1913

နမ့်ဆန်မြို့တွင် အသက် (၁၀)နှစ်အောက် ကလေးငယ်နှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးထိုးနှံပြီးစီး

သတင်း
03 June 2026

နမ့်ဆန်မြို့တွင် အသက် (၁၀)နှစ်အောက် ကလေးငယ်နှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးထိုးနှံပြီးစီး


နမ့်ဆန်၊ ဇွန်လ ၃ရက်

တအာင်းပြည်သတင်း


တအာင်းပြည်၊ နမ့်ဆန်ခရိုင်၊ နမ့်ဆန်မြို့တွင် တအာင်းကျန်းမာရေးအဖွဲ့အစည်း (Ta'ang Health Organization - THO)နှင့် တအာင်းပြည် ကျန်းမာရေးကောင်စီ (Ta'ang Land Health Council - THC)တို့ ပူးပေါင်း၍ အသက် (၁၀)နှစ်အောက် ကလေးငယ်နှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးများ ထိုးနှံပေးခြင်းလုပ်ငန်းများကို အောင်မြင်စွာဆောင်ရွက်ပြီးစီးခဲ့ပါသည်။


နမ့်ဆန်မြို့နယ်တွင် ပြီးခဲ့သည့် မေလ (၂၅)ရက်နေ့မှ (၂၉)ရက်နေ့အထိ နမ့်ဆန်ပြည်သူ့ဆေးရုံ၌ အသက် (၁၀)နှစ်အောက် ကလေးငယ် စုစုပေါင်း (၄၁၈၄)ဦးအား ကာကွယ်ဆေးထိုးနှံပေးခဲ့ပြီး ကိုယ်ဝန်ဆောင်မိခင် (၃၁၈)ဦးကိုလည်း လိုအပ်သည့်ကာကွယ်ဆေးများ ထိုးနှံပေးခဲ့သည်။


ထိုးနှံပေးလျက်ရှိသည့် ကာကွယ်ဆေးများမှာ BCG Vaccine (ပြင်းထန်တီဘီရောဂါ ကာကွယ်ဆေး)၊ IPV Vaccine (ပိုလီယို အကြောသေရောဂါ ကာကွယ်ဆေး)၊ Pentavalent Vaccine (ငါးမျိုးစပ် ကာကွယ်ဆေး ဆုံဆိုနာ၊ ကြက်ညှာချောင်းဆိုး၊ မေးခိုင်၊ အသည်းရောင်အသားဝါ (B ပိုး)နှင့် ပြင်းထန်ဦးနှောက်အမြှေးရောင်ရောဂါ)၊ MMR Vaccine (ဝက်သက်၊ ဂျိုက်သိုးနှင့် ပါးချိတ်ရောင်ရောဂါ ကာကွယ်ဆေး)၊ JE Vaccine (ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေး)နှင့် ကိုယ်ဝန်ဆောင်မိခင်များအတွက် Td Vaccine (မေးခိုင်နှင့် ဆုံဆိုနာ ကာကွယ်ဆေး) တို့ဖြစ်ကြသည်။



ထို့အပြင် ယင်းကာကွယ်ဆေးများ ထိုးနှံပေးခြင်းဖြင့် ကလေးငယ်များ၏ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးနိုင်ကာ အသက်အန္တရာယ်ဖြစ်စေနိုင်သည့် ကူးစက်ရောဂါများမှ ထိရောက်စွာ ကာကွယ်နိုင်မည်ဖြစ်ကြောင်း ကျန်းမာရေးဌာနမှ တိုက်တွန်းနှိုးဆော်ထားပါသည်။


ပြီးခဲ့သည့် မေလအတွင်း နမ္မတူနှင့် မန်တုံမြို့နယ်တို့တွင် တအာင်းကျန်းမာရေးအဖွဲအစည်း (Ta'ang Health Organization-THO)နှင့် တအာင်းပြည် ကျန်းမာရေးကောင်စီ (Ta'ang Land Health Council-THC)တို့သည် ပူးပေါင်း၍ အသက် (၅)နှစ်အောက် ကလေးငယ်များ စုစုပေါင်း (၁၃၇၈)ဦးနှင့် ကိုယ်ဝန်ဆောင်မိခင်များ (၁၃)ဦးအား ကာကွယ်ဆေးများ ထိုးနှံပေးခဲ့သည်။


#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: နမ့်ဆန်မြို့တွင် အသက် (၁၀)နှစ်အောက် ကလေးငယ်နှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးထိုးနှံပြီးစီး
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်