30

“Operation 1027” ၁၀၂၇ စစ်ဆင်ရေး (၇၀) ရက်မြောက်နေ့ တိုက်ပွဲသတင်းများ

သတင်း / တအာင်းနိုင်ငံရေး
23 January 2024

“Operation 1027” ၁၀၂၇ စစ်ဆင်ရေး (၇၀) ရက်မြောက်နေ့ တိုက်ပွဲသတင်းများ 


၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့၊ ည (၁၁:၅၀) အချိန်တွင် ထုတ်ပြန်သည်။


ညီနောင်မဟာမိတ် (၃) ဖွဲ့၏ စစ်ဆင်ရေး ရက်ပေါင်း (၇၀) သို့ရောက်ရှိလာသည့်နေ့၌ မိမိတို့ နယ်မြေများအသီးသီးရှိ တိုက်ပွဲများမှာ ဆက်လက်ပြင်းထန်နေခဲ့ပြီး ၂၀၂၄ ခုနှစ်အတွင်း မိမိတို့ဘက်မှ ထိုးစစ်နှင့် ရန်သူ့ဘက်မှ ခံစစ်တို့အကြား အပြန်အလှန်တိုက်ခိုက်မှုများကြောင့် အပြင်းထန်ဆုံးရက်တစ်ရက် ဖြစ်ခဲ့သည်။


ကိုးကန့်ဒေသအတွင်း ရန်သူ၏ လောက်ကိုင် (ဒကစ) အား အပြီးသတ်သိမ်းပိုက်နိုင်ရန် ကြိုးစားနေသကဲ့သို့ ရက္ခိုင်၊ ပလက်ဝဒေသအတွင်း စစ်ကောင်စီ၏ တပ်မဌာနချုပ်၊ ဗျူဟာကုန်းများကိုလည်း အပြီးသတ်သိမ်းပိုက်ရယူနိုင်ရန် ကြိုးစားလျက်ရှိသည်။ တအာင်းဒေသအတွင်း၌လည်း တိုက်ပွဲများဆက်လက်ပြင်းထန်နေခဲ့သည်။ စစ်ကောင်စီအနေဖြင့် လေကြောင်း၊ လက်နက်ကြီးပစ်ကူများကို အများအပြားသုံးပြီး ခုခံနေသော်လည်း အဆိုပါစခန်းများအားလုံးမှာ တစ်ခုပြီး တစ်ခု လက်လွတ်ဆုံးရှုံးရန် ရာနှုန်းပြည့်သေချာသည့်အနေအထားသို့ ရောက်ရှိနေပြီဖြစ်သည်။ 


အခြားတစ်ဘက်တွင် ရှုံးမဲမဲနေသော စစ်ကောင်စီသည် ၎င်းတို့၏ အကျင့်ဝသီအတိုင်း မိမိတို့ ရပ်ရွာများနှင့် ပြည်သူများကို အဓိကပစ်မှတ်ထားကာ လေကြောင်း၊ ရေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုမျိုးကို အဓိကထား ပြုလုပ်နိုင်သောကြောင့် မိဘပြည်သူများအနေဖြင့် လေကြောင်းရန်၊ လက်နက်ကြီးရန်တို့မှ အန္တရာယ်ကင်းစေရန် စစ်ရေး သတိရှိရှိဖြင့် နေထိုင်ကြပါရန် အထူးသတိပေးအပ်ပါသည်။ 


အထူးသဖြင့် ရက္ခိုင်ဒေသ၊ စစ်တွေမြို့ပတ်ဝန်းကျင်မှ ကျေးရွာများထဲမှ ဝါဘို၊ စပါးထား၊ ညိုရောင်ချောင်း၊ ကွမ်းတောင်၊ အိုင်ဒင် အစရှိသောရွာများအပါအဝင် အခြားသောကျေးရွာများမှ ရွာသူ၊ရွာသားများအားလည်း အထူးအလေးအနက် သတိပေးအပ်ပါသည်။ ဤကဲ့သို့ အထူးသတိပေးရခြင်းမှာ စစ်ကောင်စီသည် အဆိုပါကျေးရွာများအား လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးခြင်းတို့ကို ပြုလုပ်မည်ဟု ကြိမ်ဖန်များစွာ ခြိမ်းခြောက်ထားသောကြောင့် ဖြစ်သည်။


ယနေ့တွင် အောက်ပါနေရာများ၌ တိုက်ပွဲများရှိနေခဲ့သည်။


(၁) ရက္ခိုင်ဒေသ နှင့် ပလက်ဝဒေသအတွင်းတိုက်ပွဲများသည် အရှိန်အဟုန်ဆက်လက်မြင့်တက်လျက်ရှိသည်။ မိမိတို့ တပြိုင်နက်တည်းထိုးစစ်ဆင်တိုက်ခိုက်နေသော စစ်ကောင်စီ၏ ပလက်ဝမြို့အတွင်းရှိ အဓိက နှင့် အမာခံစခန်းကြီးများ ဖြစ်ကြသည့် စကခ (၁၉) ရှေ့တန်းတပ်မဌာနချုပ်၊ တပ်မ (၁၁) ရှေ့တန်းဌာနချုပ်၊ ပလက်ဝ-ကျောက်တော်အစပ်ရှိ “မီးဝဗျူဟာ” နှင့် ကျောက်တော်မြို့အတွင်းရှိ “တောင်ရှည်တောင်ဗျူဟာကုန်း” များ တွင် တိုက်ပွဲများပြင်းထန်နေခဲ့သည်။


(၂) ရက္ခိုင်ဒေသ၏ အခြားနေရာများဖြစ်ကြသော ပေါက်တောမြို့၊ ရမ်းဗြဲမြို့၊ မင်းပြားမြို့နှင့် အမ်းမြို့ပတ်ဝန်းကျင်ရှိ တိုက်ပွဲများမှာ ကြိုကြားကြိုကြားတိုက်ပွဲများအဖြစ် ဆက်လက်ရှိနေခဲ့သည်။ ထို့ကြောင့် ရက္ခိုင်ဒေသအတွင်း တိုက်ပွဲ ဧရိယာသည် ပိုမိုကျယ်ပြန့်လာခဲ့ပြီ ဖြစ်သည်။


(၃) စစ်ကောင်စီ၏ စခန်းငယ်အချို့ကို မိမိတို့မှ ယနေ့တွင် ထပ်မံသိမ်းပိုက်ရရှိထားပြီးဖြစ်သည်။ အခြားတစ်ဘက်တွင် လည်း စစ်ကောင်စီဘက်မှ အဆိုပါ တပ်မဌာနချုပ်စခန်းများ မကျစေရေးအတွက် အသည်းအသန်ခုခံကာကွယ်လျက် ရှိသောကြောင့် တိုက်ပွဲများမှာ ယခင်ရက်များထက် ပိုမိုပြင်းထန်နေခဲ့သည်။ စစ်ကောင်စီအနေဖြင့် အဆိုပါစခန်းများ မကျဆုံးစေရေးအတွက် ခုခံစစ်အားဖြင့် လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုမှာ ယနေ့တွင် အကြိမ်အများဆုံးဖြစ်ခဲ့ပြီး စံချိန်တင်ခဲ့သည်။ ထို့အတူ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများသည်လည်း ယနေ့တွင် အကြိမ်အရေအတွက် ပိုများခဲ့သည်။


(၄) ယနေ့၊ နံနက် (၁၀) နာရီကျော်အချိန်ခန့်က ရက္ခိုင်ပြည်၊ မင်းပြားမြို့နယ်၊ င/စရိုင်းတောင်အနီး၊ မင်းရွာနှင့် ဖားပြိုရွာ ကြားရှိ ရန်ကုန်-စစ်တွေ ကားလမ်းမနံဘေးတွင် မင်းပြားအခြေစိုက်စစ်ကောင်စီလက်အောက်ခံ “ပွိုင့် (၁၁၄)” တပ်ဖွဲ့ဝင် များနှင့် ရက္ခိုင့်တပ်တော် (AA) တို့ကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။ စစ်ကောင်စီ၏ မင်းပြားအခြေစိုက်တပ်ရင်းနှင့် မင်းပြား၊ ရာမောင်တံတားအနီး၌ အခြေချတပ်စွဲထားသည့် တပ်စခန်းများမှလည်း အဆိုပါတိုက်ပွဲဖြစ်ပွားခဲ့သည့် အနီး အနား‌ကျေးရွာများသို့ လက်နက်ကြီး၊ ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

(၅)  ယနေ့၊ နံနက် (၁၀) နာရီ (၄၀) မိနစ်ခန့်အချိန်တွင် ရက္ခိုင်ပြည်၊ မောင်တောအခြေစိုက် အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ “နခခ (၅) တပ်ရင်း” နှင့် “(၆) မိုင်တပ်စခန်း” တို့မှ အရပ်သားပြည်သူများနေထိုင်ရာ ကျေးရွာများသို့ တမင်တကာ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ထိုသို့ ရမ်းကားပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် (၃) လုံးသည် ကံသာယာ (အထက်) ကျေးရွာရှိ ‌ဒေသခံ (၁) ဦး၏ နေအိမ်သို့ ကျရောက်ပေါက်ကွဲခဲ့ကာ နောက်ထပ် (၂) လုံးသည်လည်း ကျေးရွာလမ်းမနံဘေး၌ ကျရောက်ပေါက်ကွဲခဲ့သည်။ အဆိုပါဖြစ်စဉ်ကြောင့် ကျေးရွာ အတွင်းရှိ ဆယ်ကျော်သက်အရွယ် မိန်းကလေး (၃) ဦးနှင့် အသက် (၇၈) နှစ်အရွယ် ဒေသခံသက်ကြီးပိုင်းအမျိုးသား (၁) ဦးတို့မှာ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်အချို့လည်း ပျက်စီးဆုံးရှုံးခဲ့ရသည်။


(၆) ယနေ့၊ နံနက် (၅) နာရီဝန်းကျင်တွင် ရက္ခိုင်ပြည်၊ စစ်တွေမြို့၊ ရွှေပြားဆိပ်ကမ်း၌ ဟင်းသီးဟင်းရွက်ရောင်းချနေသည့် ဒေသခံလက်လုပ်လက်စားများအပါအဝင် ကုန်တင်ကုန်ချပြုလုပ်နေသည့် ဘုတ်သမားများ (၆၀) ခန့်အား စစ်ကောင်စီ တပ်ဖွဲ့ဝင်များမှ စျေးအတွင်းသို့ ဝရုန်းသုန်းကား ဝင်ရောက်လာပြီး အင်အားသုံးဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။


(၇) ယမန်နေ့၊ ညသန်းခေါင် (၁၂) နာရီဝန်းကျင်ကလည်း ရက္ခိုင်ပြည်၊ တောင်ကုတ်မြို့၊ ချောင်းကောက်ရပ်ကွက်နေ အသက် (၃၇) နှစ်အရွယ် အမျိုးသား (၁) ဦးအား အင်အား (၁၀) ကျော်ခန့်ရှိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင် များမှ ရပ်ကွက်အတွင်း၌ ကင်းလှည့်နေစဉ် ဧည့်စာရင်းကို အကြောင်းပြ၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး တောင်ကုတ် အခြေစိုက် စစ်ကောင်စီ၏ “ခမရ (၅၄၄) တပ်ရင်း” တွင် ထိန်းသိမ်းထားလျက်ရှိသည်။ 


(၈) ယမန်နေ့၊ ဇန်နဝါရီလ(၃) ရက်၊ည (၇) နာရီအချိန်ခန့်က ပလက်ဝမြို့အခြေစိုက် စစ်ကောင်စီ၏ တပ်ရင်းများမှ လက်နက်ကြီးများဖြင့် မြို့ပေါ်ရပ်ကွက်များသို့ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပလက်ဝမြို့၏ အရှေ့ဘက်ကမ်းရှိ အိန္ဒိယဆိပ်ကမ်းအနီးတွင် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခဲ့သဖြင့် ဆောက်လုပ်ရေးလုပ်သား (၁) ဦး ထိမှန် သေဆုံးခဲ့ရသည်။ ထို့အပြင် ည (၁၀) နာရီအချိန်ခန့်၌လည်း စစ်ကောင်စီ၏ တပ်ရင်းများမှ ရမ်းကားပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်သည် ရိက္ခာရပ်ကွက်အတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ ပြန်၍ အသက် (၁၅) နှစ်အရွယ် ကျောင်းသား (၁) ဦး သေဆုံးခဲ့ပြီး ၎င်း၏ မိဘနှစ်ဦးသည် ဒဏ်ရာအပြင်းအထန် ရရှိခဲ့သည်။  


(၉) ရှမ်းမြောက်ဒေသ၏ ကွတ်ခိုင်၊ မိုးမိတ်နှင့် ကျောက်မဲမြို့နယ်များတွင်လည်း တိုက်ပွဲများ ဆက်လက်ပြင်းထန်နေခဲ့ သည်။


(၁၀) ယနေ့တစ်ရက်တည်းတွင် ကျောက်မဲမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းမှ ခွန်ကော်ကျေးရွာနှင့် အထက်ညောင်ကုန်း ကျေးရွာများသို့ လက်နက်ကြီးဖြင့် (၁၅) ကြိမ်၊ လားရှိုးမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းမှ ပန်ဖတ်ကျေးရွာအနီးသို့ လက်နက်ကြီးဖြင့် (၃) ကြိမ် နှင့် မူဆယ်မြို့နယ်ရှိ စစ်ကောင်စီတပ်မှလည်း (၄၅၆၁) ကုန်းသို့ လက်နက်ကြီးဖြင့် (၂) ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ 


(၁၁) မိမိတို့ညီနောင် (၃) ဖွဲ့ထဲမှ ရက္ခိုင့်တပ်တော် (AA) ပူးပေါင်းစစ်ဆင်ရေးလှုပ်ရှားရာ စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် နှစ်ဘက်ရင်ဆိုင်တိုက်ပွဲများ ဆက်လက်ပြင်းထန်လျက်ရှိနေပြီး စစ်ရေးနှင့် မသက်ဆိုင် သည့် ကြက်သွန်ခင်းကျေးရွာအပါအဝင် ဝဲကြီးကျေးရွာများအားလည်း စစ်ကောင်စီဘက်မှ အငြိုးအတေးဖြင့် လေကြောင်း တိုက်ခိုက်မှုများ အပြင်းအထန်သုံးကာ တန်ပြန်ထိုးစစ်ဆင်ခဲ့သည်။ 


မိမိတို့၏ စစ်ဆင်ရေးနှင့် နောက်ဆက်တွဲသတင်းများအား ဆက်လက်ဖော်ပြပေးသွားပါမည်။ 


ညီနောင်မဟာမိတ် (၃) ဖွဲ့

MNDAA + TNLA + AA


#operation1027


Topics: “Operation 1027” ၁၀၂၇ စစ်ဆင်ရေး (၇၀) ရက်မြောက်နေ့ တိုက်ပွဲသတင်းများ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး

မှတ်ချက်များ
သင်၏ ထင်မြင်ချက်