1227

နောင်ချိုမြို့နယ်ရှိ ကျေးရွာ (၄)ရွာတွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် TNLAတို့ ဆက်လက်တိုက်ပွဲဖြစ်ပွား

သတင်း / နိုင်ငံရေး
30 June 2025

နောင်ချိုမြို့နယ်ရှိ ကျေးရွာ (၄)ရွာတွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် TNLAတို့ ဆက်လက်တိုက်ပွဲဖြစ်ပွား

 

နောင်ချို၊ ဇွန်လ ၃၀ရက်

တအာင်းပြည်သတင်း

 

တအာင်းပြည်၊ တပ်မဟာ (၃)နယ်မြေ၊ နောင်ချိုမြို့နယ်ရှိ နောင်လင်၊ လုံစံ၊ အုမ္မခါး၊ နောင်ဖာကျေးရွာတို့တွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် TNLAတို့ ဆက်လက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲဖြစ်ပွားနေချိန် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံး (၄၇)လုံးနှင့် လက်နက်ကြီး (၁၇၂)လုံးနှင့် ဒရုန်းဖြင့် ဗုံး (၃၁)လုံးတို့ကို ပစ်ကူတိုက်ခိုက်ခဲ့ပါသည်။

 

ဖြစ်စဥ်တွင် ယမန်နေ့၌ နောင်လင်ကျေးရွာတွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် TNLAတို့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေချိန်အတွင်း စစ်ကောင်စီတပ်မှ လက်နက်ကြီး (၁၁၄)လုံးနှင့် ဒရုန်းဖြင့် (၁၉)လုံး ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ 

 

အလားတူ လုံစံကျေးရွာဘက်ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်းလည်း စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံး (၂၃)လုံး၊ လက်နက်ကြီးဖြင့်ဗုံး (၂၅)လုံးနှင့် ဒရုန်းဖြင့် ဗုံး (၆)လုံး လာရောက်ကြဲချခဲ့ပါသည်။ 

 

ထိုအပြင် အုမ္မခါးနှင့် နောင်ဖာကျေးရွာဘက်လည်း စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံး (၂၄)လုံးနှင့် လက်နက်ကြီး (၃၃)လုံး လာရောက်ကြဲချတိုက်ခဲ့ပါသည်။ ၎င်းနောက်တွင် စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ရွှေသွန်းကျေးရွာတွင်လည်း ဒရုန်းဖြင့် (၆)လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ပါသည်။

 

ပြီးခဲ့သည့် ဇွန်လ(၂၉)ရက်နေ့လည်း နောင်ချိုမြို့နယ်ရှိ အုမ္မခါး၊ လုံစံ၊ နားမုံ၊ ကျောက်တော၊ မျက်ချီးနု၊ နောင်လင်နှင့် အုမ္မခါးနှင့် နောင်ဖာ‌ကျေးရွာကြားတွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် TNLAတို့ ဆက်လက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲဖြစ်ပွားနေချိန် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံး (၁၅၉)လုံးနှင့် လက်နက်ကြီး (၁၃၉)လုံးနှင့် ဒရုန်းဖြင့် ဗုံး (၃၉)လုံးတို့ကို ပစ်ကူတိုက်ခိုက်ခဲ့ပါသည်။

 

ညီနောင်မဟာမိတ်(၃)ဖွဲ့မှ ငလျင်ဒဏ်သင့်ပြည်သူများနှင့် လူသားချင်းစာနာထောက်ထားရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် တိုက်ပွဲဖြစ်ပွားလျက်ရှိသောနေရာများတွင် ထိုးစစ်ဆင်များပြုလုပ်မည်မဟုတ်ဘဲ တစ်ဖက်သတ်အပစ်ရပ်ကာလအား နောက်ထပ်(၁)လသက်တမ်းထပ်တိုးထားနေစဉ် စစ်ကောင်စီတပ်မှ အခွင့်ကောင်းယူပြီး အဆက်မပြတ်ထိုးစစ်ဆင်နေသောကြောင့် နောင်ချိုမြို့နယ်တွင် တိုက်ပွဲများမကြာခဏ ဖြစ်ပွားလျှက်ရှိသည်။

 

ထိုကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုများရှောင်ရှားနိုင်ရန် စစ်ရေးသတိအမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှကာကွယ်နိုင်ရန် လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းများ လိုက်နာဆောင်ရွက်ရန်လိုအပ်ပါသည်။

 

#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

Topics: နောင်ချိုမြို့နယ်ရှိ ကျေးရွာ (၄)ရွာတွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် TNLAတို့ ဆက်လက်တိုက်ပွဲဖြစ်ပွား
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည် တအာင်းသတင်း ညီနောင်မဟာမိတ်သုံးဖွဲ့ တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်