32

“Operation 1027” ၁၀၂၇ စစ်ဆင်ရေး (၇၁) ရက်မြောက်နေ့တိုက်ပွဲသတင်းများ

သတင်း / တအာင်းနိုင်ငံရေး
23 January 2024

“Operation 1027” ၁၀၂၇ စစ်ဆင်ရေး (၇၁) ရက်မြောက်နေ့တိုက်ပွဲသတင်းများ


၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၅) ရက်နေ့၊ ည (၁၁:၄၀) အချိန်တွင် ထုတ်ပြန်သည်။


မိမိတို့ စစ်ဆင်ရေးကာလ၏ (၇၁) ရက်မြောက်နေ့သည် ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း အထွတ်အထိပ်နေ့နှင့် စိတ်အလှုပ်ရှားဆုံးနေ့တစ်ရက်ဖြစ်ခဲ့သည်။ မြန်မာပြည်သူပြည်သားများအတွက် မိမိတို့ ညီနောင်မဟာမိတ် (၃) ဖွဲ့၏ အကောင်းဆုံးသော နှစ်သစ်လက်ဆောင်မွန်ကောင်းဖြစ်လိမ့်မည်ဟု အပြည့်အဝယုံကြည်ပါသည်။ ဆက်လက်၍ ယခုထက် ကောင်းမွန်လှပပြည့်စုံပြီး အနှစ်သာရအရှိဆုံးသော လက်ဆောင်မွန်ကောင်းများကို ထပ်မံပေးအပ်နိုင်ရန်အတွက်  မိမိတို့အနေဖြင့် အကောင်းဆုံးကြိုးစားနေပါကြောင်းကိုလည်း လေးစားစွာဖြင့် ထပ်မံအသိပေးအပ်ပါသည်။

 

စစ်ဆင်ရေးကာလအတွင်း မိမိတို့သည် သဘောထားကြီးစွာဖြင့် လက်နက်ချအညံ့ခံသော မြန်မာ့တပ်မတော်သားများကို ကောင်းစွာကြိုဆိုလက်ခံပြီး ၎င်းတို့၏ဆန္ဒအတိုင်း စိတ်ကျေနပ်အောင် အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးခဲ့သည်။ ထို့ကြောင့် မိမိတို့နှင့် ထိတွေ့ဆက်ဆံဖူးသော စစ်ကောင်စီတပ်ဖွဲ့ဝင်တိုင်းသည် ညီနောင်မဟာမိတ် (၃) ဖွဲ့၏စေတနာကို ကောင်းစွာ သိရှိနားလည်ပြီး "ပြောလျှင်ပြောသည့်အတိုင်း လုပ်တတ်သည့် အစုအဖွဲ့" ဖြစ်ကြောင်း သိရှိထားကြသည်။


ထို့ကြောင့် ဤစစ်ဆင်ရေးကာလအတွင်းတွင် တပ်ရင်းအလိုက် လက်နက်ချအညံ့ခံကြသောဖြစ်ရပ်များ ရှိခဲ့သကဲ့သို့ တပ်ရင်းအလိုက် ပြည်သူ့ရင်ခွင်အတွင်းသို့ ဝင်ရောက်ခိုလှုံခဲ့ကြသည့် ဖြစ်ရပ်များလည်း ရှိခဲ့သည်။ ယနေ့ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၅) ရက်နေ့တွင် ထောင်ချီသောတပ်ဖွဲ့ဝင်များပါဝင်သည့် ဒကစ (လောက်ကိုင်) တစ်ခုလုံးအပါအဝင် ၎င်းပတ်ဝန်းကျင်အတွင်း ရှိသမျှသော တပ်ရင်းစခန်းအားလုံးတို့မှ “ခွေးတစ်ကောင်၊ ကြောင်တစ်မြီး” ပါမကျန် လက်နက်ချအညံ့ခံခဲ့ကြပြီး ကိုးကန့် (လောက်ကိုင်) တစ်ခွင်လုံးသည် “စစ်ကောင်စီ ကင်းစင်သည့်နယ်မြေ’ ဖြစ်ခဲ့ပြီ ဖြစ်သည်။ ဤမြင်ကွင်းမှာ “မြန်မာ့တပ်မတော်” ဟုခေါ်သော စစ်ကောင်စီသမိုင်းတွင် စစ်အာဏာရှင်စနစ်နိဂုံးချုပ်မည့် အကြိုနေ့ရက်များပင်ဖြစ်သည်။


ယနေ့ လက်နက်ချအညံ့ခံကြသောသူများထဲတွင် ဒကစ (လောက်ကိုင်) အား စစ်ကူပေးရန်ရောက်ရှိလာကြသော မြန်မာနိုင်ငံအနှံ့ရှိ တပ်မ၊ တပ်ရင်းများအစုံထဲမှ တစ်ယောက်မကျန်ပါဝင်ခဲ့သည်။ ၎င်းတို့ပြောကြားချက်အရ မိမိတို့ထံ လက်နက်ချအညံ့ခံသူများအားလုံးထဲတွင် အရာရှိ (၂၂၈) ဦးပါဝင်ခဲ့ပြီး ဗိုလ်မှူးချုပ်အဆင့်ရှိသူ (၆) ဦးပါဝင်ကာ ရဲဘော်မှ အခြားအဆင့်ရှိသူ (၁၈၉၅) ဦး ပါဝင်ကြောင်း သိရှိရသည်။ ထို့အတူ ၎င်းတို့၏ မိသားစုဝင်အားလုံး စုစုပေါင်း (၁၆၀၁) ဦး လည်း ပါဝင်ခဲ့သည်။ မိမိတို့အနေဖြင့် ၎င်းတို့အားလုံးကို ၎င်းတို့သွားလိုသည့်နေရာနှင့် လုံခြုံသောနေရာသို့ ပို့ဆောင်ထားခဲ့ပြီလည်း ဖြစ်သည်။ 


နောက်ဆက်တွဲအနေဖြင့် ပွိုင့် (၂၀၂၂) ဟုလူသိများသော ကိုးကန့်အခေါ် “နမ်ထင်းမိန်ရှန်း”  မှ စစ်ကောင်စီတပ်ဖွဲ့ဝင် (၂၆၆) ဦးတို့သည်လည်း မိမိတို့ထံ နောက်ဆုံးအသုတ်အနေဖြင့် လက်နက်ချခဲ့သောကြောင့် လက်နက်ချအလင်းဝင်သူ စုစုပေါင်းမှာ (၂၃၈၉) ယောက်အထိရှိခဲ့ပြီး ဖက်ဆစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင်၏ နောက်ဆုံးထွက်သက် နေ့ရက်များအတွက် နှစ်သစ်အကြိုနိဒါန်းပင်ဖြစ်သည်။


ဤကဲ့သို့သော လက်နက်ချအညံ့ခံသောသူများနှင့် ပြည်သူ့ရင်ခွင်ခိုလှုံကြသောသူများကို မြန်မာပြည်သူလူထုတစ်ရပ်လုံးမှ သူရဲကောင်းများအဖြစ် သတ်မှတ်ထားပြီးဖြစ်သည်။ ဆက်လက်၍လည်း ဤကဲ့သို့ သူများနည်းတူ မြန်မာနိုင်ငံ၏ အခြားသော မည်သည့်နေရာ၌မဆို မိမိတို့ထံ လက်နက်ချအလင်းဝင်လိုသည်ဖြစ်စေ၊ ပြည်သူ့ရင်ခွင်ထဲ ဝင်ရောက်ခိုလှုံလိုသည်ဖြစ်စေ အချိန်မရွေး ဆက်သွယ်နိုင်ပါကြောင်း လေးစားစွာဖြင့် အသိပေးအပ်ပါသည်။


ယနေ့တွင်လည်း အောက်ပါနေရာများ၌ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့သကဲ့သို စစ်ကောင်စီမှ အရပ်သားပြည်သူလူထု နေထိုင်ရာရပ်ရွာများရှိရာနေရာသို့ လက်နက်ကြီး၊ လေကြောင်းမှ လာရောက်ဗုံးကြဲတိုက်ခိုက်မှုများကို ယခင်ရက်များ နည်းတူ ကျူးလွန်ခဲ့သည်။ စစ်ကောင်စီအနေဖြင့် မရိုးနိုင်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ၊ လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်ခြင်းများကိုလည်း ဆက်တိုက်ပြုလုပ်နေခဲ့သည်။


(၁) စစ်ကောင်စီ၏ “စကခ (၂၁)” လက်အောက်ခံ “ခလရ (၂၂၃) တပ်ရင်း” တပ်စွဲနေရာယူထားသည့် “ကျန်ကန် တပ်စခန်း” အား တအာင်းတပ်မတော် (TNLA) မှ (၃) ရက်ကြာ ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် ယနေ့တွင် အပြီးသတ် ချေမှုန်းသိမ်းပိုက်နိုင်ခဲ့ပြီဖြစ်သည်။ ထို့အတူ ရှမ်းမြောက်ဒေသရှိ စစ်ကောင်စီ၏ “ကွတ်ခိုင်တပ်စခန်း” အား တအာင်း တပ်မ‌‌တော် (TNLA) မှ ထိုးစစ်ဆင်တိုက်ခိုက်မှုများကို ယနေ့တွင်လည်း ဆက်လက်ပြုလုပ်လျက်ရှိသည်။ ဤတိုက်ပွဲ အတွင်း စစ်ကောင်စီဘက်မှ Y12 လေယာဉ်ဖြင့် (၁) ကြိမ် လာရောက်ပစ်ကူတိုက်ခိုက်ခဲ့သည်။

(၂) လားရှိးအခြေစိုက် “(၆၈) ဂိတ်တပ်စခန်း” မှ ဟိုလောင်ကျေးရွာ၊ ပန်ဟုံကျေးရွာနှင့် ကုန်းညောင်ကျေးရွာများသို့ လက်နက်ကြီးဖြင့် (၄၈) ကြိမ်တိုင်တိုင် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ မိုးမိတ်မြို့ရှိ စစ်ကောင်စီတပ်မှလည်း အထက် ညောင်ကုန်းကျေးရွာသို့ လက်နက်ကြီးဖြင့် (၁၂) ကြိမ်တိုင်တိုင် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ထို့အတူ ရန်သူသည် ဂျက်ဖိုက်တာ၊ Y12 လေယာဉ်များဖြင့် နမ္မတူမြို့နယ်၊ မန်ဆာကျေးရွာသို့ စုစုပေါင်း (၃) ကြိမ်တိုင် လာရောက်ပစ်ခတ် တိုက်ခိုက်ခဲ့သည်။


(၃) ရက္ခိုင်နှင့် ပလက်ဝဒေသရှိ စစ်ကောင်စီ၏ တပ်စခန်းတစ်ခုမျှမကျန် အပြီးသတ်သိမ်းပိုက်နိုင်ရေးအတွက်  ယနေ့တွင်လည်း ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတို့ကြား နှစ်ဘက်အပြန်အလှန်တိုက်ပွဲများနှင့်အတူ တိုက်ပွဲအရှိန် သည်လည်း ဆက်လက်မြင့်တက်လျက်ရှိသည်။ 


(၄) ယနေ့၊ ညနေ (၄) နာရီဝန်းကျင်မှ (၅) နာရီခွဲထိ စစ်ကောင်စီ၏ စစ်တွေအခြေစိုက်” အမှတ် (၁၂) ရဲတပ်ရင်း” မှ စစ်တွေမြို့အနီးရှိ ကျေးရွာများအပါအဝင် ပေါက်တောမြို့အတွင်းသို လက်နက်ကြီးများဖြင့် (၁၀) ကြိမ်ထက်မနည်း ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ပေါက်တောမြို့နယ်၊ တောင်းဖူးကျေးရွာမှ ဒေသခံအမျိုးသမီး (၂) ဦးတို့မှာ လက်နက်ကြီး ကျည်များ ထိမှန်၍ ဒဏ်ရာရရှိခဲ့သည်။ 


(၅) ရက္ခိုင်ပြည်၊ ဘူးသီးတောင်အခြေစိုက် စစ်ကောင်စီ၏ “စကခ (၁၅)” လက်အောက်ခံတပ်ရင်း “ခမရ (၅၆၅)” မှ အရပ်သားပြည်သူများနေထိုင်ရာ ကျေးရွာများသို့ လက်နက်ကြီးများဖြင့် ယနေ့၊ နေ့လယ် (၁) နာရီဝန်းကျင်အချိန်တွင် တမင်တကာရည်ရွယ်ချက်ရှိရှိဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။  ဤသို့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဘူးသီးတောင်မြို့နယ်၊ စံညှင်းဝေအုပ်စု၊ ကွန်တိုင် (ရက္ခိုင်) ကျေးရွာသို့ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့သည်။ ထို့ကြောင့် အသက် (၆၇) နှစ်အရွယ် ဒေသခံသက်ကြီးပိုင်း အမျိုးသမီး (၁) ဦး၏ ဘယ်ဘက်ပုခုံးတွင် လက်နက်ကြီးကျည်စဖောက်ဝင်ခဲ့၍ ပြင်းထန်သော ဒဏ်ရာရရှိခဲ့သည်။


(၆) ယမန်နေ့၊ ဇန်နဝါရီလ(၄) ရက်၊ ည (၈) နာရီ (၁၀) မိနစ်ခန့်တွင် ရက္ခိုင်ပြည်၊ ရသေ့တောင်မြို့နယ်၌ မည့်သည့်တိုက်ပွဲမျှ ဖြစ်ပွားခြင်းအလျဉ်းမရှိဘဲ စစ်ကောင်စီ၏ “ရီစိုးချောင်းဗျူဟာ” မှ ၎င်းပတ်ဝန်းကျင်ရှိ ကျေးရွာများသို့ လက်နက်ကြီး များဖြင့် တမင်တကာ လူမဆန်စွာ ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် ရသေ့တောင်မြို့နယ်၊ ခရုချောင်းကျေးရွာသို့ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့သည်။ ထို့ကြောင့် ရသေ့တောင်မြို့နယ်၊ ရီစိုးချောင်းကျေးရွာမှ အသက် (၁၈) နှစ်အရွယ် တက္ကသိုလ်ကျောင်းသူ (၁) ဦး သေဆုံးခဲ့ကာ ဒေသခံအမျိုးသား (၁) ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ 


(၇) စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှုမှတ်တမ်းများထဲမှ တစ်ခုအနေဖြင့် လွန်ခဲ့သောရက်များဖြစ်သော ဇန်နဝါရီလ (၂) ရက်နေ့၊ နံနက် (၁၀) နာရီအချိန်တွင် စစ်ကောင်စီ၏ အင်အား (၈၀) ခန့်ပါရှိသော တပ်ဖွဲ့ဝင်များသည် စစ်တွေမြို့နယ်၊ ချီလိုင်ဖင်းကျေးရွာသို အကြမ်းဖက်ဝင်ရောက်ကာ ၎င်းကျေးရွာအတွင်းရှိ လူနေအိမ်အချို့ကို တမင်တကာ ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးခဲ့သည်။ ထို့နောက် ဒေသခံများအား လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကာ စစ်ရာဇဝတ်မှုများကို ဆက်လက်ကျူးလွန်နေခဲ့သည်။ စစ်ကောင်စီ၏ ဤကဲ့သို့ကျူးလွန်မှုအတွင်း အသက် (၂၃) နှစ် အရွယ် ကျောင်းဆရာလူငယ် (၁) ဦးမှာ သေဆုံးခဲ့ရပြီး ရွာလုံးကျွတ် ထွက်ပြေးခဲ့ရသည်။   


(၈) မိမိတို့၏ စစ်ဆင်‌ရေးနှင့် ယခင်ရက်များ၏ တိုက်ပွဲနောက်ဆက်တွဲသတင်းများအား ဆက်လက်ဖော်ပြပေးသွားပါမည်။ 


ညီနောင်မဟာမိတ် (၃) ဖွဲ့

MNDAA + TNLA + AA


#operation1027


Topics: “Operation 1027” ၁၀၂၇ စစ်ဆင်ရေး (၇၁) ရက်မြောက်နေ့တိုက်ပွဲသတင်းများ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး

မှတ်ချက်များ
သင်၏ ထင်မြင်ချက်