နောင်ချိုနှင့် ကျောက်မဲမြို့တွင် စစ်ကောင်စီတပ်မှ လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုကြောင့် ပြည်သူလူထု (၁)ဦးသေဆုံး၊ (၃)ဦးထိခိုက်ဒဏ်ရာရ
တအာင်းပြည်၊ ဇူလိုင် ၂၇ရက်
တအာင်းပြည်၊ နောင်ချိုနှင့် ကျောက်မဲမြို့နယ်တွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးကြဲချခြင်းနှင့် လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုကြောင့် ပြည်သူလူထု (၁)ဦး သေဆုံးခဲ့ပြီး (၃)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။
ဖြစ်စဥ်တွင် ယမန်နေ့ ဇူလိုင်(၂၆)ရက်နေ့ ည (၁၁း၂၇)နာရီအချိန်၌ နောင်ချိုမြို့နယ်၊ ဟိုခိုကျေးရွာကို စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ပေါင် (၂၅၀)ဗုံး (၂)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့သောကြောင့် ပြည်သူလူထု (၃)ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် (၁)အိမ်လည်း ထိမှန်ပျက်စီးသွားခဲ့သည်။
အလားတူ နေ့လယ် (၂း၀၀)နာရီအချိန်လည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်မှ ကျောက်မဲမြို့နယ်၊ နောင်ပိန်းကျေးရွာဘက်ကို ဦးတည်၍ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် တိုက်ပွဲရှောင်နေသည့် အသက် (၃၀)နှစ်အရွယ် ဦးအေးနောင်ကို ထိမှန်ပြီးသေဆုံးသွားခဲ့သည်။
ပြီးခဲ့သည့် ဇူလိုင်လ (၁၈)ရက်နေ့လည်း ကျောက်မဲမြို့နယ်၊ အထက်ကြူရှောကျေးရွာတွင် စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသား (၁)ဦး ထိခိုက်ဒဏ်ရာရရှိပြီး နေအိမ် (၈)အိမ်လည်း ထိမှန်ပျက်စီးသွားခဲ့သည်။
စစ်ကောင်စီတပ်သည် လေကြောင်းဖြင့် ကျောက်မဲမြို့တွင် ပြီးခဲ့သည့် ဇူလိုင်လ (၄)ရက်နေ့တွင် (၁)ကြိမ်၊ ဇူလိုင်လ (၅)ရက်နေ့တွင် (၂)ကြိမ်၊ ဇူလိုင်လ (၁၁)ရက်နေ့တွင် (၁)ကြိမ်၊ ဇူလိုင်လ (၁၃)ရက်နေ့တွင် (၁)ကြိမ်၊ ဇူလိုင်လ (၁၈)ရက်နေ့တွင် (၁)ကြိမ် ပြည်သူလူထုများတည်ရှိရာကို ရည်ရွယ်ချက်ရှိရှိ ဦးတည်ပြီး ဗုံးလာရောက်ကြဲချတိုက်ခိုက်မှုကြောင့် ပြည်သူလူထု (၂)ဦး သေဆုံးသွားခဲ့ပြီး (၁၅)ဦးထိခိုက်ဒဏ်ရာရရှိကာ နေအိမ် (၃၄)အိမ်၊ အဆောက်အဦး (၅)လုံးနှင့် စာသင်ကျောင်း (၁)ကျောင်းတို့ကို ထိမှန်ပျက်စီးသွားခဲ့သည်။
ထိုကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီ၏ဗုံးကြဲတိုက်ခိုက်မှုများ ရှောင်ရှားနိုင်ရန် စစ်ရေးသတိအမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှကာကွယ်နိုင်ရန် လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းများ လိုက်နာဆောင်ရွက်ရန် လိုအပ်ပါသည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ