29

“Operation 1027” ၁၀၂၇ စစ်ဆင်ရေး (၆၉) ရက်မြောက်နေ့ တိုက်ပွဲသတင်းများ

သတင်း / တအာင်းနိုင်ငံရေး
23 January 2024

“Operation 1027” ၁၀၂၇ စစ်ဆင်ရေး (၆၉) ရက်မြောက်နေ့ တိုက်ပွဲသတင်းများ 


၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၃) ရက်နေ့၊ ည (၁၁:၅၀) အချိန်တွင် ထုတ်ပြန်သည်။


၂၀၂၄ နှစ်ဆန်း သုံးရက်သို့ ရောက်ရှိလာသည့်တိုင် မိမိတို့ညီနောင် (၃) ဖွဲ့သည်လည်း မပြီးပြတ်သေးသောစစ်ဆင်ရေးနှင့် အပြီးသတ်သိမ်းပိုက်ရန်ကျန်ရှိနေသေးသည့် စခန်းများကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။


မိမိတို့၏ စစ်ဆင်ရေးနှင့်အတူ ဟန်ချက်ညီစစ်ဆင်ရေးများကို ချိန်ကိုက်လိုက်ပါဆင်နွှဲနေကြသည့် အခြားသော တော်လှန်ရေးမိတ်ဖက်အဖွဲ့အစည်းအချို့တို့သည်လည်း နှစ်ဆန်းတွင်ပို၍ အားစိုက်လာသည်ကိုတွေ့ရှိရသည်။ ထို့အတူ နေရာတိုင်းတွင် စစ်ကောင်စီအား အပြတ်အသတ်အလဲထိုးပြီး အောင်ပွဲများကို တစ်ခုပြီးတစ်ခု ရယူနိုင်သည်များကို ဆက်တိုက်တွေ့လာရသည်။ 


ဤသည်မှာ ဟန်ချက်ညီပူးပေါင်းစစ်ဆင်ရေး၏ အနှစ်သာရပင် ဖြစ်သည်။ ၁၀၂၇ စစ်ဆင်ရေးမှ ပေးလိုက်သည့် စိတ်ဓာတ် ခွန်အားမြှင့်မာတီဗီတာမင်မှာ “စစ်ကောင်စီအား ယခုအချိန်၌ မည်သည့်နေရာတွင်တိုက်တိုက် အနိုင်ရရန် အခြေအနေ ကောင်းသည်” ဟူသော Motivation ဖြစ်သည်။


တစ်ရက်ပြီးတစ်ရက် အခြေအနေဆိုးဝါးလာနေသော စစ်ကောင်စီအား ကြမ္မာငင်ခွင့်သာပေးပြီး မိမိတို့အပေါ် တန်ပြန် တိုက်စစ်အတွက် မည်သည့်အခွင့်အရေးမျှပေး၍မရဆိုသည်ကို နှစ်ပေါင်းများစွာအတွင်း ရရှိထားပြီးဖြစ်သော အတွေ့အကြုံ၊ သင်ခန်းစာများအရ ကောင်းစွာသိနားလည်ထားခြင်းသည်ပင်လျှင် လက်ရှိရရှိထားသော အောင်မြင်မှုများ ထက် ပို၍အရေးကြီးသည်။


ညီနောင် (၃) ဖွဲ့၏ စစ်ရေးရည်မှန်းချက်များ အလုံးစုံပြည့်ဝသည်ထိ ဆက်လက်ဆင်နွှဲနေလျက်ရှိသည့် ၁၀၂၇ စစ်ဆင်ရေးကြီး၏ (၆၉) ရက်မြောက်နေ့တွင်လည်း စစ်ကောင်စီနှင့် မိမိတို့ကြား နှစ်ဘက်ရင်ဆိုင်တိုက်ပွဲများ ဆက်လက် ရှိနေခဲ့သည်။ 


(၁)  မြောက်ပိုင်းမဟာမိတ် (၄) ဖွဲ့အဖြစ် ၂၀၁၆ ခုနှစ်ကာလမှစတင်ပြီး ပူးပေါင်းစစ်ဆင်ရေးကို ဆင်နွှဲခဲ့ဖူးကြသည့် ညီနောင် (၃) ဖွဲ့၏ မဟာမိတ်ဖြစ်သည့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ၏ စစ်ရေးလှုပ်ရှားရာ ဌာနချုပ်နယ်မြေ အတွင်းရှိ စစ်ကောင်စီ၏ “နာဖော့တပ်စခန်း” အား ရိက္ခာနှင့် လက်နက်ခဲယမ်းဖြည့်တင်းလာသည့် ရန်သူ့ Mi-17 ရဟတ်ယာဉ်တစ်စီးနှင့် တပ်ဖွဲ့ဝင် (၆) ဦးအား ယနေ့တွင်ရှင်းလင်းနိုင်ခဲ့ကာ ဗိုလ်မှူး (၁) ဦးအား လက်ရဖမ်းဆီးနိုင်ခဲ့ သည်။ ဤကဲ့သို့ ရန်သူ့ထောက်ပို့ယာဉ် Mi-17 တစ်စီးအား နှစ်သစ်အစပိုင်းကာလ၌ ပစ်ခတ်နိုင်ခဲ့သည်မှာ အယူသီးသော စစ်ကောင်စီ မိစ္ဆာအပေါင်းတို့၏ ကြမ္မာငင်နေ့ရက်အစပင် ဖြစ်သည်။


(၂) ရှမ်းမြောက်ဒေသတွင်းရှိ စစ်ရေးအရအရေးပါသည့် ကွတ်ခိုင်မြို့နယ်နှင့် မိုးမိတ်မြို့နယ်များရှိ စစ်ကောင်စီတပ်ဖွဲ့ဝင် များနှင့် တအာင်းတပ်မတော် (TNAL) တို့ကြား နှစ်ဘက်ရင်ဆိုင်တိုက်ပွဲအချို့သည် ယနေ့တွင်လည်း ဆက်လက်ဖြစ်ပွားခဲ့ သည်။ 


(၃) ထို့အတူ နောင်ချိုမြို့နယ်၊ သံဘိုကျေးရွာတွင် တအာင်းတပ်မတော် (TNLA) ဦးဆောင်၍ MDY PDF တို့ကြား ထိတွေ့ တိုက်ပွဲများ ဆက်လက်ရှိနေခဲ့ပြီး  တိုက်ပွဲအတွင်း ရန်သူဘက်မှ လက်နက်ခဲယမ်းများ အများအပြားနှင့် စစ်အသုံး အဆောင်ပစ္စည်းအချို့ကို သိမ်းဆည်းရရှိခဲ့သည်။


(၄) ယနေ့တစ်ရက်တည်းတွင် ယခင်ရက်များနည်းတူ စစ်ကောင်စီအခြစိုက်တပ်စခန်းများဖြစ်သည့် လားရှိုးမြို့နယ်ရှိ တပ်စခန်းမှ ဟိုလောင်ကျေးရွာ၊ နမ့်ပြန်ကျေးရွာနှင့် လုံမွန်ကျေးရွာအနီးတစ်ဝိုက်သို့ လက်နက်ကြီးဖြင့် (၂၁) ကြိမ် ပစ်ခတ် တိုက်ခိုက်ခဲ့သည်။ ထို့အပြင် စစ်ကောင်စီ၏ ဂျက်ဖိုက်တာသည် ကွတ်ခိုင်မြို့တွင်း၊ တုံဆင်လေးကျေးရွာနှင့် ဟွေခုတ် ကျေးရွာတို့အား (၆) ကြိမ်တိုင်တိုင် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အပြင် နမ္မတူမြို့တွင်း တံတားအနီးသို့လည်း (၂) ကြိမ်တိုင်တိုင် ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့ပြန်သည်။


(၅) ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၃) ရက်နေ့၊ နေ့လယ် (၂) နာရီဝန်းကျင်၌ ရက္ခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ အလယ်ကျွန်း ကျေးရွာသို့ အကြမ်းဖက်စစ်ကောင်စီ၏ ဂျက်ဖိုက်တာ (၁) စီးသည် အရပ်သားပြည်သူများအား ဦးတည်ပစ်မှတ်ထား၍ တမင်တကာ ရည်ရွယ်ချက်ရှိရှိဖြင့် (၂) ကြိမ်တိုင်တိုင် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် အသက် (၃၂) နှစ်အရွယ် ဒေသခံအမျိုးသမီး (၁) ဦး သေဆုံးခဲ့ရသည်။ ထို့အပြင် အသက် (၃) လနှင့် (၁၈) နှစ်ကြား ကလေးငယ် (၆) ဦး အပါအဝင် ‌‌ဒေသခံအမျိုးသမီး/ သား စုစုပေါင်း (၁၂) ဦးတို့မှာလည်း ဒဏ်ရာအပြင်းအထန်ရရှိခဲ့သည်။ 


(၆) စစ်ကောင်စီလက်အောက်ခံ (၅၃၇) တပ်ရင်းအခြေချတပ်စွဲထားရာ စခန်းရှေ့နှင့် အနီးဝန်းကျင်ဖြစ်သည့် ရက္ခိုင်ပြည်၊ ရသေ့တောင်၊ မယူမြစ်ကမ်းနံဘေးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ လူသွားလူလာနေရာများ၌ မိုင်းထောင်ထားသည့် အတွက် စားဝတ်နေရေးအကျပ်အတည်းကြောင့် ဂဏန်းသွားနှိုက်သည့် ဒေသခံအမျိုးသား (၁) ဦးသည် မြေမြှပ်မိုင်းအား နင်းမိကာ ညာဘက်ဒူးတစ်ချောင်းလုံး ပြတ်ထွက်သွားသည်ထိ ဒဏ်ရာအပြင်းအထန်ရရှိခဲ့သည်။ 


(၇) ရက္ခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်၊ ကျောက်တလုံးကျေးရွာနှင့် အနီးတစ်ဝိုက်သို့ စစ်ကောင်စီမှ ဂျက်ဖိုက်တာဖြင့် ယနေ့တွင်လည်း လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

(၈) ရက္ခိုင့်တပ်တော် (AA) အနေဖြင့် ပလက်ဝဒေသအတွင်း ကျန်ရှိနေသေးသော စစ်ကောင်စီ၏ ဗျူဟာကုန်းများကို ၂၀၂၄ ဇန်နဝါရီလ တစ်ရက်နေ့မှ စတင်ပြီး “ပလက်ဝ (၂၈၉) ဗျူဟာကုန်း” နှင့် “မီးဝဗျူဟာကုန်း” များကို ထိုးစစ်ဆင်တိုက်ခိုက် လျက်ရှိသည်။ ပလက်ဝဒေသအတွင်း၌ သာမက ရက္ခိုင်ဒေသအတွင်းတွင်ရှိကြသည့် စစ်ကောင်စီ၏ စခန်းတစ်ခုမျှမကျန် အပြတ်ချေမှုန်းတိုက်ခိုက်သွားမည်ဖြစ်သည်။ 


ပလက်ဝ ပတ်ဝန်းကျင်၌ စစ်ကောင်စီ၏ ဖော်ပြပါစခန်းများဖြစ်ကြသော

(က) ခလရ- ၂၃၃

(ခ) ခမရ- ၃၇၄

(ဂ) ခမရ- ၃၇၆

(ဃ) ခမရ- ၃၀၈

(င) ခမရ- ၂၁၁

(စ) ခမရ- ၂၁၇ 

(ဆ) ခလရ- ၂၈၉

(ဇ) ခမရ- ၂၂၀ တို့ကိုလည်း နှစ်ဆန်းရက်၊ ဇန်နဝါရီလ (၁) ရက်နေ့မှ ချဉ်းကပ်ပြီး ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။


(၉) ပလက်ဝ အတွင်းရှိ “ချင်းလက်ဝစခန်းကုန်း” အား ယနေ့ ဇန်နဝါရီလ (၃) ရက်တွင် ရက္ခိုင့်တပ်တော် (AA) မှ အပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့ပြီး အဆိုပါ စခန်းကုန်းအား သုံးရက်ခန့်သာ တိုက်ခိုက်ခဲ့ရခြင်းဖြစ်သည်။ စခန်းကုန်းသိမ်း တိုက်ပွဲအတွင်း လက်နက်ခဲယမ်းနှင့် စစ်အသုံးအဆောင်ပစ္စည်းအမြောက်အမြားကို သိမ်းဆည်းရမိခဲ့သည်။


(၁၀) ကျောက်တော်မြို့နယ်၊ တင်းမကျေးရွာအနီးတွင် စစ်ကောင်စီဘက်မှ နှစ်ရှည်လများ အခိုင်အမာစခန်းချတပ်စွဲထား ၍ ပြည်သူလူထုအား လက်နက်အားကိုးဖြင့် ကာလရှည်ကြာ အနိုင်ကျင့်ဗိုလ်ကျနေသည့် ရန်သူ့ “တောင်ရှည်တောင် ဗျူဟာကုန်း” အား အပြီးသတ်ချေမှုန်းသိမ်းပိုက်နိုင်ရန် ဆက်လက်ထိုးစစ်ဆင်လျက်ရှိသည်။


(၁၁) ရက္ခိုင့်တပ်တော် (AA) သည် မိမိတို့ စစ်ဆင်ရေးလှုပ်ရှားရာနယ်မြေများ အပါအဝင် ပူးတွဲစစ်ဆင်ရေးများ ဆင်နွှဲလျက်ရှိသည့် နယ်မြေများတွင်လည်း စစ်ကောင်စီနှင့် ထိတွေ့တိုက်ပွဲများ ဆက်လက်ရှိနေခဲ့သည်။ 


မိမိတို့၏ စစ်ဆင်ရေးနှင့် နောက်ဆက်တွဲသတင်းများအား ဆက်လက်ဖော်ပြပေးသွားပါမည်။ 


ညီနောင်မဟာမိတ် (၃) ဖွဲ့

MNDAA + TNLA + AA


#operation1027


Topics: “Operation 1027” ၁၀၂၇ စစ်ဆင်ရေး (၆၉) ရက်မြောက်နေ့ တိုက်ပွဲသတင်းများ
Tags: တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တအာင်းနိုင်ငံရေး

မှတ်ချက်များ
သင်၏ ထင်မြင်ချက်