34

“Operation 1027” ၁၀၂၇ စစ်ဆင်ရေး (၇၃) ရက်မြောက်နေ့တိုက်ပွဲသတင်းများ

သတင်း
23 January 2024

“Operation 1027” ၁၀၂၇ စစ်ဆင်ရေး (၇၃) ရက်မြောက်နေ့တိုက်ပွဲသတင်းများ


၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၇) ရက်နေ့၊ ည (၁၁:၅၀) အချိန်တွင် ထုတ်ပြန်သည်။


မိမိတို့ ညီနောင်မဟာမိတ် (၃) ဖွဲ့၏ စစ်ရေးရည်မှန်းချက်များကို တစ်ဆင့်ချင်း အကောင်အထည်ဖော်ဆောင်ရွက်လာခဲ့ သော ၁၀၂၇ စစ်ဆင်ရေးသည် စတင်သည့်အချိန်မှ ယနေ့အထိ တစ်ရက်မျှ ရပ်နားခြင်းမရှိဘဲ ဆက်လက်ရွေ့လျားလျက် ရှိသည်။ စစ်ရေးရည်မှန်းချက်ပြည့်မှသာ နိုင်ငံရေးရည်မှန်းချက်များကို အထောက်အကူပြုစေနိုင်မည်ဖြစ်သည်ကိုလည်း ၁၀၂၇ စစ်ဆင်ရေးက ကောင်းစွာသင်ခန်းစာပေးခဲ့ပြီဖြစ်သည်။


၂၀၂၄ နှစ်ဆန်းအစောပိုင်း ရက်သတ္တတစ်ပတ်အတွင်း မိမိတို့၏ စစ်ဆင်ရေးနှင့် ပြည်သူလူထုကို အနှောင့်အယှက်ပေး နေပြီး စစ်ရေးအရ မဖြစ်မနေရယူသိမ်းပိုက်ရမည့် မြို့ကြီးအချို့ အပါအဝင် ရန်သူ့စခန်းကြီးများကိုလည်း သိမ်းပိုက်ရယူနိုင်ခဲ့ပြီဖြစ်သည်။ တစ်ဝက်တစ်ပျက်သိမ်းပိုက်ရန် ကျန်နေသေးသည့် စစ်ဆင်ရေးပစ်မှတ်များနှင့် လက်နက်ချအညံ့မခံသေးသော ရန်သူ့အကြွင်းအကျန်တချို့အားလည်း ဆက်လက်ရှင်းလင်းသွားမည်ဖြစ်သည်။ မိမိတို့ ထုတ်ပြန်ထားပြီးဖြစ်သည့်အတိုင်း အသာတကြည် လက်နက်ချအညံ့ခံသူများသည် ပြည်သူ့သူရဲကောင်းများအဖြစ် စစ်အာဏာရှင်ဖြုတ်ချရေးသမိုင်းတွင် ပြည်သူလူထုတစ်ရပ်လုံးမှ အသိအမှတ်ပြုနေမည်ဖြစ်သည်။ 


ယနေ့တွင်လည်း ရန်သူ၏ တစ်ဝက်တစ်ပျက်ကျန်ရှိနေသေးသည့် ဗျူဟာကုန်းကြီးများနှင့် စခန်းကြီးများအား အပြီးသတ် သိမ်းပိုက်နိုင်ရေးအတွက် စစ်ကောင်စီနှင့် မိမိတို့ကြား ထိတွေ့တိုက်ပွဲအချို့ရှိနေခဲ့သည်။ စစ်ကောင်စီ၏ စဉ်ဆက်မပြတ် သော လူ့အခွင့်အရေးချိုးဖောက်မှုလုပ်နည်းလုပ်ဟန်အတိုင်း စစ်ရေးနှင့် ပတ်သက်ဆက်နွယ်ခြင်းမရှိသည့် အရပ်သား ပြည်သူများအား ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်မှုများနှင့် မတရားဖမ်းဆီးမှုများလည်း ဆက်လက်ရှိနေခဲ့ပြန်သည်။


(၁) မိမိတို့၏ စစ်ဆင်ရေး (၇၃) ရက်မြောက်နေ့၌ ရှမ်းမြောက်ဒေသရှိ စစ်ကောင်စီ၏ သိန္နီအခြေစိုက် “စကခ (၁၆) နောက်တန်းဌာနချုပ်” အား ယနေ့၊ နံနက် (၁၀) နာရီအချိန်ခန့်တွင်လည်းကောင်း၊ “ကွတ်ခိုင်ဗျူဟာကုန်း” အား ယနေ့၊ ည (၁၁) နာရီဝန်းကျင်တွင်လည်းကောင်း အပြီးသတ်ချေမှုန်းသိမ်းပိုက်နိုင်ခဲ့ပြီဖြစ်သည်။ (စခန်းကုန်းသိမ်းတိုက်ပွဲများ၏ နောက်ဆက်တွဲအခြေအနေများအား ဆက်လက်ဖော်ပြပေးသွားပါမည်။)


(၂) တအာင်းတပ်မတော် (TNLA) နှင့် စစ်ကောင်စီကြား မိုးမိတ်မြို့နယ်နှင့် ကွတ်ခိုင်မြို့နယ်တို့ရှိ ထိတွေ့တိုက်ပွဲများမှာ ယနေ့တွင်လည်း ဆက်လက်ရှိနေခဲ့သည်။ ထို့အပြင် နောင်ချိုမြို့နယ်၊ ကျောက်မဲလေး‌ ကျေးရွာတွင်လည်း တအာင်း တပ်မတော် (TNLA) နှင့် ပူးပေါင်းတပ်ဖွဲ့သည် ယမန်နေ့ကဲ့သို့ စစ်ကောင်စီနှင့် နှစ်ဘက်ရင်ဆိုင်တိုက်ပွဲများ ပြင်းထန်နေဆဲ ဖြစ်သည်။


တိုက်ပွဲအပြင်းအထန်ဖြစ်ပွားလျက်ရှိသည့် ကျောက်မဲလေးကျေးရွာသို့ စစ်ကောင်စီဘက်မှ Mi-35 ရဟတ်ယာဉ်ဖြင့် (၅) ကြိမ်၊ ဂျက်ဖိုက်တာဖြင့် (၆) ကြိမ်တိုင် လာရောက်ပြီး ဖျက်အားပြင်းပေါင် (၅၀၀) ဗုံး (၂) လုံး ဖြင့် ပစ်ချတိုက်ခိုက်ခဲ့သဖြင့် လူနေအိမ် (၃) လုံးမှာ မီးလောင်ပျက်စီးခဲ့ရသည်။ 


(၃) ယနေ့တစ်ရက်တည်းတွင် စစ်ကောင်စီဘက်မှ ဟိုကျန်၊ ပန်ကူ၊ ပန်ဆေး၊ လွယ်ဆိုင်နှင့် လွယ်အွန်း‌ကျေးရွာများသို့ Y12 လေယာဉ်ဖြင့် (၉) ကြိမ်လာရောက်ကာ ဗုံးအလုံးပေါင်း (၅၉) လုံးတိုင် ပစ်ချတိုက်ခိုက်ခဲ့မှုကြောင့် ဘုန်းကြီးကျောင်း (၁) ကျောင်း၊ သီလရှင်ကျောင်း (၁) ကျောင်း အပါအဝင် လူနေအိမ် (၂) လုံး ပျက်စီးဆုံးရှုံးခဲ့ရသည်။ ထို့အပြင် နေ့လည် (၂) နာရီ (၃၅) မိနစ်အချိန်ခန့်ကလည်း စစ်ကောင်စီ၏ ဂျက်ဖိုက်တာသည် နမ့်ဆန်မြို့နယ်၊ မြို့သစ်ကျေးရွာအတွင်းသို့ (၂) ကြိမ် လာရောက်ကာ ဗုံး (၅) လုံး ကြဲချတိုက်ခိုက်ခဲ့၍ ကျောင်းဆရာမ (၁) ဦးနှင့် အရပ်သားပြည်သူ (၅) ဦးတို့ သေဆုံးခဲ့ရပြီး ဒေသခံ (၆) ဦးတို့မှာလည်း ဒဏ်ရာအပြင်းအထန်ရရှိခဲ့သည်။ ကျေးရွာအတွင်းရှိ လူနေအိမ် (၇) လုံးသည်လည်း လက်နက်ကြီးကျည် ထိမှန်ပျက်စီးခဲ့ရသည်။ 


အလားတူပင် မိုးမိတ်မြို့နယ်ရှိ စစ်ကောင်စီတပ်မှ ကျန်ကန်ကျေးရွာနှင့် အထက်ညောင်ကုန်းကျေးရွာသို့ လက်နက်ကြီး ဖြင့် (၃၄) ကြိမ် အပြင် လားရှိုးမြို့နယ်ရှိ စစ်ကောင်စီ “(၆၈) ဂိတ်စခန်း” မှ ဟိုလောင်ကျေးရွာနှင့် ပန်ဖတ်‌ကျေးရွာ အနီးတစ်ဝိုက်သို့လည်း လက်နက်ကြီးဖြင့် အကြိမ်ပေါင်း (၅၀) တိုင်အောင် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ 


(၄) ပလက်ဝမြို့ရှိ စစ်ကောင်စီ၏ ဗျူဟာကုန်းကြီးနှင့် တပ်မများအား အပြီးသတ်သိမ်းပိုက်နိုင်ရေးအတွက်လည်း ရက္ခိုင့်တပ်တော် (AA) မှ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည့်အတွက် ယနေ့တွင်လည်း ရန်သူသည် လေကြောင်းပစ်ကူနှင့် ဗျူဟာကုန်းများမှ လက်နက်ကြီးပစ်ကူများဖြင့် အပြင်းအထန်ခုခံကာကွယ်နေရဆဲဖြစ်သည်။ ရန်သူသည် မီးဝဗျူဟာကုန်းအခြေစိုက်ရာ မီးဝကျေးရွာအနီးသို့ လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်မှုများ အဆက်မပြတ်ပြုလုပ်ခဲ့သည်။

(၅) စစ်ကောင်စီ၏ ရက္ခိုင်ပြည်၊ မြောက်ဦးမြို့အခြေစိုက် “ခမရ (၃၇၇) တပ်ရင်း” မှ ယနေ့၊ ညနေ (၄) နာရီ (၃၀) မိနစ် ဝန်းကျင်တွင် မြောက်ဦးမြို့နှင့် အနီးတစ်ဝိုက်ကျေးရွာများသို့ လက်နက်ကြီးများဖြင့် တမင်တကာ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်ခဲ့သည်။  ထိုသို့ စစ်ကောင်စီတပ်မှ အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်မှုအတွင်း မြောက်ဦးမြို့နယ်၊ ပုရိမ် ကျေးရွာသို့ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့ရာမှ အသက် (၁၄) နှစ်အရွယ် မွတ်ဆလင်ယောကျာ်းလေး (၁) ဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့သည်။


ထို့အပြင် ညနေ (၈) နာရီ (၃၀) မိနစ်ဝန်းကျင်၌လည်း စစ်ကောင်စီ၏ မြောက်ဦးအခြေစိုက် “အမှတ် (၃၁) ရဲတပ်ရင်း” မှလည်း ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့သည့် လက်နက်ကြီးကျည် (၅) လုံးအနက် (၁) လုံးမှာ မြောက်ဦးမြို့နယ်၊ ချောင်းသစ် ကျေးရွာသို့ ကျရောက်ပေါက်ကွဲခဲ့သဖြင့် အသက် (၅၀) နှင့်အထက် ဒေသခံဇနီးမောင်နှံ (၂) ဦးတို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ရပြန်သည်။ 


(၆) ယနေ့၊ နံနက် (၅) နာရီကျော်အချိန်ခန့်က အင်အား (၁၀၀) ကျော်ခန့်ရှိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ၎င်းလက်အောက်ခံလက်ကိုင်တုတ်အဖွဲ့ဝင်များမှ ရက္ခိုင်ပြည်၊ စစ်တွေမြို့၊ ဗျိုင်းဖြူကျေးရွာနှင့် သုံးဆောင်ကျေးရွာများသို့ လက်နက်အပြည့်အစုံဖြင့် ဝရုန်းသုန်းကား ဝင်ရောက်လာကာ အရပ်သားပြည်သူ (၄၀) ကျော်အား အင်အားသုံး အဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ တစ်ဆက်တည်းမှာပင် စစ်တွေမြို့၊ ကိုးရီးယားဆိပ်ကမ်းတွင် ကုန်တင်ကုန်ချလုပ်ကိုင်နေကြသည့် အရပ်သားပြည်သူများနှင့် ဒေသခံခရီးသွား (၂၀) နီးပါးအား ဗိုလ်ကျနိုင်ထက်စီးနင်းပြုကာ ထပ်မံဖမ်းဆီးခဲ့ပြန်သည်။ 


(၇) ယမန်နေ့၊ နံနက် (၉) နာရီအချိန်ခန့်က ရက္ခိုင်ပြည်၊ အမ်းမြို့နယ်၊ (၃) မိုင်ကုန်းအနီးရှိ စပ်စိ (ကျောက်ကွင်း) ၌ စစ်ကောင်စီအခြေချထားသည့် တပ်စခန်းမှ အမ်းမြို့၊ မဲရွာမှ အသက် (၁၂) နှစ်အရွယ် ‌ယောကျာ်းလေး (၁) ဦး အပါအဝင် အပြစ်မဲ့ဒေသခံအမျိုးသား (၁၀) ဦးအား ဖမ်ဆီးခေါ်ယူသွားခဲ့သည်။ 


(၈) ရက္ခိုင်ပြည်၊ ရမ်းဗြဲမြို့ပေါ်တွင်လည်း စစ်ကောင်စီမှ ယမန်နေ့က လက်နက်ခဲယမ်းနှင့် ရိက္ခာလာရောက်ဖြည့်တင်းခဲ့ပြီးနောက် ယ‌နေ့၊ ညနေ (၆) နာရီဝန်းကျင်၌ ရက္ခိုင့်တပ်တော် (AA) နှင့် ထိတွေ့တိုက်ပွဲအချို့ဖြစ်ပွားခဲ့သည်။


(၉) တော်လှန်ရေးအင်အားစုများ သိမ်းယူထိန်းချုပ်ထားသည့် စစ်ကိုင်းတိုင်း၊ ခါမ်းပတ်မြို့၊ ကနန်ကျေးရွာအား စစ်ကောင်စီဘက်မှ ဂျက်ဖိုက်တာဖြင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့်လည်း အသက်မပြည့်သေးသည့် (၃) နှစ်အရွယ် ကလေးငယ် (၃) ဦး အပါအဝင် ဒေသခံ (၁၁) ဦး သေဆုံးခဲ့ရသည်။


နှစ်ဆန်းအစောပိုင်းမှစ၍ စစ်ဘောင်ကျယ်လာသည်နှင့်အမျှ စစ်မျက်နှာစာအသီးသီး၌ ပြန်လည်ထိုးစစ်ဆင်နိုင်စွမ်း တစ်စစအားနည်းလာသည့် စစ်ကောင်စီအဖို့ မြေပြင်ထောက်ပို့များကိုလည်း ဖြည့်တင်းနိုင်ခြင်းမရှိတော့သည့်အပြင် လက်ရှိအချိန်တွင် လက်နက်အင်အားနှင့် စစ်သည်အင်အားပါ ပိုမိုပြုန်းတီးလာလျက်ရှိသည်။ စစ်ကောင်စီ၏ ရှုံးမဲမဲကာ တစ်ဘက်သတ်ဆန်သော လက်နက်ကြီးနှင့် လေကြောင်းပစ်ခတ်တိုက်ခိုက်သည့် စစ်ရာဇဝတ်ကျူးလွန်မှုများကြောင့် နိုင်ငံတစ်ဝှမ်းရှိ အပြစ်မဲ့ အရပ်သားပြည်သူများ ထိခိုက်သေဆုံးရသည့် အရေအတွက်မှာ ပိုမိုများပြားလာနေသည်။ 


ထို့အပြင် ရက္ခိုင်ဒေသတွင်း၌ စစ်ကောင်စီ၏ အများပြည်သူသွားလာရာနေရာများတွင်လည်း ရည်ရွယ်ချက်ရှိရှိ မိုင်းထောင်ခြင်းများကြောင့် ယခုရက်ပိုင်းတွင်း စစ်လက်နက်ပစ္စည်းပေါက်ကွဲမှုကြောင့် သေဆုံး၊ ထိခိုက်ဒဏ်ရာရမှုဖြစ်စဉ်များမှာ တစ်ရက်ထက်တစ်ရက် ပိုမိုမြင့်တက်လျက်ရှိနေသည်။ 


မိမိတို့၏ စစ်ဆင်ရေးနှင့် ယခင်ရက်များ၏ နောက်ဆက်တွဲသတင်းများအား ဆက်လက်ဖော်ပြ‌ပေးသွားပါမည်။


ညီနောင်မဟာမိတ် (၃) ဖွဲ့

MNDAA + TNLA + AA


#operation1027


Topics: “Operation 1027” ၁၀၂၇ စစ်ဆင်ရေး (၇၃) ရက်မြောက်နေ့တိုက်ပွဲသတင်းများ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းသတင်း

မှတ်ချက်များ
သင်၏ ထင်မြင်ချက်