102

နမ္မတူမြို့ခံ လူထုကို PSLF/TNLA ဗိုလ်ချုပ်တားဘုန်းကျော် သွားရောက်တွေ့ဆုံဆွေးနွေး

သတင်း / နိုင်ငံရေး
18 March 2024

နမ္မတူမြို့ခံ လူထုကို PSLF/TNLA  ဗိုလ်ချုပ်တားဘုန်းကျော် သွားရောက်တွေ့ဆုံဆွေးနွေး


နမ္မတူ ၊ မတ်လ ၁၈ ရက်


တအာင်းပြည်နယ်၊ တပ်မဟာ(၄)စစ်ဒေသ၊ နမ္မတူမြို့က ဒေသခံလူထုတွေကို တအာင်းတပ်မတော် PSLF/TNLA၏ အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ် တားဘုန်းကျော်က ယနေ့ မတ်လ (၁၈)ရက်နေ့ နံနက်ပိုင်း၌ သွားရောက်တွေ့ဆုံခဲ့သည်။ 


လူထုတွေ့ဆုံပွဲကို နမ္မတူမြို့ ပန်ဟိုက်ရပ်ကွက်၊ပြည်ထောင်စုခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပြီး PSLF/TNLA၏ အထွေထွေ အတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော်အပြင် အုပ်ချုပ်ရေးဌာနမှ ဌာနမူး ဗိုလ်မှူးချုပ် တားဂူးဂျား၊ အုပ်ချုပ်ရေး ဒု-ဌာနမှုူး ဒု-ဗိုလ်မှူးကြီး တားအိုက်ကျော်နှင့် ဒေသတွင်း စစ်ဘက်ရေးရာမှ တာဝန်ရှိသူများနှင့် နမ္မတူမြို့နယ် အုပ်ချုပ်ရေးတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ 






လူထုတွေဆုံပွဲတွင် ဗိုလ်ချုပ်တားဘုန်းကျော်က ညီနောင်မဟာမိတ်(၃)ဖွဲ့ ဆင်နွဲခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးအကြောင်းအရာများ ရှင်းလင်းပြောကြားခြင်း၊ PSLF/TNLA၏ ပေါ်လစီ မူဝါဒလမ်းစဥ်များ ရှင်းလင်းပြောကြားခြင်း၊ နမ္မတူမြို့နယ်အတွင်း ရှေ့ဆက် ဆောင်ရွက်သွားမည့် ပညာ‌ရေး၊ ကျန်းမာရေး လုပ်ငန်းစဥ်များ၊ ဒေသဖွံ့ဖြိုးတိုးတတ်ရေးလုပ်ငန်းစဥ်များ၊ လမ်းပန်းဆက်သွယ်ရေးအခြေအနေများနှင့် ဒေသခံလူထုအတွက် အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးနိုင်ရေးတို့ကို ရှင်းလင်းပြောကြားခဲ့သည်။ 


တအာင်းတပ်မတော် PSLF/TNLA အပြည့်အဝထိန်းချုပ်ထားသည့် နမ္မတူမြို့အပါအဝင် မန်တုံနှင့် နမ့်ဆန်မြို့တို့ကို စစ်ကောင်စီတပ်က ပြီးခဲ့သည့် မတ်လ(၄)ရက်နေ့က စစ်အုပ်ချုပ်ရေးကြေညာခဲ့ရာ ဒေသခံလူထုအကြား စိုးရိမ်ထိတ်လန့်မှုအခြေအနေများ ရှိခဲ့သည်။ 







ထို့ကြောင့် ဗိုလ်ချုပ်တားဘုန်းကျော်မှ စစ်ကောင်စီတပ်၏ စစ်အုပ်ချုပ်ရေးအမိန့်နှင့်စပ်လျဥ်း၍ ဖြစ်နိုင်ဖွယ်ရာအခြေအနေများကို အသေးစိပ် ရှင်းလင်းပြောကြားကာ စစ်ကောင်စီတပ်၏ အရပ်သားလူထုအပေါ် ပြုကျင့်လေ့ရှိသည့် စစ်ရာဇဝတ်မှုများကို ပြည်သူများအနေဖြင့် အမြဲတစေ ဂရုပြုရန်လိုအပ်ကြောင်း တိုက်တွန်း ပြောကြားခဲ့သည်။ 


ယင်းနောက် PSLF/TNLA၏ အုပ်ချုပ်ရေးဌာနမူး ဗိုလ်မှူးချုပ်တားဂူးဂျားက နမ္မတူမြို့နယ်အတွင်း PSLF/TNLA၏ အုပ်ချုပ်ရေးယန္တရားများနှင့် ပြန်လည်ထူထောင်ရေးအစီအစဥ်များကို ရှင်းလင်းပြောကြားခဲ့သည်။ 


လူထုတွေ့ဆုံပွဲသို့ တက်ရောက်လာကြသည့် ဒေသခံ တိုင်းရင်းသား ရိုးရာယဥ်ကျေးမှုကိုယ်စားများနှင့် ဒေသခံ အရပ်သားလူထုများက နမ္မတူမြို့နယ်အတွင်း လိုအပ်လျက်ရှိသည့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ၊ လူထုအကျိုးပြုလုပ်ငန်းများ၊ ပရဟိတဆိုင်ရာလုပ်ငန်းများနှင့် သိရှိလိုသည်များကို မေးမြန်း၊ အကြံပြု ဆွေးနွေးခဲ့ရာ ဗိုလ်ချုပ်တားဘုန်းကျော်နှင့် ဗိုလ်မှူးချုပ် တားဂူးဂျားတို့မှ အသေးစိပ် ပြန်လည် ရှင်းလင်းဖြေကြား ပေးခဲ့သည်။ 







နမ္မတူမြို့တွင် ပြုလုပ်သည့် လူထုတွေ့ဆုံပွဲသို့ ဒေသခံ ရှမ်း၊ ကချင်၊ ချင်း၊ ကရင်၊ ဗမာ လီဆူ၊ ဂေါ်ရခါး၊ တရုတ်နှင့် တအာင်း အစရှိသည့် လူမျိုးများနှင့် ဒေသတွင်း လူမှုကူညီရေးအသင်းအဖွဲ့ များ စုစုပေါင်း လူဦးရေ(၃၀၀)ခန့် တက်ရောက်ခဲ့သည်။ 


#PSLF/TNLA

#သတင်းနှင့် ပြန်ကြားရေးဌာန

Topics: တအာင်းပြည်နယ်၊ တပ်မဟာ(၄)စစ်ဒေသ၊ နမ္မတူမြို့က ဒေသခံလူထုတွေကို တအာင်းတပ်မတော် PSLF/TNLA၏ အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ် တားဘုန်းကျော်က ယနေ့ မတ်လ (၁၈)ရက်နေ့ နံနက်ပိုင်း၌ သွားရောက်တွေ့ဆုံခဲ့သည်။
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းပြည်အစိုးရ

မှတ်ချက်များ
သင်၏ ထင်မြင်ချက်