါန်းထားသည့် အလှူငွေများကို လက်ခံရရှိထားပြီး လက်ရှိအချိန်ထိ တရုတ်ယွမ်ငွေ (၂၀၆,၄၃၅) ယွမ်နှင့် မြန်မာကျပ်ငွေ (၉၀၀,၄၁၈,၃၅၀) ကျပ် ကော်မတီမှ လက်ခံရရှိထားပါသည်။ အဆိုပါ အလှူငွေများကို ကောင်းတပ်ရပ်ကွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက်သာ သီးသန့်ထိန်းသိမ်းထားရှိပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများ စတင်ဆောင်ရွက်ချိန်တွင် စနစ်တကျ စီမံခန့်ခွဲအသုံးပြုသွားမည်ဖြစ်ပါသည်။

 



လက်ရှိအချိန်တွင် ကောင်းတပ်ရပ်ကွက်အတွင်း ထိခိုက်ပျက်စီးသွားသည့် နေအိမ်များ၊ အခြေခံအဆောက်အအုံများနှင့် ပြည်သူများ၏ လူမှုဘဝများ ပြန်လည်ကောင်းမွန်လာစေရေးအတွက် ကယ်ဆယ်ရေး၊ ထောက်ပံ့ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို သက်ဆိုင်ရာဌာနများ၊ လူမှုကူညီရေးအသင်းအဖွဲ့များနှင့် ပူးပေါင်း၍ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ PSLF/TNLA အနေဖြင့် ယခုဖြစ်စဉ်ကြောင့် ထိခိုက်နစ်နာခဲ့ရသည့် မိဘပြည်သူများ၏ ဆုံးရှုံးမှုများအပေါ် အထူးဝမ်းနည်းကြေကွဲရပါကြောင်းနှင့် ပြည်သူများ၏ လူမှုဘဝများ ပုံမှန်ပြန်လည်လည်ပတ်နိုင်ရေးအတွက် လိုအပ်သည့် ကူညီပံ့ပိုးမှုများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

 

#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: နမ့်ခမ်းမြို့၊ ကောင်းတပ်ရပ်ကွက် ပေါက်ကွဲမှုအပေါ် PSLF/TNLAမှ ထပ်တူဝမ်းနည်းကြောင်းနှင့် တောင်းပန်ကာ ကွယ်လွန်သွားသူများအတွက် ရက်လည်တရားနာပြုလုပ်ပြီး မိသားစုဝင်များအား ကူညီထောက်ပံ့ငွေ ပေးအပ်
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း တအာင်းပြည်အစိုးရ တအာင်းတပ်မတော် ထုတ်ပြန်ချက်

မှတ်ချက်များ
သင်၏ ထင်မြင်ချက်