တအာင်းပြည်တွင် ဇူလိုင်လအတွင်း စစ်ကောင်စီတပ်၏လေကြောင်း၊ လက်နက် ကြီးနှင့် ဒရုန်းဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကလေးငယ်အပါအဝင် ပြည်သူ လူထု (၂၇)ဦးသေဆုံး၊ (၈၂)ဦးထိခိုက်ဒဏ်ရာရ
တအာင်းပြည်၊ သြဂုတ်လ ၂ရက်
တအာင်းပြည်တွင် ဇူလိုင်လတစ်လအတွင်း ကျောက်မဲ၊ မိုးကုတ်၊ နောင်ချို၊ မိုင်းငေါ့၊ သီပေါ၊ မိုင်းလုံမြို့နှင့် ကွတ်ခိုင်မြို့တို့တွင် စစ်ကောင်စီတပ်မှ လေကြောင်း၊ လက်နက်ကြီးနှင့် ဒရုန်းတို့ဖြင့် ကြဲချပစ်ခတ်တိုက်ခိုက်မှုကြောင့် ကလေးငယ်အပါအဝင် ပြည်သူလူထု (၂၇)ဦးသေဆုံးခဲ့ပြီး (၈၂)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ် (၁၁၆)အိမ်၊ စာသင်ကျောင်း (၂)ကျောင်းနှင့် ဘုန်းကြီးကျောင်း (၂)ကျောင်းတို့ ထိမှန်ပျက်စီးသွားခဲ့သည်။
စစ်ကောင်စီတပ်သည် ကျောက်မဲမြို့နယ်ရှိ ပြည်သူလူထုများကို ဦးတည်၍ ဂျက်ဖိုက်တာဖြင့် လာရောက်ကြဲချတိုက်ခိုက်ခဲ့သောကြောင့် သံဃာတော် (၁)ပါး ပျံလွန်တော်မူသွားခဲ့ပြီး အမျိုးသား(၃)ဦးသေဆုံးခဲ့ကာ အမျိုးသား (၁၈)ဦးနှင့် အမျိုးသမီး (၄)ဦးတို့ ထိမှန်ဒဏ်ရာရရှိကာ နေအိမ် (၄၅)အိမ်၊ စာသင်ကျောင်း (၂)ကျောင်းနှင့် ဘုန်းကြီးကျောင်း (၂) ကျောင်းတို့ထိမှန်ပျက်စီးသွားခဲ့သည်။
အလားတူ နောင်ချိုမြို့နယ်လည်း စစ်ကောင်စီတပ်မှ လက်နက်ကြီး၊ ဒရုန်းနှင့် ဂျက်ဖိုက်တာဖြင့် ဗုံးကြဲပစ်ခတ်တိုက်ခိုက်မှုကြောင့် အမျိုးသား (၄)ဦးသေဆုံးခဲ့ကာ အမျိုးသား (၆)ဦး၊ အမျိုး သမီး(၁)ဦး ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့သည်။ ထိုအပြင် နေအိမ် (၁၇)အိမ်နှင့် ဘုန်းကြီး ကျောင်း (၂)ကျောင်းလည်း ထိမှန်ပျက်စီးသွားခဲ့သည်။
မိုးကုတ်မြို့လည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်မှဂျက်ဖိုက်တာဖြင့် ရည်ရွယ်ချက်ရှိရှိ ပြည်သူများတည်ရှိရာကို ဗုံးကြဲချတိုက်ခိုက်ခဲ့သောကြောင့် ကလေးငယ် (၂)ဦးအပါအဝင် အမျိုး သား (၆)ဦးနှင့်အမျိုးသမီး (၁)ဦးသေဆုံးခဲ့ပြီး ကလေး (၄)ဦး၊ အမျိုးသား (၂၇)ဦးနှင့် အမျိုးသမီး (၁၂)ဦးထိမှန်ဒဏ်ရာရရှိခဲ့ကာ နေအိမ် (၃၈)အိမ်တို့ ဗုံးထိမှန်ပျက်စီးသွားခဲ့သည်။
စစ်ကောင်စီတပ်သည် သီပေါမြို့ကိုလည်း လေကြောင်းဖြင့် ဗုံးကြဲချတိုက် ခိုက်ခဲ့မှုကြောင့် အမျိုးသား (၂)ဦးသေဆုံးခဲ့ပြီး အမျိုးသမီး (၁)ဦးနှင့် အမျိုးသား (၄)ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် (၁၈)အိမ်နှင့် စာသင်ကျောင်း (၁)ကျောင်းတို့ထိမှန်ပျက်စီးသွားခဲ့သည်။
မိုင်းလုံမြို့ကိုလည်း စစ်ကောင်စီတပ် သည် လေကြောင်းဖြင့် ကြဲချတိုက် ခိုက်ခဲ့မှုကြောင့် အမျိုးသား (၁)ဦးသေဆုံးခဲ့ပြီး နေအိမ် (၇)အိမ်ထိခိုက်ပျက်စီးခဲ့သည်။ ထိုအပြင် ကွတ်ခိုင်မြို့တွင်လည်း စစ်ကောင်စီတပ်သည် လေကြောင်းဖြင့် ဗုံးချကြဲချတိုက်ခိုက်မှုကြောင့် ကလေးငယ် (၁)ဦးအပါအဝင် အမျိုးသား (၄)ဦးနှင့် အမျိုးသမီး (၁)ဦးသေဆုံးခဲ့ပြီး အမျိုးသမီး (၃)ဦးနှင့် အမျိုးသား (၄)ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ် (၅) အိမ်လည်း ထိမှန်ပျက်စီးသွားခဲ့သည်။
ထိုကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီ၏ဗုံးကြဲတိုက်ခိုက်မှုများ ရှောင် ရှားနိုင်ရန် စစ်ရေးသတိအမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှကာကွယ်နိုင်ရန်လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းများ လိုက်နာဆောင်ရွက်ရန်လိုအပ်ပါသည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ