နောင်ချိုမြို့ တိုက်ပွဲအခြေအနေများနှင့် စပ်လျဉ်းသည့်သတင်းထုတ်ပြန်ချက်
တအာင်းပြည်၊ ဇူလိုင်လ ၁၆ရက်
၂၀၂၅ခုနှစ် မေလမှ စတင်ပြီး ဇူလိုင်လလယ်ပိုင်းအထိစစ်ကောင်စီတပ်သည် နောင်ချိုမြို့တွင်းနှင့် နောင်ချိုမြို့အနီးရှိကျေးရွာများသို့ ဦးတည်ပြီး မြေပြင်တွင် အင်အားအလုံးအရင်းဖြည့်တင်းကာ ထိုးစစ်ဆင်တိုက်ခိုက်ခြင်း၊လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်ခြင်း၊ အဆိပ်ငွေ့ဗုံးများကြဲချ၍ တိုက်ခိုက်ခြင်းများကို နေ့စဉ်ပြုလုပ်လျက်ရှိသည်။
နောင်ချိုဒေသတွင် စစ်ကောင်စီတပ်၏ ထိုးစစ်ဆင်လာမှုကြောင့်စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် TNLA အကြား ၂၀၂၅ခုနှစ် မေလမှ ဇူလိုင်လ (၁၅)ရက်နေ့အထိ တိုက်ပွဲဖြစ်ပွားမှု (၃၁၉)ကြိမ်အထိတိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး တိုက်ပွဲကာလအတွင်း စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှု (၁၀၆)ကြိမ်၊ ဒရုန်းဖြင့်တိုက်ခိုက်မှု (၁၆၂)ကြိမ် ၊လက်နက်ကြီးဖြင့်ပစ်ခတ်မှု (၄၆၉၂)ကြိမ် နှင့် အဆိပ်ငွေ့ဗုံးဖြင့် တိုက်ခိုက်မှု (၁၈၆) ကြိမ်တို့ကိုပြုလုပ်ခဲ့ပြီး ယနေ့အထိ နေ့စဉ်နှင့်အမျှ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပါသည်။
၂၀၂၅ခုနှစ် မေလကတည်းကပင် စစ်ကောင်စီတပ်မှ တိုက်ပွဲဖြစ်ပွါးနေသည့်နေရာနှင့်တိုက်ပွဲဖြစ်ပွါးခြင်းမရှိသည့်နေရာများတွင် အရပ်သားပြည်သူလူထုအား ပစ်မှတ်ထားကာ ရည်ရွယ်ချက်ရှိရှိ လေကြောင်းတိုက်ခိုက်ခြင်းနှင့် လက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်ခြင်းများ ပြုလုပ်နေသောကြောင့် မိဘပြည်သူများလူထုများသည် မြို့ဧရိယာတွင် နေထိုင်နိုင်ခြင်းမရှိတော့ဘဲ ဘေးကင်းရန်အတွက် မြို့ပြင်ပသို့ ပြောင်းရွှေ့နေထိုင်ကြရပါသည်။ ပြည်သူလူထုများမြို့ပြင်ပသို့ ပြောင်းရွှေ့နေထိုင်သော်လည်း စစ်ကောင်စီတပ်မှ ပြည်သူလူထုနေထိုင်ရာသို့ထပ်မံပြီး တိုက်ခိုက်လာသည့်အတွက် နေစရာပျောက်ဆုံးသွားသည့် ပြည်သူများသည် နီးစပ်ရာမြို့သို့ပြောင်းရွှေ့ကာ စစ်ရှောင်စခန်းသို့ စစ်ဘေးရှောင်နေခဲ့ကြရပါသည်။
၂၀၂၅ခုနှစ် မေလမှ ဇူလိုင်လ (၁၅)ရက်အထိ စစ်ကောင်စီတပ်မှ အရပ်သားပြည်သူလူထုအားရည်ရွယ်ချက်ရှိရှိဦးတည်ခိုက်မှုကြောင့် ကျောက်မဲ၊ နောင်ချို၊ သီပေါ၊ မိုးကုတ်၊ မိုင်းငေါ့မြို့ရှိ ပြည်သူလူထုသေဆုံးသူ (၂၃)ဦး၊ ထိခိုက်ဒဏ်ရာရသူ (၈၈)ဦး၊ဘာသာရေးအဆောက်အအုံ ဘုန်းကြီးကျောင်း (၈)ကျောင်း၊ စာသင်ကျောင်း(၈)ကျောင်းနှင့် နေအိမ် (၂၂၀) လုံး ထိခိုက်ပျက်စီးသွားခဲ့သည်။
မေလတွင် စတင်ခဲ့သည့် စစ်ကောင်စီတပ်၏ ပြင်းထန်သည့်ထိုးစစ်ဆင်မှုကြောင့် တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေရပြီး မြို့စီမံအုပ်ချုပ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ရန် ခက်ခဲလာသည့်အတွက် ဇူလိုင်လ (၁၅)ရက်နေ့တွင်PSLF/TNLAအနေဖြင့် နောင်ချိုမြို့ပေါ်ရှိ အရပ်ဖက်ဆိုင်ရာစီမံအုပ်ချုပ်မှုရုံးလုပ်ငန်းများကို အခြားလုံခြုံသည့်နေရာသို့ပြောင်းရွေ့ကာ လူထုဝန်ဆောင်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ပါရန်ပြုလုပ်ထားပါသည်။
နောင်ချိုမြို့တွင် တိုက်ပွဲများဆက်လက်ပြင်းထန်နေမည်ဖြစ်သောကြောင့် တိုက်ပွဲကြားတွင် မိဘပြည်သူထုလူများ
ကြားညှပ်မပိတ်မိစေရန် လုံခြုံရေးသတိထားပြီး နေထိုင်သွားလာကြရန်နှင့်လေကြောင်းအန္တရာယ်ကာကွယ်ရေးလမ်းညွှန်ချက်များ လိုက်နာကြရန်လိုအပ်ပါသည်။ ထိုအပြင် တိုက်ပွဲဖြစ်ပွါးခြင်းမရှိသော ကျောက်မဲ၊သီပေါ၊ မိုးကုတ်၊ မိုင်းငေါ့မြို့တို့တွင် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုများ မကြာခဏဖြစ်ပွားနေသည့်အတွက်ကြောင့်မိဘပြည်သူလူထုများအနေဖြင့် ဘေးအန္တရာယ်ကင်းဝေးစေရန်အတွက် သတိဝီရိယဖြင့် နေထိုင်သွားလာကြပါရန် အသိပေးထုတ်ပြန်အပ်ပါသည်။
#PSLF/TNLA
#သတင်းနှင့်ပြန်ကြားရေးဌာန
မှတ်ချက်များ