33

“Operation 1027” ၁၀၂၇ စစ်ဆင်ရေး (၇၂) ရက်မြောက်နေ့တိုက်ပွဲသတင်းများ

သတင်း / တအာင်းနိုင်ငံရေး
23 January 2024

“Operation 1027” ၁၀၂၇ စစ်ဆင်ရေး (၇၂) ရက်မြောက်နေ့တိုက်ပွဲသတင်းများ


၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၆) ရက်နေ့၊ ည (၁၂:၀၀) အချိန်တွင် ထုတ်ပြန်သည်။


၁၀၂၇ စစ်ဆင်ရေးတစ်လျှောက်တွင် အသာတကြည် လက်နက်ချအညံ့ခံလာသူ “ရန်သူ့တပ်ဖွဲ့ဝင်များ” အား ၎င်းတို့၏ စိတ်ဆန္ဒအတိုင်း အကောင်းဆုံးဖြည့်ဆည်းဆောင်ရွက်ပေးလာခဲ့သည်မှာလည်း အစောပိုင်းကာလများမှ လက်နက်ချ အညံ့ခံခဲ့၍ အသက်ချမ်းသာရာရရှိသွားကြသောသူများ အားလုံးအသိပင်ဖြစ်သည်။ လက်ရှိအချိန်တွင် ဤကဲ့သို့သော လက်နက်ချအညံ့ခံသောသူများအရေအတွက်မှာ (၃၀၀၀) မှ (၄၀၀၀) နီးပါးအထိရှိလာခဲ့ပြီဖြစ်သည်။ ထို့ကြောင့်---


“ စောစောလက်နက်ချလျှင် စောစောအသက်ဘေးမှ လွတ်မယ်"


" ပြည်သူ့ရင်ခွင် စောစောခိုလှုံလျှင် မိသားစု၊ ဆွေမျိုး၊ ညီအစ်ကိုမောင်နှမများနှင့် စောစော တွေ့ရလိမ့်မယ်"


" စောစော လက်နက်ချအညံ့ခံလျှင် မနက်ဖန်တွင် အသက်ရှင်ကျန်ရစ်သူဟာ သင်သာလျှင်ဖြစ်လိမ့်မယ်"


ဤသည်မှာ ၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်မှူး၊ တပ်သားအချင်းချင်းတို့အကြား အပြောအများဆုံး စကားဖြစ်သည်။ အမှန်တကယ်လည်းပဲ ဤအဖြစ်အပျက်များသည် ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း နေ့တိုင်းနီးပါး ဖြစ်ပျက်နေခဲ့သည့် ဖြစ်ရပ်မှန်များဖြစ်သည်။


ဇန်နဝါရီလ (၅) ရက်နေ့တွင် ဒကစ (လောက်ကိုင်) တစ်ခုလုံး တစ်ယောက်မကျန် လက်နက်ချအညံ့ခံခြင်းက မည်ရွေ့မည်မျှမှန်ကန်နေကြောင်း အနီးစပ်ဆုံးသက်သေဖြစ်သည်။ ခေါင်းဆောင်တစ်ယောက်သည် သူ၏ရဲဘော်များနှင့် ၎င်းတို့မိသားစုများအားလုံး၏ အသက်ကို တန်ဖိုးထားသောအားဖြင့် ဂုဏ်သိက္ခာ၊ မာန်မာနတို့ကိုခဝါချပြီး လက်နက်ချ အညံ့ခံခဲ့သော်လည်း သူ့လက်အောက်ငယ်သားများက သူရဲကောင်းတစ်ဦးအဖြစ် သတ်မှတ်ကြမည်မှာ အမှန်ဖြစ်သည်။


"အသက်ကိုဉာဏ်စောင့်" ဆိုသော်လည်း မိမိတို့ သတ်မှတ်ထားသော စစ်ဆင်ရေးပစ်မှတ်များရှိ စစ်ကောင်စီတပ်ဖွဲ့တိုင်း၏ အသက်သည် မိမိတို့၏ညီနောင်မဟာမိတ်များအပေါ်တွင် အဓိကမူတည်သည်ကို ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း အရေးနိမ့်ပြီး ထွက်ပြေးကြသူများနှင့် စစ်ရှုံးဒဏ်အရသာကို မြည်းစမ်းဖူးကြသောသူများမှ ကောင်းစွာသိရှိပြီး ဖြစ်သည်။


၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၆) ရက်၊ ညနေ (၉) နာရီခန့်အချိန်တွင် ရက္ခိုင်ပြည်၊ ကျောက်တော်မြို့နယ်ရှိ “တောင်ရှည်တောင် ဗျူဟာကုန်းကြီး” တစ်ခုလုံးမှ တစ်ယောက်မကျန် မိမိတို့ထံ လက်နက်ချအညံ့ခံခဲ့ပြီးဖြစ်သည်။ (ဤကိစ္စနှင့်ပတ်သက်၍ နောက်ဆက်တွဲ သတင်းများကို မနက်ဖန်၌ ဆက်လက်တင်ပေးသွားပါမည်)


တစ်ဆက်တည်းတွင် ရက္ခိုင်ဒေသအတွင်း ရက္ခိုင့်တပ်တော် (AA) မှ လက်ရှိထိုးစစ်ဆင်နေသော ဗျူဟာကုန်းများမှ ခေါင်းဆောင်များအနေဖြင့် မိမိတို့၏စေတနာကို နားလည်ပြီး စောလျင်စွာဆုံးဖြတ်ချက်ချ၍ လက်နက်ချအညံ့ခံရန် ထပ်မံသတိပေးလိုက်သည်။


တစ်ဝက်တစ်ပျက်ကျန်ရှိနေသေးသည့် မိမိတို့သတ်မှတ်ထားသော ဗျူဟာကုန်းများအားလုံးကို အပြီးသတ်သိမ်းပိုက် ရယူရေးအတွက် ဆက်လက်ကြိုးပမ်းနေရင်း စစ်ဆင်ရေးကြီး (၇၂) ရက်မြောက်ကို အကောင်းဆုံးအနေအထားဖြင့် ဖြတ်သန်းလျက်ရှိကြသည်။


(၁) ယနေ့တစ်ရက်တည်းတွင် ရှမ်းမြောက်ဒေသအတွင်း၌ ယခင်ရက်များနည်းတူ တအာင်းတပ်မတော် (TNLA) နှင့် စစ်ကောင်စီတို့ကြား နှစ်ဘက်တိုက်ပွဲများသည် ကွတ်ခိုင်မြို့နယ်အတွင်း ဆက်လက်ပြင်းထန်နေခဲ့သည်။ အလားတူပင် စစ်ကောင်စီ၏ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် “စကခ (၁၆)” အခြေစိုက်ရာ သိန္နီမြို့တွင်လည်း မိမိတို့ညီနောင် (၃) ဖွဲ့၏ ထိုးစစ်ဆင်မှုများကြား စစ်ကောင်စီဘက်မှ ၎င်းတို့စခန်းမကျရေးအတွက် အသည်းအသန်ခုခံကာကွယ်နေရဆဲဖြစ်သည်။


ထို့အပြင် တအာင်းတပ်မတော် (TNLA) နှင့် MDY PDF ပူးပေါင်းတပ်ဖွဲ့တို့သည်လည်း  နောင်ချိုမြို့နယ်၊ ကျောက်မဲလေး ကျေးရွာ၌ စစ်ကောင်စီနှင့် ထိတွေ့တိုက်ပွဲအချို့ ရှိခဲ့သည်။ အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ Mi-35 ရဟတ်ယာဉ် ဖြင့် (၂) ကြိမ်၊ ဂျက်ဖိုက်တာဖြင့် (၂) ကြိမ်နှင့် လွယ်ဆိုင်တောင်အနီးတစ်ဝိုက်သို့လည်း ဂျက်ဖိုက်တာဖြင့် (၄) ကြိမ် လာရောက်ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ 


(၂) လားရှိုးမြို့နယ်ရှိ စစ်ကောင်စီ၏ “(၆၈) ဂိတ်တပ်စခန်း” မှ ပန်ဖတ်ကျေးရွာအနီးတစ်ဝိုက်သို့ လက်နက်ကြီးဖြင့် (၁၅) ကြိမ်နှင့် နောင်ချိုမြို့နယ်ရှိ စစ်ကောင်စီတပ်မှလည်း သုံးဆယ်ကျေးရွာသို့ လက်နက်ကြီးဖြင့် (၄) ကြိမ် ပစ်ခတ် တိုက်ခိုက်ခဲ့သည်။ ထို့အပြင် နှစ်ဘက်ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီဘက်မှ နမ္မတူမြို့နယ်၊ ကုန်းဆာ ကျေးရွာ (သစ်) သို့ ယနေ့တစ်ရက်တည်းတွင် လေကြောင်းတိုက်ခိုက်မှုများ အကြိမ်ပေါင်းများစွာ လာရောက်ပြုလုပ်ခဲ့၍ ဒေသခံ (၁) ဦးနှင့် မိမိတို့ရဲဘော် (၁) ဦးတို့မှာ ထိမှန်ဒဏ်ရာရရှိခဲ့သည်။ အဆိုပါလေကြောင်းတိုက်ခိုက်မှုအတွင်း အရပ်သားနေအိမ် (၂၀) နီးပါးမှာ လက်နက်ကြီးကျည်ထိမှန်ခဲ့သောကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသည်။ 


(၃) ယနေ့၊ နေ့လယ် (၂) နာရီ (၃၀) မိနစ်အချိန်ခန့်တွင် ရက္ခိုင်ပြည်၊ ကျောက်တော်မြို့နယ်ရှိ အာထည့်တောင်ခြေရင်း၌ ဟင်းစားသွားရှာသည့် အသက် (၅၉) နှစ်အရွယ် ဒေသခံသက်ကြီးပိုင်းအမျိုးသမီး (၁) ဦးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထောင်ထားခဲ့သည့် မြေမြှပ်မိုင်းကို နင်းမိရာမှ ခြေထောက်နှစ်ဘက်လုံးနှင့် ဝမ်းဗိုက်တွင် ဒဏ်ရာအပြင်းအထန်ရရှိခဲ့ သည်။

(၄) ရက္ခိုင်ပြည်၊ ပေါက်တောမြို့တွင် စစ်ကောင်စီသည် ရေကြောင်းဖြင့် စစ်ကူအင်အားများ ထပ်မံဖြည့်တင်းလာသည့် အတွက် ရက္ခိုင့်တပ်တော် (AA) နှင့် နှစ်ဘက်ရင်ဆိုင်ထိတွေ့တိုက်ပွဲများမှာ ယနေ့တစ်နေ့လုံး ဆက်လက်ပြင်းထန်လျက် ရှိသည်။ 


(၅) စစ်ကောင်စီ၏ စစ်တွေအခြေစိုက် “အမှတ် (၁၂) ရဲတပ်ရင်း” နှင့် “ပါဒလိတ်တပ်ရင်း (၂၃၂)” တို့မှ ပေါက်တော၊ ပုဏ္ဏားကျွန်းနှင့် စစ်တွေမြို့နယ်များသို့ လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ သို့ဖြစ်၍ ယနေ့ တွင်လည်း ပေါက်တောမြို့နယ်၊ သဝင်ချောင်းကျေးရွာမှ အသက် (၆၅) အရွယ် ဒေသခံသက်ကြီးပိုင်းအမျိုးသား (၁) ဦး သေဆုံးခဲ့ရပြီး အသက် (၄၅) အရွယ် ဒေသခံအမျိုးသမီး (၁) ဦးမှာလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြန်သည်။


(၆) စစ်ကောင်စီ၏ ပလက်ဝမြို့တွင်းရှိ အဓိကနှင့် အမာခံစခန်းကုန်းကြီးများဖြစ်သည့် “စကခ (၁၉)” ၊  “တပ်မ (၁၁)” ရှေ့တန်းတပ်မဌာနချုပ် (၂) ခု အပါအဝင် ပလက်ဝ-ကျောက်‌‌တော်အစပ်ရှိ “မီးဝဗျူဟာကုန်း” များမှ ကျန်ရှိနေသေးသည့် စခန်းများအား အပြီးသတ်သိမ်းပိုက်နိုင်ရေးအတွက် ရက္ခိုင့်တပ်တော် (AA) မှ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။ ယနေ့ တစ်နေ့လုံးနီးပါး ရန်သူ၏ စခန်းကုန်းများမှလည်း ပလက်ဝမြို့နှင့် အနီးတစ်ဝိုက်သို့ လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်နေခဲ့သည်။ 


(၇) ယမန်နေ့၊ ညနေ (၅) နာရီဝန်းကျင်က ရက္ခိုင်ပြည်၊ စစ်တွေအခြေစိုက် “အမှတ် (၁၂) ရဲတပ်ရင်း” မှ လက်နက်ကြီးများ ဖြင့် အရပ်သားပြည်သူများနေထိုင်ရာ မြို့၊ ရပ်ရွာများသို့ တမင်တကာ ချိန်ရွယ်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ပေါက်တောမြို့ အနီးအနားကျေးရွာများ အပါအဝင် အမြင့်ကျွန်းတံတားနားသို့လည်း လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့ သည်။ အဆိုပါပစ်ခတ်တိုက်ခိုက်မှုအတွင်း ပေါက်တောမြို့နယ်၊ တောင်းဖူးကျေးရွာမှ ဒေသခံအမျိုးသမီး (၂) ဦး ထိခိုက် ဒဏ်ရာရခဲ့ကာ အမြင့်ကျွန်းတံတားထိပ်ရှိ ဂဏန်းဒိုင်စောင့်နေသည့် အရပ်သားအမျိုးသား (၁) ဦးတို့မှာ ထိမှန်သေဆုံးခဲ့ရ သည်။ 


(၈) ရက္ခိုင်ပြည်၊ ရမ်းဗြဲမြို့၊ ကျောက်ဖြူ၊ မာန်အောင်၊ ဂွနှင့် သံတွဲမြို့နယ်များတွင် မြေပြင်စစ်ကူအင်အား ထောက်ပို့ ပေးနိုင်စွမ်းမရှိနိုင်တော့သည့် စစ်ကောင်စီသည် ရေကြောင်းဖြင့် လက်နက်၊ စစ်ကူအင်အားများ ဖြည့်တင်းလျက်ရှိကာ ရေကြောင်းအင်အားကို ယခုရက်များအတွင်း ပေါ်ပေါ်ထင်ထင် ပိုမိုတိုးချဲ့လှုပ်ရှားလာနေသည်။ 


(၉) တစ်ဘက်တွင်လည်း ရက္ခိုင်‌ဒေသရှိ ၎င်းတို့၏ အာဏာစက်လက်တစ်ဆုပ်စာသာကျန်တော့သည့် မြို့ကြီးအချို့တွင် စစ်ကောင်စီဘက်မှ  အရပ်သားပြည်သူများအား ကုန်းလမ်း၊ ရေလမ်းများ ပိတ်ဆို့ဖြတ်တောက်ထားပြီး ၎င်းတို့၏ လက်ကျန်ဂိတ်စခန်းများမှ အရပ်သားပြည်သူများအား လက်နက်အားကိုးဖြင့် အနိုင်ကျင့်ဗိုလ်ကျလျက်ရှိသည်။


မိမိတို့၏ စစ်ဆင်‌ရေးနှင့် ယခင်ရက်များ၏ တိုက်ပွဲနောက်ဆက်တွဲသတင်းများအား ဆက်လက်ဖော်ပြပေးသွားပါမည်။ 


ညီနောင်မဟာမိတ် (၃) ဖွဲ့

MNDAA + TNLA + AA

#operation1027



Topics: “Operation 1027” ၁၀၂၇ စစ်ဆင်ရေး (၇၂) ရက်မြောက်နေ့တိုက်ပွဲသတင်းများ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး တအာင်းပြည်

မှတ်ချက်များ
သင်၏ ထင်မြင်ချက်