PSLF/TNLAတအာင်းပြည် ရဲတပ်ဖွဲ့၏ အပတ်စဥ် (၁)နယ်ထိန်းသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပပြီးစီး
တအာင်းပြည်၊ ဇူလိုင်လ ၁၇ရက်
တအာင်းပြည်တွင် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA တအာင်းပြည် ရဲတပ်ဖွဲ့မှ ဖွင့်လှစ်ထားသည့် အပတ်စဥ် (၁)နယ်ထိန်းသင်တန်း ဆင်းပွဲအခမ်းအနားကို ပြီးခဲ့သည့် ဇူလိုင်လ(၁၄)ရက်နေ့ နံနက် (၉း၀၀)နာရီမှ မွန်းလွဲ (၁၂း၀၀)နာရီအထိ
ကျင်းပပြုလုပ်ပြီးစီးခဲ့သည်။
အခမ်းအနားတွင် ဗဟိုအုပ်ချုပ်ရေးဌာနမှူး ဗိုလ်မှူးချုပ် တားဂူ;ဇာရ်;မှ " ကျန်တော်တို့ တအာင်းပြည်တွင် လူမျိုးပေါင်းစုံနေထိုင်ကြသောကြောင့် နယ်ထိန်းလုပ်ငန်းများသည် စနစ်တကျ လုပ် ဆောင်နိုင်ရမည်ဖြစ်သည်။ တအာင်းပြည်အတွင်းရှိ ပြည်သူလူထုများ၏လုံခြံရေး၊ အေးချမ်းသာယာနေထိုင်ရေး၊ သူခိုး၊ ဓားပြပပျောက်ရေး၊ ဖြစ်ပေါ်လာခဲ့သည့်အမှုများလည်း ငယ်သည်အမှု ပပျောက်သွားအောင်နှင့် ကြီးသည်အမှု ငယ်သွားအောင် ကြိုးစားလုပ်ဆောင်သွားရမည်"ဟု တက်ရောက်အမှာစကားပြောကြာခဲ့သည်။
ထိုနောက်တွင် ဒုဗိုလ်မှူးကြီး တားတံင်ရိူန်း၊ ဗိုလ်မှူးတားကုင်နောနှင့် ဗိုလ်မှူး တားဂေါင်ငျံရ်တို့လည်း တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။ အခမ်းအနားတွင် ဗဟိုအုပ်ချုပ်ရေးဌာနမှူး၊ တအာင်းပြည် ရဲတပ်ဖွဲ့များ၊ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ဆရာ/မများနှင့် သင်တန်းသားများအပါအဝင် စုစုပေါင်းလူဦးရေ (၆၀)ဦးကျော်တက်ရောက်ခဲ့သည်။
၎င်းအပြင် သင်တန်းအတွင်းမှ ထူးချွန်အောင်မြင်သောကျောင်းသားများကို ဆုများချီးမြှင့်ပေးအပ်ခဲ့ပါသည်။ အဆိုပါ အပတ်စဥ် (၁) နယ်ထိန်းသင်တန်းကို ပြီးခဲ့သည့် မေလ (၂၃)ရက်နေ့မှ စတင်ဖွင့်လှစ်ခဲ့ရာ သင်တန်းကာလ (၃)လနီးပါးကြာမြင့်ခဲ့ပါသည်။ ဤသင်တန်းတွင် ရဲကျင့်ဝတ်၊ ကြီးကြပ်ကွပ်ကဲခြင်း၊ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ၊ သက်သေခံဘာသာရပ်၊ နယ်ထိန်းလုပ်ငန်းစဥ်များ၊ နယ်ထိန်းမှတ်ပုံတင်နှင့်ဆက်စပ်မှတ်ပုံတင်များ၊ရာဇသက်ကြီး နှင့် ထောက်လှန်းရေးဘာသာရပ်များ၊ ကြိုတင်ကာကွယ်မှု (၁၀)မျိုးများနှင့် နွေဦးသိုင်းတို့ကို သင်ကြားပေးခဲ့သည်။
အဆိုပါသင်တန်းကို သင်တန်းသား (၃၈)ဦး တက်ရောက်သင်ကြားခဲ့ပါသည်။ ၎င်းတို့သည် တအာင်းပြည်အတွင်းရှိ ခရိုင်နှင့် မြို့နယ်အသီးသီးတွင် တာဝန်ထမ်းဆောင်သွားရမည်ဖြစ်သည်။
ဤသင်တန်းဖွင့်လှစ်ရသည့်ရည်ရွယ်ချက်သည် ရဲလုပ်ငန်းများနှင့်နယ်ထိန်းလုပ်ငန်းများကို သိရှိနားလည်နိုင်ရန်၊ ခိုးဆိုးလုယက်မှု၊ မူးယစ်ဆေးဝါးများရောင်းဝယ်သုံးစွဲမှုစသည့်တို့ကို လျှော့နည်းပပျောက်သွားရန်နှင့် တရားဥပဒေစိုးမိုးမှုများရှိစေရန် ရည်ရွယ်ပြီးသင်တန်း ဖွင့်လှစ်ရခြင်းဖြစ်သည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ