35

“Operation 1027” ၁၀၂၇ စစ်ဆင်ရေး (၈၉) ရက်မြောက်နေ့တိုက်ပွဲသတင်းများ

သတင်း
24 January 2024

“Operation 1027” ၁၀၂၇ စစ်ဆင်ရေး (၈၉) ရက်မြောက်နေ့တိုက်ပွဲသတင်းများ


၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၂၃) ရက်နေ့၊ ည (၁၁:၁၅) အချိန်တွင် ထုတ်ပြန်သည်။


ရှမ်းမြောက်ဒေသမှ စတင်ခဲ့သည့် ညီနောင်မဟာမိတ် (၃) ဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးကြီးသည် သုံးလပြည့်ခါနီးပြီဖြစ်သကဲ့သို့ လက်ရှိမှာ အခြေအနေအရ အရွေ့ပုံစံဖြင့် ဆက်လက်ချီတက်နေဆဲဖြစ်သည်။ စစ်ကောင်စီကင်းစင်သွားပြီဖြစ်သည့် ကိုးကန့်ဒေသတွင် မိမိတို့ အုပ်ချုပ်စီမံရေးယန္တရားဖြင့် လည်ပတ်သက်ဝင်စေရန်အတွက် စတင်ဆောင်ရွက်လျက်ရှိနေသည်။


တအာင်းဒေသအတွင်း စစ်ကောင်စီ၏ လက်နက်ကြီး၊ လေကြောင်းပစ်ခတ်တိုက်ခိုက်မှုများမှာ ဆက်လက်ရှိနေခဲ့ကာ အရပ်သားပြည်သူထိခိုက်သေဆုံးမှုများမှာလည်း ဆက်ရှိနေခဲ့သည်။ 


ထို့အပြင် ရက္ခိုင်ဒေသ၌ မြို့နယ်အချို့တွင် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်တို့ကြား နှစ်ဖက်ရင်ဆိုင်တိုက်ပွဲများ ပြင်းထန်လျက်ရှိသည်။ ရက္ခိုင်ဒေသတွင်း စစ်ပန်း၍ စစ်ရေးမယှဉ်နိုင်သည့် စစ်ကောင်စီဖက်မှ ရေကြောင်း၊ လေကြောင်းဖြင့် ရက်ဆက်အင်အားဖြည့်တင်းခြင်းတို့ကို မပြတ်လုပ်ဆောင်နေသည့်အတွက် စစ်ဘောင်ကျယ်ပြန့်လာမည့်အသွင် ရှိနေသည်။ 


အလားတူပင် မိတ်ဖက်အဖွဲ့များနှင့် ရက္ခိုင့်တပ်တော်၏ ပူးတွဲစစ်ရေးလှုပ်ရှားရာ စစ်ကိုင်းတိုင်း အပါအဝင် တခြားဒေသအချို့တွင်လည်း စစ်ကောင်စီနှင့် ထိတွေ့တိုက်ပွဲများ ရှိနေခဲ့သည်။ 


(၁) ယနေ့တွင်လည်း ရက္ခိုင်ပြည်၊ ပေါက်တော၊ မင်းပြား၊ ကျောက်တော်နှင့် ရသေ့တောင်မြို့နယ်များ၌ ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတို့ကြား နှစ်ဖက်ရင်ဆိုင်တိုက်ပွဲအချို့ရှိခဲ့သည်။ မင်းပြားမြို့ပေါ်သို့ ရန်သူ့နေဗီသင်္ဘောများမှ အင်အားဖြည့်တင်းလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ရက္ခိုင့်တပ်တော်မှ ချေမှုန်းနိုင်ခဲ့သည်။ 


(၂) ရက္ခိုင်ပြည်၊ မြောက်ဦးအခြေစိုက် စစ်ကောင်စီလက်အောက်ခံ “ခမရ (၃၇၇) တပ်ရင်း” မှ ယနေ့၊ ည (၇) နာရီ (၃၀) မိနစ်အချိန်ခန့်က အရပ်သားပြည်သူများနေထိုင်ရာ မြောက်ဦးမြို့ပေါ်ရပ်ကွက်များသို့ လက်နက်ကြီးများဖြင့် တမင်တကာ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ အဆိုပါလက်နက်ကြီးကျည်အချို့မှာ အောင်မင်္ဂလာရပ်ကွက်အတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့သဖြင့် နာရီဝက်ခန့်နီးပါး မီးလောင်ခဲ့ရကာ လူနေအိမ် (၆) လုံးမှာ ပြာကျပျက်စီးခဲ့ရသည်။


တစ်ဆက်တည်းမှာပင် ရမ်းဗြဲနှင့် အမ်းမြို့နယ်များတွင်လည်း စစ်ကောင်စီ၏ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ ရှိနေခဲ့သည်။ 



(၃) ရက္ခိုင်ပြည်၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ တောင်ကုတ်နှင့် မြေပုံမြို့နယ်များတွင်လည်း စစ်ကောင်စီဖက်မှ စစ်ရေးပြင်ဆင်မှုများနှင့် စစ်အင်အားတိုးချဲ့နေရာချထားမှုများအား ဆက်တိုက်လုပ်ဆောင်လာနေသည်ကို တွေ့ရသည်။ 


(၄) စစ်ရှိန်မြင့်တက်နေသည့် ရက္ခိုင်ဒေသအပါအဝင် ရှမ်းမြောက်နှင့် ထိစပ်နေသည့် နေရာအချို့တွင် စစ်ကောင်စီသည် ဆက်သွယ်ရေးဆိုင်ရာ သတင်းအချက်အလက်များ ဖြတ်တောက်ထားသည့်အတွက် အရပ်သားပြည်သူများအပေါ် စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှုများမှာ ပိုမိုမြင့်တက်လာနိုင်ဖွယ်ရှိသည်။


နောက်ဆက်တွဲတိုက်ပွဲသတင်းများအနေဖြင့်


(၅) ပလက်ဝဒေသတွင်းရှိ စစ်ကောင်စီစခန်းများအား ရက္ခိုင့်တပ်တော် (AA) မှ ချေမှုန်းသုတ်သင်ခဲ့စဉ် အိန္ဒိယနယ်စပ်သို့ ထွက်ပြေးလွတ်မြောက်သွားကြသည့် ရန်သူ့တပ်ဖွဲ့ဝင်အချို့အားလည်း စစ်ကောင်စီမှ ရက္ခိုင်ဒေသတွင်းရှိ စစ်မျက်နှာစာအသီးသီးတွင် နေရာချထားရန် စစ်ရေးပြင်ဆင်လျက်ရှိနေသည်။ 


ယခင်အင်အား (၄၀၀) ကျော်ခန့်သည်လည်း လက်ရှိရက္ခိုင်စစ်မျက်နှာပြင်အနှံ့တွင် ရက္ခိုင့်တပ်တော်နှင့် ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိနေပြီးဖြစ်သည်။


မိမိတို့၏စစ်ဆင်ရေးနှင့် နောက်ဆက်တွဲသတင်းများအား ဆက်လက်ဖော်ပြပေးသွားပါမည်။ 


ညီနောင်မဟာမိတ် (၃) ဖွဲ့

MNDAA + TNLA + AA


#operation1027


Topics: “Operation 1027” ၁၀၂၇ စစ်ဆင်ရေး (၈၉) ရက်မြောက်နေ့တိုက်ပွဲသတင်းများ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းသတင်း

မှတ်ချက်များ
သင်၏ ထင်မြင်ချက်